ပြီးဆုံးခဲ့သော မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များအား အစိုးရ၏ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို ပေးအပ်ခဲ့သည်။ ယင်းသဘောတူစာချုပ်မူကြမ်းကို ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့ကြောင်း သိရသည်။ စာချုပ်မူကြမ်းတွင် ပါဝင်သော နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေလုံခြုံရေး၊ အပစ်ရပ် နယ်မြေအတွင်း အထွေထွေအုပ်ချုပ်ရေးတွင် တိုင်းရင်းသားများ ပါဝင်စေခြင်း၊ လက်နက်ခဲယမ်းနှင့် တပ်အင်အားကို အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ တင်ပြခြင်း၊ လက်နက်ကိုင်ဆောင်ခွင့် တို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးတို့အပေါ် ကာကွယ်ရေးဦးစီးချုပ်ရဲ့အထူးအာဏာကုန်လွှဲအပ်ခံရသူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ဧရာဝတီသတင်းထောက် မေခနှင့် အကြိတ်အနယ် မေးဖြေဆွေးနွေးထားသည်။ ယခု အမေးအဖြေသည် ဧရာဝတီနှင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးတို့၏ ဒုတိယအကြိမ် တွေ့ဆုံမေးမြန်းမှုဖြစ်ပြီး မြစ်ကြီးနားမြို့မလိခရိပ်သာ၌ ပြုလုပ်ခဲ့သည်။
မေး။ ။ သဘောတူညီချက် မူကြမ်းမှာပါတဲ့ နိုင်ငံတော်တာဝန်များ ခေါင်းစဉ်မှာ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေလုံခြုံရေး လိုအပ်ချက်အရ ဆိုတာကို တပ်မတော်ဘက်က သုံးတာတွေ များတယ်။ ဒီစကားရပ် ခဏခဏ သုံးတတ်တော့ ဘယ်လိုပုံစံမျိုး ဘယ်လိုအခြေအနေမျိုးကို ခေါ်ဆို သတ်မှတ်ပါသလဲ။
ဖြေ။ ။ အဲဒါက ရှင်းရှင်းလေးပါ။ နိုင်ငံတော်ကာကွယ်ရေးဆိုတာက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်ပရန်ကို ကာကွယ်တာကို နိုင်ငံတော် ကာကွယ်ရေး တာဝန်လို့ ပြောတာပါ။ နိုင်ငံတော်အတွင်းမှာ ဆောင်ရွက်နေတဲ့ လုံခြုံရေးဟာ နိုင်ငံတော် လုံခြုံရေးပါ။ ဒါကို ဆိုလိုတယ်။ ခု တပ်မတော်ဟာ တနိုင်ငံလုံး အတိုင်းအတာကို ကာကွယ် တာဝန်ယူရတာပါ။ တပ်မတော်ဟာ ရှမ်းပြည်မှာ မပါဘူးလို့ ပြောလို့မရဘူး။ ကချင်မှာမပါဘူး ပြောလို့မရဘူး။ ဒီတော့ တပ်မတော်သည် နိုင်ငံတော်ကို ကိုယ်စားပြုတာပါ။ ဒီတော့ ဒီနိုင်ငံမှာနေတဲ့ ပြည်သူ၊ နောက် ဒီနိုင်ငံသတ်မှတ်ချက်တွေအရ သတ်မှတ်ထားတဲ့နိုင်ငံကို တပ်မတော်က ကာကွယ်တယ်။ ဒီတော့ ကာကွယ်ရတဲ့ တပ်မတော်မှာ သူ နိုင်ငံသတ်မှတ်ချက်၊ အခြေအနေအရ သူ လုပ်ဆောင်ရတဲ့အချက်ကို သူ လုပ်ရတာပါ။ ဒါက ဒီနိုင်ငံမှာမှ မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ သုံးပါတယ်။
