ယမန်နေ့ညပိုင်းက ရန်ကုန်မြို့လယ် တဝိုက်တွင် ပြည့်တန်ဆာ ပပျောက်ရေးအတွက် စီမံချက် ပုံစံဖြင့် လိုက်လံ ဖမ်းဆီးခဲ့ ကြကြောင်း မျက်မြင်တွေ့ရှိသူ တချို့က ပြောသည်။
ညပိုင်း ၈ နာရီ ဝန်းကျင်တွင် လူစည်ကားရာ နေရာများ၌ ကျင်လည်နေကြသော လိင်အလုပ်သမ များကို ဖမ်းဆီးခြင်းကြောင့် လူအများ အုံးအုံးကြွက်ကြွက် ဖြစ်ခဲ့ရကြောင်း၊ သိမ်ကြီးဈေး အနီး လှုပ်ရှားနေသူ ၃ ဦးခန့် ဖမ်းဆီး ခံလိုက်ရသည်ကို မြင်တွေ့ရကြောင်း သိမ်ကြီးဈေး ဘေးတွင် ကွမ်းယာရောင်းနေသူ တဦးက ဧရာဝတီသို့ ပြောသည်။
“မနေ့ညက ရန်ကုန်မြို့လယ်မှာ ပြည့်တန်ဆာတွေ လိုက်ဖမ်းလို့ ထွက်ပြေးလိုက်ကြတာ အများကြီးပဲ။ ဆိုက်ကား သမားတွေ ရော၊ လုပ်စားကြတဲ့ သူတွေရောပဲ။ တည်းခိုခန်းတွေပါ မကျန်ဖြစ်သွားကြတာ” ဟု မျက်မြင် တွေ့ရှိသူ တဦးက ဆိုသည်။
ပြည့်တန်ဆာ ဖမ်းဆီးရေးနှင့် ပတ်သက်ပြီး အထူးစီမံချက်ဖြင့် ဖမ်းဆီးနေခြင်း မဟုတ်ဘဲ ရဲ လုပ်ထုံးလုပ်နည်းအရ ပြည့်တန်ဆာ ပပျောက်ရေး အတွက်သာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ မြို့နယ်ရဲစခန်းတချို့မှ သိရသည်။
ပြည့်တန်ဆာများကို လစဉ် ဖမ်းဆီးလျှက် ရှိနေပြီး အသွင်ယူ ဖမ်းဆီးမှုက အများဆုံး ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်တွင် တလလျှင် ၁၀ မှုခန့် ဖမ်းဆီးရမိနေပြီး ယခုနှစ် အတွင်း အမှုပေါင်း ၉၀ ကျော်ပြီ ဖြစ်ကြောင်း၊ ယခုလတွင် ပြည့်တန်ဆာမှု ၄ မှု ရှိနေပြီဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်မှူးက ဧရာဝတီကို ပြောသည်။
“မီဒီယာတွေမှာ ရေးလာကြလို့ စီမံချက်ပုံစံမျိုးနဲ့ ဖမ်းတာတော့ မဟုတ်ပါဘူး။ အထွေထွေ အုပ်ချုပ်ရေး ဘက်ကလည်း ညွှန်ကြားချက် ပေးတာမျိုး ရှိတယ်။ ကျနော်တို့ မြို့နယ်မှာဆိုရင် မြို့နယ် အသီးသီးက လာလုပ်စားကြတာ၊ တခြား အလုပ်
လုပ်နေကြတဲ့ သူတွေတောင် ပါတယ်။ ဖုန်းလေးတွေ၊ အိတ်ကလေးတွေ၊ ထမင်းချိုင့် ကလေးတွေနဲ့။ သူတို့ မြို့နယ်မှာတော့ ကောင်းရောင်း ကောင်းဝယ် အလုပ်တခုခု လုပ်သလို ပုံစံမျိုးနဲ့” ဟု ကျောက်တံတား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။
ထို့အပြင် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပြည့်တန်ဆာပုဒ်မ ၅ (၁) ဆိုလျှင် ထောင်ဒဏ် ၁ နှစ်ခွဲ၊ အသွင်ယူ ဖမ်းဆီးသော ပြည့်တန်ဆာ ပုဒ်မ ၃ (ခ) ဆိုလျှင် ထောင်ဒဏ် ၁ နှစ်၊ ကျော်ကြားမှု ဖြစ်သော ပြည့်တန်ဆာ ပုဒ်မ ၇ (၁) ဆိုလျှင်
