မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရေနံမြေမှ လယ်ယာမြေများကို မှတ်ပုံတင်ခွင့်မရခြင်း၊ ထို လယ်ယာမြေများ အတွင်းသို့ ရေနံတွင်းများမှ ရေဆိုးစွန့်ထုတ်မှုများပြုလုပ်ခြင်းတို့ကြောင့် ဒေသခံတောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
“ကျနော်တို့ လယ်သမားတွေမှာ ဘာအလုပ်မှ လုပ်လို့မရဘူး။ တောင်သူတွေရဲ့ စိုက်ခင်းထဲကို ရေဆိုးတွေ စွန့်ထုတ်လို့ စိုက်လို့လဲ မရ၊ လယ်ယာမြေ လျော်ကြေးကိုလည်း မပေးဘူး။ သူတို့က ဒေသဖွံ့ဖြိုးရေးအတွက် ဘာလုပ်ပေးမယ်၊ ဘာတွေပံ့ပိုးပေးမယ် ဆို တာ လည်း ဒေသခံတွေကို ချပြပေးတာမျိုး မရှိဘူး။ တောင်သူတွေမှာ ဘာအခွင့်အလမ်းမှ မရဘူးဖြစ်နေတယ်”ဟု မန်း ရေနံမြေ မယ်ဘေကုန်း ကျေးရွာ ဒေသခံ ကိုညွန့်ဝင်းက ဧရာဝတီသို့ ပြောသည်။
လယ်ယာမြေများ မှတ်ပုံတင်ခွင့်မရသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ချေးယူနိုင်ခြင်း မရှိကြောင်း၊ ရေနံတူးဖော်နေသော ကုမ္ပဏီ တချို့ ကြောင့် စိုက်ခင်းပျက်စီးမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် တောင်သူများ ထိခိုက်နစ်နာမှု ဖြစ်ကြရကြောင်း မန်းရေနံမြေ မယ်ဘေ ကုန်း ကျေးရွာနေ ဒေသခံ တောင်သူ ဦးတင့်ဇော်ကလည်း ပြောပြသည်။
ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရေနံလုပ်ခွင့်ရ MPRL E&P ကုမ္ပဏီက ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး ဒေသခံများနှင့်တွေ့ဆုံပွဲ ပြုလုပ်သော်လည်း ဒေသခံလယ်သမားများ တက်ခွင့်မရကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုသာ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ ထို့ကြောင့် ဒေသခံများ၏ အခက်အခဲများကို တင်ပြခွင့် မရခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောပြသည်။
MPRL E&P ကုမ္ပဏီမှ တာဝန်ခံ ကိုကျော်နန္ဒထွေးက မိမိတို့အနေဖြင့် မန်းရေနံမြေတွင် နောက်ထပ် ၁၀ နှစ်ကျော်လုပ်ခွင့်ရမည် ဖြစ် သောကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်မည့် အစီအစဉ်များကို ဒေသခံများသိရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်မိ ရပ်ဖ လူကြီးများကို တင်ပြနိုင်ရန် ဖိတ်ခေါ်ခဲ့ရာ ကျေးရွာ ၁၃ ရွာမှ တက်ရောက်လာခဲ့ကြောင်း၊ ရေဆိုးစွန့်ပစ်မှုကြောင့် လယ်မြေများ အခက်အခဲဖြစ် ကြရသည်ကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများက တင်ပြခြင်း မရှိကြောင်း ဧရာဝတီ သို့ ပြောသည်။
ယခုလယ်မြေများသည် မန်းရေနံမြေ စတင်တည်ထောင်သည့် ၁၉၇၈ ခုနှစ် ဝန်းကျင်ကတည်းက အစိုးရမှ ရေနံမြေအဖြစ် သတ်မှတ်သိမ်းယူထားသော နေရာဖြစ်ကြောင်း၊ မြေယာလျော်ကြေးများနှင့် ပက်သက်ပြီး မိမိတို့ ကုမ္ပဏီအနေဖြင့် ဝင် ရောက်ဆောင်ရွက် ပေးရန်မရှိသလို လုပ်ပေးရမည့် တာဝန်လည်း မရှိကြောင်း ကိုကျော်နန္ဒထွေးက ဆက်ပြောသည်။