မေး။ ။ ဘယ်လိုအခြေအနေမျိုးမှာ အခြေအနေအရ လှုပ်ရှားမယ်လို့ သတ်မှတ်ထားပါသလဲ။ တချိန်က ဒီစကားတွေကြောင့် ဒုက္ခတွေ တော်တော်ရောက်ဖူးထားပြီ ဆိုတော့ ပြည်သူတွေက ဒီအချက်ကို ကွဲကွဲပြားပြား သိချင်နေတယ်။
ဖြေ။ ။ ဒါက ခုနကပြောသလိုပဲ။ နိုင်ငံကို တဖက်နိုင်ငံတွေရဲ့ရန်ကနေ ကာကွယ်ဖို့ လုပ်ဆောင်တာတွေမှာ သုံးပါတယ်။ နောက် နိုင်ငံတော်ကို ထိပါးနှောက်ယှက်သော အချုပ်အခြာအာဏာကို ပျက်ဆီးစေနိုင်သော အချက်တွေအတွက် ကြုံလာရင် သုံးကြပါတယ်။ ဒီအတွက် မလိုအပ်ရင် မသုံးပါဘူး။ တပ်မတော်က နိုင်ငံတော် ကာကွယ်ဖို့ အတွက်ပါ။ ဖျက်ဆီးဖို့အတွက် သုံးနေတာ မဟုတ်ပါဘူး။
မေး။ ။ အပစ်ရပ်နယ်မြေအတွင်း နယ်ဘက်အုပ်ချုပ်ရေး ကိစ္စရပ်များမှာ ဥပဒေနှင့်အညီ ပါဝင်ပူးပေါင်းရန် ဆိုတဲ့အချက်က တိုင်းရင်းသားတွေကို အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ခွင့်ပြုတာလား။
ဖြေ။ ။ နယ်ဘက်အုပ်ချုပ်ရေးကိစ္စတွေက အထွေထွေ အုပ်ချုပ်ရေးဌာန လုပ်ငန်းတွေပေါ့။ ဥပမာဆို လဝကဆိုင်ရာ လုပ်ငန်းတွေ၊ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းတွေကို ဆိုလိုတာပေါ့။ ဒီမှာ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးဖို့အတွက် ပေးထားတာပါ။ ဝင်ရောက်စွက်ဖက်တာတွေ မရှိအောင်ပေါ့။ ဥပမာဆိုရင် ဥပဒေနဲ့အညီ ချမှတ်ထားတဲ့ အခွန်အကောက်တွေမှာ သူကတော့ပေး၊ ငါတို့ကတော့ မပေးရဘူးဆိုတဲ့ဟာတွေ မရှိအောင် ဒီအချက်ကို ထည့်သွင်းထားတာပါ။
မေး။ ။ လက်မှတ်ရေးထိုးစဉ်ကာလရှိ လက်နက်ခဲယမ်းနှင့် တပ်အင်အားကို အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ တင်ပြရမယ် ဆိုတဲ့အချက်က တိုင်းရင်းသားတွေ လက်ခံနိုင်မလား။ ဒါက ငြိမ်းချမ်းရေးအတွက် ဝေးစေမယ်ဆိုတဲ့ အချက်လို့ ပြောနေတဲ့အပေါ် ဘယ်လိုများ သဘောထားပါသလဲ။
