အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ သဘောထား မှတ်ချက်ကြောင့် ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာစန်းလွင် အရှက်ရခဲ့သည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အကြောင်းကြားလာကြောင်း သိရသည်။
အမျိုးသား လွှတ်တော်တွင် အောက်တိုဘာလ ၁၀ ရက်နေ့က ပညာရေးဆိုင်ရာ မေးခွန်းများ လာရောက် ဖြေကြားသော ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်ကို အလွတ်ကျက်ထားသည့် ပုံစံဖြင့် မေးခွန်းများ လာရောက် မဖြေရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေးခဲ့မှုကြောင့် ဒုဝန်ကြီး အရှက်ကွဲခဲ့ရသည့် အတွက် အစိုးရအဖွဲ့ရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံ မသင့်လျှော်သော အပြုအမူ ဖြစ်သည်ဟု စာပေးပို့ထားကြောင်း ယမန်နေ့က ပြုလုပ်သော အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်များကို အသိပေး ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၁၀ ရက်နေ့က အမျိုးသား လွှတ်တော်တွင် မြန်မာ့ပညာရေး လောက၏ ချွတ်ချော် တိမ်းစောင်းနေမှုများကို ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ ဦးနုက မေးခွန်းထုတ်ခဲ့ရာ ဒေါက်တာစန်းလွင်၏ ပြန်လည်ဖြေကြားမှုကို “ဒု-ဝန်ကြီးက အလွတ်ကျက်လာတဲ့ စာကို လာရွတ်ပြသလို ဖြစ်နေတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က သဘောထားမှတ်ချက်ပေး ဝေဖန်ခဲ့သည်။
ကျောင်းသားမိဘများသည် ကျူရှင်များနောက် တကောက်ကောက်လိုက်ရင်း စားစရာ မရှိသော်လည်း ကျူရှင်ခ ပေးနေကြရ သည့်အတွက် အတိဒုက္ခ ရောက်နေရသောကြောင့် ၎င်းတို့၏ ဘဝကို ကုစားပေးရန် လူထု၏ ခံစားချက်ကို လွှတ်တော်တွင် တင်ပြခဲ့ရာမှ တဆင့် အထက်ပါပြဿနာ ဖြစ်ပွားခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ ဦးနုက ဧရာဝတီသို့ ပြောသည်။
“ဒု-ဝန်ကြီး လာဖြေတာက မေးတာနဲ့ မကိုက် ဖြစ်နေတဲ့အတွက် လွှတ်တော် ဥက္ကဋ္ဌကြီးကိုယ်တိုင်က ဖြည့်စွက်ပြီးတော့ ဝင်ပြောပေးတာပါ။ အခုလို ဖြစ်သွားတဲ့ အတွက်လည်း စိတ်မကောင်းဘူး။ ပညာရေး တိုးတက်ဖို့အတွက် ဥက္ကဋ္ဌကြီးကလည်း တကယ့်စေတနာနဲ့ ပြောတာပါ။ အဲဒီတုန်းက ကျနော့်ကိစ္စ တခုတည်းတင် မဟုတ်ဘူး၊ အစိုးရအဖွဲ့က လာဖြေတဲ့ သူတွေက အစီအစဉ်မရှိဘူး၊ မလုပ်ဘူးဆိုတဲ့ ဘူးတွေ ခံနေကြတာကို သူကပြန်သုံးသပ်ပြတာ” ဟု ပညာရေး ဝန်ကြီးဌာနတွင် နှစ်ရှည်တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဦးနုက ပြောဆိုသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပညာရေး ဒုဝန်ကြီးကို ကျောင်းသားများ အလွတ်ကျက်၍ လာဖြေသည့် ပုံစံဖြစ်နေကြောင်း ပြစ်တင် ပြောကြားသည်ဟု ဂျာနယ်များနှင့် အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့သွားခဲ့သည့် အတွက် အရှက်ရခဲ့ကြောင်း၊ ပညာရေး ဒုဝန်ကြီးမှာ သက်ဆိုင်ရာ ဘာသာရပ်တွင် Ph.D အဆင့်အထိ အောင်မြင် ပေါက်ရောက်ခဲ့သူ ဖြစ်ကြောင်း၊ ဒုဝန်ကြီး ရာထူးတာဝန် ထမ်းဆောင်သည်မှာ မကြာသေးသည့် အတွက် ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားရာတွင် အဆင် မပြေမှုများ ရှိနိုင်ကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအနေဖြင့် ဒုတိယဝန်ကြီး၏ ဖြေကြားချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိပါက သီးခြားတွေ့ဆုံပြီး လိုအပ်ချက်များကို သင်ကြားပေးနိုင်သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစုရှေ့တွင် ယခုကဲ့သို့ ပြောဆိုခြင်းမှာ မသင့်လျော်သော ကိစ္စဖြစ်ပါကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သိရှိစေရန် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်းက ပေးပို့ခဲ့သည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယမန်နေ့က ကျင်းပသည့် လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပညာရေးဝန်ကြီးဌာနနှင့် ပတ်သက်၍ ပြောကြားချက်အပေါ် နိုင်ငံတော် သမ္မတက တိုက်ရိုက် စာရေးသားပေးပို့၍ ရသော်လည်း အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ ပြည်ထောင်စု လွှတ်တော် နာယက သိရှိစေရန်ဟု ဆိုကာ စာရေးသား ပေးပို့ခြင်းသည် စနစ်များ လွဲမှားနေသည်ဟု ဦးခင်အောင်မြင့်က နိုဝင်ဘာလ ၆ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဆိုသည်။
ဦးခင်အောင်မြင့်၏ သုံးသပ်မှုအပေါ် အမျိုးသား လွှတ်တော်အမတ် ဦးနုက “ခေတ်ကာလ အပြောင်းအလဲ တွေနဲ့ လိုက်လျော ညီထွေအောင် လုပ်ဖို့ ပြောတယ်။ ခေတ်ပြောင်းနေတာကို သိဖို့လိုပြီဆိုတာ ပြောသွားတာ။ အရမ်း ပညာပါတယ်” ဟု ပြောသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှာ ၁၉၇၀ ပြည့်နှစ်တွင် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၄၀ သို့ တက်ရောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ Diploma in Defence and Security ဘွဲ့ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်မှ စတင်ကာ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး တာဝန်ကို အစိုးရသစ် လက်ထက်မတိုင်မီ အထိတာဝန် ထမ်းဆောင်ခဲ့ပြီး အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် တွဲဘက် အတွင်းရေးမှူး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် မြန်မာ့သမိုင်း အဖွဲ့ဥက္ကဋ္ဌ စသော တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။