“လွန်ခဲ့တဲ့ ၁ နှစ်ကျော်တုန်းကတော့ ရေဆိုးတွေကြောင့် လယ်မြေတွေမှာ စိုက်ပျိုးလို့မရတဲ့ကိစ္စတွေ ဖြစ်ခဲ့ဖူးပါတယ်။ အခု ချိန်မှာတော့ အဲဒါမျိုးတွေ မဖြစ်အောင် ကျနော်တို့က ဆောင်ရွက်ထားပါတယ်။ အခု ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာ ဥက္ကဌ တွေကို ခေါ်ရ တာကလည်း သူတို့က ကျေးရွာတွေရဲ့ ကိုယ်စားပြုတဲ့သူတွေမို့ပါ။ ကျနော်တို့ဘက်က ဒေသခံတွေအတွက် အခွင့်အလမ်းတွေရအောင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ဆောင်ရာမှာ ကျန်းမာရေး၊ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ သူတို့အတွက် အများကြီး ထည့်သွင်းလုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။
Myint Petroleum Recourse Lemited Exploration and Production (MPRL E&P)ကုမ္ပဏီသည် အစိုးရ စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် ၁၉၉၉ ခုနှစ် ကတည်း က ဖက်စပ် လုပ်ကိုင်နေသော ကုမ္ပဏီ တခုဖြစ်ပြီး မန်းရေနံမြေတွင် ရေနံထုတ်လုပ်ရေး နည်းပညာနှင့် အထွက်တိုးရေး ကဏ္ဍကို လုပ်ဆောင်နေကြောင်း သိရသည်။
MPRL E&P ကို ၁၉၉၆ ခုနှစ်က စတင် တည်ထောင်ထားခြင်းဖြစ်ပြီး ဦးမိုးမြင့်(မိုက်ကယ် မိုးမြင့်)က အမှုဆောင် အရာရှိချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မန်းရေနံမြေ စတင်တည်ထောင်စဉ် ကာလအတွင်းကလည်း အဆိုပါ သိမ်းယူထားသော လယ်မြေများနှင့် ပက်သက်ပြီး ဒေသခံများကို ခေတ်ကာလ နှုန်းထားများအတိုင်း သီးနှံလျော်ကြေးငွေများ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ယခု အစိုးရသစ် တက်လာပြီးနောက် ပိုင်း ရေနံမြေအတွက် ထပ်မံသိမ်းယူမှုများ မပြုလုပ်ခဲ့ကြောင်း၊ ဒေသခံများကို ရေနံလုပ်ကွက်နှင့် လွတ်ကင်းသော နေရာတွင် စိုက်ပျိုးခွင့်ပြုခဲ့ပြီး ထိုနေရာများတွင် လုပ်ငန်း စတင်မည်ဆိုလျှင်လည်း ကျေးရွာဥက္ကဌများနှင့် တိုင်ပင်၍ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများအတွက် လျော်ကြေးများကို ညှိနှိုင်းပေးအပ်ကြောင်း MOGE မန်းရေနံမြေ အထွေထွေမန်နေဂျာက ဧရာဝတီသို့ ပြောကြားသည်။
ထို့အပြင် ရေနံမြေအဖြစ် သတ်မှတ်ထားသော နေရာများနှင့် လွတ်ကင်းသည့် လယ်ယာမြေများကို ဒေသခံများ မှတ်ပုံတင် ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာသို့ တင်ပြထားပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ရေနံမြေအဖြစ် အရင်ကတည်းက သတ်မှတ်ထားတဲ့နေရာတွေကိုတော့ ကျနော်တို့ ဘာမှ လုပ်ပေးလို့မရပါဘူး။ ဒါက နိုင်ငံတော် ပိုင်တဲ့မြေတွေပါ။ ကျနော်တို့က ဒေသခံတွေကို စာနာတာကြောင့် ရေနံမြေထဲမှာတောင် လုပ်ကွက်နဲ့ လွတ်ရင် သီးနှံစိုက်ခွင့် ပေး ထားတယ်။ တကယ်လို့ ကျနော်တို့ လုပ်ငန်းနဲ့ မလွတ်တော့လို့ ဖျက်ရင်လည်း သီးနှံလျော်ကြေးကို သင့်တင့်သလိုပေး နေတာပါပဲ။ ဖျက်မယ်ဆိုရင်တောင်မှ သူတို့သီးနှံစိုက်တာကို ဆုံးရှုံးမှု အနည်းဆုံးအချိန်ကို စောင့်လုပ်တာ”ဟုလည်း MOGE မန်းရေနံ အထွေထွေ မန်နေဂျာက ပြောဆိုသည်။