ဖြေ။ ။ ဒါက ကိုယ်တို့ တနိုင်ငံတည်း ကျင့်သုံးတာ မဟုတ်ဘူး။ ကမ္ဘာမှာ ကျင့်သုံးနေတာတွေပဲ။ ဒီပေါ်မှာ ထွင်လုပ်တာတွေ မရှိဘူး။ သီရိလင်္ကာပဲ ကြည့်ကြည့်၊ နီပေါပဲ ကြည့်ကြည့် ဒီလိုပဲ လုပ်ခဲ့တာပဲ။ အဲဒီမှာ လုပ်ခဲ့တဲ့လမ်းစဉ်တွေအတိုင်း လုပ်ခဲ့တာပါပဲ။ အရင်က လက်နက်နဲ့ငြိမ်းချမ်းရေး လဲတာမှာ ဒီလိုတွေ မလုပ်ခဲ့လို့၊ တိတိကျကျ မရှိခဲ့လို့ အနေအထားတွေက ပြန်ပြန် တပတ်လည်နေတာပေါ့။ ဒီလို မဖြစ်ဖို့အတွက်ဆိုရင် တိတိကျကျ သွားမယ်။ နောက်ပိုင်း တိတိကျကျဖြစ်လာအောင် လုပ်လာတာပေါ့။
မေး။ ။ တိုင်းရင်းသားတွေမှာ ကိုယ်စီတပ်မတော်ဆိုတာရှိတော့ သူတို့ လက်နက် ဆက်ကိုင်ချင်တယ်ဆို တပ်မတော်အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ပေးမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ တပ်မတော်မှာ တပ်မတော်စည်းမျဉ်း စည်းကမ်းဆိုတာ ရှိပါတယ်။ တပ်ထဲကိုဝင်ချင်ရင် တပ်သားစုဆောင်းရေးက စပြီးတော့ တပ်သားသစ်၊ တပ်ထဲကို ရောက်လာတဲ့ ရဲဘော်စသည်ဖြင့် စစ်မှုစည်းကမ်းတွေရှိတယ်။ အဲဒီစည်းမျဉ်းတိုင်း သွားရမယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ဝင်မယ်ဆိုလည်း စစ်မှုစည်းကမ်းအတိုင်း သူတို့တွေ လိုက်နာသွားရမှာပါ။ အဲဒီအတိုင်း ခွင့်ပြုမှာပါ။ အဲဒီအတိုင်း လုပ်နိုင်မယ်ဆို ရမယ်။ အဲဒါကို ကျော်လွန်ပြီးတော့ကိုတော့ လုပ်လို့လည်းမရဘူး။ သူတို့ ရပ်တည်ခွင့်နဲ့ပတ်သက်ပြီးတော့လည်း ရေးဆွဲထားတဲ့ သဘောတူညီချက်မှာ ပါဝင်ပြီးသားပါ။
မေး။ ။ သူတို့ တောင်းဆိုတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာကိုရော။
ဖြေ။ ။ သူတို့တွေအနေနဲ့ စပြီး ဒီကပေးထားတဲ့ သဘောတူညီချက်မှာပါတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တာဝန်များဆိုတာကို သူတို့အနေနဲ့ ဆွေးနွေးရမှာပါ။ တပ်နေရာချတာတွေကို သတ်မှတ်ပေးမယ်။ သူတို့ကို လုပ်ဆောင်ခွင့်ပေးထားတဲ့အတိုင်း လုပ်ခွင့်ပေးမှာပါ။ ကန့်သတ်တာတွေ၊ ချုပ်ချယ်တာတွေ မလုပ်တဲ့စည်းမျဉ်းတွေ ပေးထားတယ်။ သူတို့ ဆွေးနွေးနိုင်တယ်။ တပ်မတော်ထဲကို ဒီအတိုင်း ပါဝင်ချင်လို့ ပါဝင်လို့ မရနိုင်ဘူး။ တပ်မတော်အစိတ်အပိုင်းတခုလို ကချင်ကလည်း ကချင်တပ်၊ ကရင်ကလည်း ကရင်တပ်ဆိုသလို ရှိနေလို့တော့ မရဘူး။ ကမ္ဘာမှာလည်း မရှိဘူး။ အဲဒီအတိုင်း တောင်းဆိုနေလို့ကတော့ မရဘူး။ ဘယ်သူက သဘောတူမလဲ။ ကမ္ဘာမှာလည်း စည်းမျဉ်းစည်းကမ်းတွေ ရှိတာပဲလေ။ မဖြစ်နိုင်တာကို တောင်းဆိုနေရင်တော့ ငြိမ်းချမ်းရေးက မဖြစ်ဖို့ဘဲ ရှိတာပေါ့။