ခံဝန် ကတိတို့ဖြင့် အရေးယူလျှက် ရှိကြောင်း၊ မှုခင်း ကျဆင်းရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး ပြည့်တန်ဆာ သီးသန့် ဖမ်းဆီးရေးမျိုး မဟုတ်ဘဲ ရဲအရေးပိုင်သော အမှုအခင်းများ အားလုံးကို ဖမ်းဆီးနေခြင်းသာ ဖြစ်ကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။
တာမွေမြို့နယ်တွင် တလလျှင် ၂ ဦးခန့် အနည်းဆုံး ဖမ်းဆီးမိပြီး ဗိုလ်တထောင် မြို့နယ်တွင် တလလျှင် အနည်းဆုံး ၄ ဦး
ခန့် ဖမ်းမိလေ့ရှိကြောင်း၊ ပန်းဘဲတန်း မြို့နယ်တွင် ယမန်နေ့ညက ဖမ်းဆီးမှုကြောင့် ၁ ဦး မိခဲ့ပြီး တလလျှင် ၁၀
ဦးခန့် ဖမ်းဆီးမိရာ ယခုနှစ် ဇန်နဝါရီလမှ ယနေ့အချိန်အထိ အမှုပေါင်း ၉၀ ကျော်သွားပြီ ဖြစ်ကြောင်း အဆိုပါ ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းရာမှ သိရသည်။
လိင်အလုပ်သမ များကို ကူညီ ဆောင်ရွက်ပေးနေသော တော်ဝင်ခရေ ကွန်ရက်က နှစ်စဉ်နိုင်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလများ တွင် ပြည့်တန်ဆာများကို အများအပြား ဖမ်းဆီးလေ့ ရှိသည်ဟု ဝေဖန်ထားသော်လည်း ရဲစခန်းအများစုက ထိုအချက်ကို ငြင်းဆိုကြသည်။
ပြည့်တန်ဆာ လုပ်ငန်းများသည် ပပျောက်သွားရန် မည်သည့်အချိန်တင်မှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ ထိန်းကျောင်း သွားရန် တရားဝင် လိုင်စင်ပေးသော နည်းအပြင် နည်းလမ်း အမျိုးမျိုးရှိကြောင်း၊ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားခြင်းသည် ခေတ်၊ နေရာ၊ ပထဝီ အနေအထား၊ သမိုင်းကြောင်းများနှင့် များစွာ သက်ဆိုင်ကြောင်း Marie Stopes International Myanmar မှ ဒါရိုက်တာ ဒေါက်တာစစ်နိုင်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို ရာဇဝတ်မှုဟု ဥပဒေ ပြဌာန်းထားခြင်းနှင့် ပက်သက်ပြီး မိမိအနေနှင့် မှတ်ချက် တစုံတရာ မပေးလိုကြောင်း၊ လူထုနှင့် သက်ဆိုင်သော လူထု ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ ငြင်းခုံ ဆွေးနွေး အဖြေရှာရမည့် ကိစ္စဖြစ်ပါကြောင်း ၎င်းက ဆက်ပြောသည်။
“လိင် အလုပ်သမတွေကို အာဏာပိုင်တွေ ဘက်က ဥပဒေအရ အရေးယူတဲ့ အထဲမှာ ဥပဒေရဲ့ အသုံးချမှုတွေ ဖြစ်နေရတာ က တကယ်တော့ အုပ်ချုပ်ရေးတွေ ဘက်ကလည်း အခိုက်အတန့် သူတို့မှာ ပြန်ပြီး အခက် ကြုံကြရတာတွေကြောင့်
ဒီလို ဖြစ်သွားရတာပါ။ စီမံချက်လို ရဲတယောက် အမှု ဘယ်လောက် ဆိုတော့ သူတို့ ကြုံရတဲ့ အခက်အခဲကို ဘယ်သူတွေက ဝင် ဖြေရှင်းပေးမှာလဲ။ အဲဒါကြောင့်ပဲ သူတို့နိုင်တဲ့ ဘက်ကို ပြန်လုပ်တဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။