ဒါပေမယ့် သဘောတူညီချက်မှာ သတ်မှတ်နေရာမှာ လက်နက်ကိုင်ခွင့် ဆက်လက် ခွင့်ပြုပေးထားတယ်။ ဆိုလိုတာက နောက်ပိုင်း ဒီထဲမှာ နိုင်ငံရေးပါတီတွေ ထောင်လာမယ်။ တဆင့်ပြီးတဆင့် ဖြစ်လာအောင် လုပ်ပေးတဲ့သဘော လုပ်ဆောင်ပေးမှာပါ။ သူတို့နေရာတွေ ဥပမာ လိုင်ဇာပေါ့၊ KI Oကို ခင်ဗျားတို့ လိုင်ဇာမှာ မနေနဲ့၊ လက်နက်အပ်ပါ ဆိုတာမျိုး လုပ်မသွားဘူး။ ရှိနေမှာဘဲ။ သူတို့ဆီမှာ သူတို့သတ်မှတ်တဲ့ လက်နက်ခဲယမ်းတွေ ဘယ်လောက်ရှိလဲ စာရင်းနဲ့ တင်ပြခိုင်းတာကလည်း သိမ်းဖို့လည်း မဟုတ်ဘူး။ ဖြုတ်လည်း မဖြုတ်သိမ်းခိုင်းဘူး။ နောက် သူတို့အုပ်ချုပ်မှုပိုင်းကအစ သူတို့လိုအပ်တာကို လုပ်ပေးရမယ်။ ဒီလိုအချက်တွေ ပါတယ်။ လုပ်ပေးမှာပဲ။ ဒါတွေက အလိုက်လျောနိုင်ဆုံး လုပ်ပေးထားတာတွေပါ။
မေး။ ။ ဗိုလ်ချုပ်ပြောတဲ့အတိုင်းဆို တပ်မတော်သည် တခုပဲ ရှိမယ်။ တိုင်းရင်းသားတွေမှာလည်း ကိုယ်စီတပ်မတော် ထားရှိစေမယ်ဆိုတဲ့ သဘောလား။
ဖြေ။ ။ ဒါက လက်ရှိ သူတို့ သတ်မှတ်တဲ့နေရာတွေ ရှိတယ်။ ဒါတွေကိုတော့ ရှိနေဦးမယ်။ တဖြေးဖြေးချင်း သူတို့ကို နိုင်ငံရေးလမ်းစဉ်ထဲ ရောက်ပြီး လက်နက်တွေစွန့်တဲ့အထိ အစိုးရက လုပ်ဆောင်ပေးမှာပဲ။ တဖြေးဖြေးနဲ့ စွန့်လွှတ်သွားအောင် လုပ်မှာပဲ။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ထားတဲ့အဖွဲ့တွေ ရှိတယ်။ သူတို့ကို လက်နက်ဖြုတ်ပါလို့ မပြောဘူး။ ဒီလိုဆို စစ်တွေ ပြန်ဖြစ်လာမှာပေါ့။ ဒါ့ကြောင့် တဖြေးဖြေး ယုံကြည်လာရင် သူတို့လည်း လက်နက်စွန့်လာမှာပေါ့။
မေး။ ။ဒါဆို တိုင်းရင်းသားတွေဘက်က နိုင်ငံတော်ကာကွယ်ဖို့ ပြည်ထောင်စု တပ်မတော်လိုလားတယ်ဆိုရင် ဒီပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လိုအဖြေပေးမလဲ။
ဖြေ။ ။ ဒါကိုပြောရရင် တပ်မတော်က ဒီနေ့ကောက်ဖွဲ့ ပြန်ပြင် လုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ အဲလို လုပ်လို့လည်း မရဘူး။ ကိုယ်တို့လည်း သတ်မှတ် တပ်မတော်စည်းမျဉ်းအတိုင်း လုပ်ဆောင်ပြီး ဝင်ခဲ့ရတာပဲ။ အဲဒါကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ခင်ဗျားတော့ တပ်ထဲဝင် ဒါဆို ကျုပ် ဗိုလ်မှုးကြီးတန်းပေးမယ် သူကပြောလည်း လုပ်လို့မရဘူး။ စည်းမျဉ်းတွေရှိတယ်။ ပြည်ထောင်စု တပ်မတော်ဆိုပြီး ကရင်ကလည်း ကရင်တပ်မတော်၊ ကချင်ကလည်း ကချင်တပ်မတော်ဆိုပြီး လုပ်လို့မရဘူး။
မေး။ ။ ဒါဆို လာမယ့် ဘားအံမှာ လုပ်မယ့် အစည်းအဝေးမှာများ တိုင်းရင်းသားတွေ ဒါကို တောင်းဆိုလာမယ်ဆို ဗိုလ်ချုပ်တို့ တပ်မတော်ပိုင်းက ဘယ်လိုတုံ့ပြန်မှာလဲ။
ဖြေ။ ။ ဒီနေ့တွေ့တဲ့ချိန်မှာလည်း သူတို့ဘက်က ဒါကိုပြောတာ မရှိပါဘူး။ မီဒီယာကပဲ ပြောနေတာတွေ ရှိတယ်။ ပြောလာလည်း ဒီသဘောထား မှတ်ချက်ကတော့ ပြောင်းဖို့ မရှိပါဘူး။ ပြည်ထောင်စုတပ်မတော်ကိစ္စ ဆွေးနွေးလာလည်း နဂိုထဲက တပ်မတော်သဘောထား သူတို့သိပါတယ်။ နောက် နိုင်ငံတကာ အတွေ့အကြုံတွေ ရှိသူတွေပါ။ သူတို့ သဘောပေါက်ကြပါတယ်။ ကြက်တူရွေးက တော်တော် မယ်ဘော်ကကဲ ဆိုသလို ညည်းတို့ ဧရာဝတီက တော်တော် စိတ်ပူနေတယ်။ ဆွေးနွေးတဲ့အပိုင်း ရှိလာလည်း သူတို့အပိုင်းပဲလေ။ တပ်မတော်ကို ဖြိုခွဲလို့လည်း မရဘူး။ တပ်မတော်ကို ပြိုကွဲစေချင်လို့လည်း မရဘူး။ ဦးနိုင်ဟံသာတို့၊ ဦးဂွမ်မော်တို့၊ ဦးမူတူးစေးဖောတို့ နားလည်တယ်။ နားမလည်တာက အောက်ခြေက လူတွေပဲ ရှိနိုင်မယ် ထင်တယ်။ ဒါက လုပ်ငန်းသဘောကို မသိလို့ဘဲ နေမယ်။ မူဝါဒမရှိဘဲ လုပ်လို့ ရမလား။ တပြည်ထောင်စနစ်လည်း ကိုယ်တို့မသွားဘူး။ ကွန်ဖယ်ဒရေးရှင်းအနေနဲ့လည်းမသွားဘူး။ သွားမှာက ဖဖယ်ဒရယ်စနစ် တိုင်းသွားမှာ။ Power Sharing၊ Resource Sharing ဒီအပိုင်းတွေကို ညှိမှာပဲ။ ကောက်တပ်ချင်သလို ဗိုလ်မှုးကွ၊ ဗိုလ်ချုပ်ကွ လုပ်မရဘူး။ အိန္ဒိယကြည့်ကြည့် ဘယ်နိုင်ငံ ကြည့်ကြည့်ပါ။
မေး။ ။ ဒါဆို ပြည်သူဘက်ကနေ မေးပါရစေ။ ကရင်မှာဆို ကရင်တပ်ရှိနေမယ်။ ဒီလိုအသီးသီးရှိမှာဆိုတော့ တိုင်းရင်းသားတဦးချင်းဆီကို ကာကွယ်မှာက ဘယ်တပ်မတော်ကလဲ။ ခပ်လွယ်လွယ် ပြောရရင် ဘယ်သူ့ကို ယုံစားပြီး သူတို့ လုံခြုံရေးကို ပုံအပ်ရမလဲ။ ခေတ်စကားဆို ဗိုလ်ချုပ်ရယ် အဖေ ဘယ်သူ့ကိုခေါ်ရမလဲပေါ့။
ဖြေ။ ။ (ရယ်လျက်) အဲဒါက မှားနေပြီ။ တပ်မတော်ဟာ ဗမာ့တပ်မတော်မဟုတ်ဘူး။ အဲလိုထင်နေကြလို့လား။ ခု တပ်မတော်ဟာ ပြည်ထောင်စုတပ်မတော်ပဲ။ တပ်မတော်သည် ပြည်ထောင်စုကြီး တခုလုံးကို ကာကွယ်နေတာ ဖြစ်ပါသည်ဆိုတဲ့ စကားအရဆို မေးတဲ့အဖြေကို ပေးပြီးသား ဖြစ်မှာပါ။
မေး။ ။ တိုင်းရင်းသားနယ်ထဲမှာ တပ်မတော်က နှိပ်စက်နေတယ်။ မတရားလုပ်နေတယ်ဆိုတဲ့ကိစ္စတွေ၊ တိုင်းရင်းသား အမျိုးသမီးတွေ မလုံခြုံဘူးဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောနေတာတွေအပေါ် ဗိုလ်ချုပ် ဘယ်လိုအဖြေပေးချင်သလဲ။
ဖြေ။ ။ ဘယ်အပိုင်းတွေ မလုံခြုံတာလဲ။ တပ်မတော်က မတထောင်ဖွားတွေချည်းပဲ။ လုံးပြီး မပြောပါနဲ့။ တပ်မတော်ကို ကောင်းတယ်ပဲ ပြောနေတာ မဟုတ်ဘူး။တကယ်ကောင်းတဲ့သူတွေ ရှိတယ်။ ဒီလို ဆိုးတဲ့သူတွေအတွက် စစ်စည်းကမ်းအရ အရေးယူနေတယ်။ တပ်မတော်က မဟုတ်တာလုပ်တဲ့သူတွေကို လက်ခံထားတဲ့နေရာ မဟုတ်ဘူး။ နောက် မဟုတ်တာကိုလုပ်ဖို့ မျက်နှာသာလည်း မပေးဘူး။ မထုတ်ပြန်တာတွေတော့ ရှိတယ်။ မဟုတ်တာ လုပ်တဲ့ တပ်သား၊ ဗိုလ်တွေကို ဘယ်လိုအပြစ်ပေးလဲဆိုတာ မေးကြည့်ပါဦး။ အပြင်ဥပဒေထက်၂ ဆကြီးတာ ပေးတယ်။ ခံစားဖူးသူတွေ မေးကြည့်ပါ။ တပ်မတော်မှာ လုပ်ချင်တိုင်း လုပ်ခွင့်ရှိတဲ့ အာဏာရထားတဲ့လူ မရှိဘူး။
မေး။ ။၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကာချုပ်က ဆက်လက်လုပ်ဖို့ ပြောနေတာဆိုတော့ တော်တော်များများက ဒီပေါ်မှာ ဝေဖန်နေတယ်။
ဖြေ။ ။ ဒါကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မူပေါ့။ ပြင်ချင်ကြတယ်လို့ အော်သူတွေရှိတယ်။ ဒါကတော့ မူအနေနဲ့ ချပေးတာဘဲလေ။ ဒါကို လိုက်နာကြဆိုပြီး အတင်း လုပ်နေတာ မဟုတ်ဘူး။
မေး။ ။ အခု အစိုးရ တင်ပြတဲ့ အပစ်ရပ်မူကြမ်းက လွှတ်တော်ကော၊ ကာချုပ်ကောက အမြန်ရေးဆွဲလိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်နေတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ ဒါကတော့ အားလုံးပေါ့။ အစိုးရအဖွဲ့အစည်း တပ်မတော်အကုန်ပါတဲ့ဟာတွေက အဆင့်ဆင့် တင်ပြတယ်။ နိုင်ငံတော် သမ္မတကော၊ အဓိကကတော့ ကာလုံပေါ့။
မေး။ ။ဒါဆို အဓိကက ကာလုံဆွဲတာလား။ ဘာကြောင့် ကာလုံက အဓိကကျတာလဲ။
ဖြေ။ ။ အဲလိုရယ် မဟုတ်ဘူး။ နယ်မြေလုံခြုံရေးဟာ ကာလုံ အဓိက တာဝန်ပါ။ ဒါကြောင့်ပါ။
မေး။ ။ တပ်မတော်မှာ ဘာသာကွဲ၊ တိုင်းရင်းသားတွေ လက်မခံဘူး ပြောနေတယ်။
ဖြေ။ ။ မဟုတ်ပါဘူး။ မည်သူမဆိုပါ။ စစ်မှုထမ်းအတွက် စည်းရုံးနေတာ။ အရင်က မပြောနဲ့တော့။ ခု ဘာသာကွဲတွေကိုတောင် လက်ခံနေပါတယ်။ လက်မခံဘူးဆိုပြော၊ ဘာသာရေးနဲ့လည်း မကန့်သတ်ဘူး။ လူမျိုးရေးလည်း မကန့်သတ်ဘူး။ နောက်ပိုင်း ပြည်ထောင်စုတပ်မတော်ဖြစ်လာဖို့ ခု လုပ်နေတယ်။
မေး။ ။ တပ်မတော်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်း နှစ်သက်ရဲ့လား။ လက်ခံပါရဲ့လား။
ဖြေ။ ။ ဒါဆိုမေးမယ်။ ဒီမိုကရေစီဆိုတာ ဘာလဲ။ ဘယ်လိုနားလည်ထားလဲ။ ဒီမိုကရေစီဆိုတာ ပြည်သူ့အာဏာလို့ ဆိုတာပေါ့။ အရာရာကို ပြည်သူကပဲ ဆုံးဖြတ်တာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီကျကျ ရေးဆွဲထားတာ။ ပြည်သူထံမှ လာတယ်။ တပ်မတော်ဟာ ဒီမိုကရေစီကို ချစ်တယ်။ တပ်မတော်မှာ တပ်တွင်းဒီမိုကရေစီ ရှိတယ်။ ဒီမိုကရေစီလိုလားလို့ ဒီလို လွှဲပေးတာပေါ့၊ မလိုလားရင် ဘယ်လွှဲပေးမလဲ။
မေး။ ။ ပြည်သူဆိုလို့ ၂၀၀၈ ကို ပြည်သူက ပြင်ချင်တယ်ဆိုတဲ့အသံတွေ ရှိနေတယ်။
ဖြေ။ ။ ပြည်သူတွေပြင်မယ်ဆိုတာ ဘယ်သူတွေ ပြင်ချင်သလဲ။ ဒီဖွဲ့စည်းပုံကို သန်းပေါင်း ၆၀ မှာ ၉၈ ရာခိုင်နှုန်း ထောက်ခံထားတာလေ။ ပြင်ဆင်ချင်ရင် ပြင်ဆင်ချက်တွေလည်း သတ်မှတ်ထားတာ ပါတယ်။ ပြည်သူတွေ မှန်မှန်ကန်ကန်လုပ်နိုင်ဖို့ အခွင့်အရေးတွေ ရှိတာပဲ။
မေး။ ။ ဒါပေမယ့် တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ထဲမှာဆို ၂၅ ရာခိုင်နှုန်း၊ အစိုးရဆိုလည်း တပ်နေရာက နိုင်ငံတော်သမ္မတတန်းတူ ရှိနေတာ ဆိုတော့လေ။ တပ်မတော်က ဖွဲ့စည်းပုံပြင်ရေး လက်ခံမှာလား။
ဖြေ။ ။ ဒီဟာ နောက်တခါ ဆွေးနွေးမှာပေါ့။ ဒါဆို ရှည်သွားမယ်။ တခုပဲ ပြောမယ်။ခု ပြင်မယ် ပြောတယ်။ အခြေခံဥပဒေကို အစအဆုံး ဖတ်တဲ့သူ ဘယ်နှစ်ဦး ရှိလဲ။ ဖတ်ဖူးတာကို အခန်းလိုက် နားမလည်ကြတာ အများကြီး။ ဒီဟာတွေ ရှိတယ်။ တပ်မတော်က ပြင်ချင်ရင် ရတယ်ဆိုတာတွေ ပြောတယ်။ ပြင်ဖို့ လိုအပ်ရင် တပ်မတော်က ဒီဟာကိုပဲ ဖက်တွယ်ရမယ် ဆိုတာမျိုး မရှိဘူး။ လက်မခံနိုင်စရာ မရှိဘူး။
မေး။ ။ တပ်မတော်ထဲကို များသောအားဖြင့်က ရာထူးရချင်လို့၊ နောက်တခုက အရပ်ဘက်ပြောင်းရင် ရာထူးကြီးကြီး ရလို့ ဝင်ချင်ကြတယ်။ ဒီလိုဆိုတော့ တပ်က အခွင့်အရေးရလို့ ဆိုတဲ့ ပုံစံဖြစ်နေပြီး တကယ့် ပညာရှင်တွေကနေရာ မရဘူး။
ဖြေ။ ။ ခုတော့ မရှိပါဘူး။
မေး။ ။အရင်က ရှိတယ်ပေါ့။
ဖြေ။ ။ အေးပေါ့။ အခုက မူပြောင်းပြီ။ အရင်က တပ်မတော်က အစိုးရဆိုတော့ ကိုယ်ယုံကြည်သူ ကိုယ်ထားတာပေါ့။ ခုက အရပ်သားအစိုးရပါ။ တပ်မတော်က ပြောင်းတယ်ပြောပြော ဒါပေမယ့် ကိုယ်ယုံကြည်စိတ်ချရသူ ထားမှာပေါ့။ ဒါ သဘာဝပဲ။ ဒါက ယှဉ်ပြိုင်မှုပဲ။ အခြေအနေ အမျိုးမျိုး ရှိတယ်။ တပ်မတော်မှာ အခွင့်အရေးရတယ် ထင်တယ်ဆို ဝင်ပါ။ ဝင်နိုင်တယ်။ ဝင်လေ။ မတားပါဘူး။ အရင်ကတော့ ဟုတ်မယ်။ ခု အစိုးရက ပညာရှင်တွေကို ပိုနေရာပေးပါတယ်။