ဝါရင့် နိုင်ငံရေးသမားကြီး ဦးထွေးမြင့် (အသက် ၈၄ နှစ်) သည် ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်က ရန်ကုန်မြို့ နေအိမ်၌ ဆီးနှင့် ကျောက်ကပ် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
“ဒီမနက်က ဖေဖေက ကျနော်တို့ မောင်နှမ ၂ ယောက်လက်ထဲမှာ အေးအေးချမ်းချမ်း ကွယ်လွန်သွားတာပါ” ဟု ဦးထွေးမြင့်၏ သားဖြစ်သူ ဦးစန်းမြင့်အေးက ဧရာဝတီကို ပြောသည်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ ဘိုကုန်း၊ မင်းကွန်းကျောင်း လမ်းမ၊ ဟေမာဂနိုင်ကျောင်း လမ်းသွယ်ရှိ ဦးထွေးမြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရုပ်ကလာပ်ကို နာရေး ကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် ရေဝေး အအေးတိုက်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဦးထွေးမြင့်၏ ဈာပနကို လာမည့် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီမှာ ရေဝေးအအေးတိုက်မှ ရေဝေး သုဿာန်သို့ ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
ဦးထွေးမြင့်သည် ခေတ်အဆက်ဆက် နိုင်ငံရေးသမား ဖြစ်သကဲ့သို့ သတင်းသမား တဦးလည်းဖြစ်ပြီး အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်သည်။
“သူက ကျနော်ရဲ့ နိုင်ငံရေးဆရာပေါ့။ ဦးထွေးမြင့်က သူ့ကိုယ်ပိုင် အယူအဆနဲ့သူ၊ သူက နိုင်ငံရေးဘ၀ ဘယ်တုန်းက စလဲဆိုတော့ ကျနော်တို့ လွတ်လပ်ရေး မရခင် စာရေး သပိတ်ကြီး ရှိတယ်။ အဲဒီမှာ သူက ပါဝင်ပြီး သပိတ်ခေါင်းဆောင် တယောက်ပေါ့။ အဲဒီတုန်းက ကွန်မြူနစ်တွေက များတော့ ကွန်မြူနစ်ပါတီထဲမှာ ပါသွားသေးတယ်။ ကွန်မြူနစ် ပါတီရဲ့ တင်းပြည့် အသင်းဝင် ဖြစ်သွားသေးတယ်” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) ၏ ပါတီခေါင်းဆောင် ဦးသုဝေက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးခါစ၌ အစိုးရ၏ ဖမ်းဆီးထိမ်းသိမ်းမှု ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသော အခါ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဒု အတွင်းဝန် ရာထူးဖြင့် ပြင်သစ်နိုင်ငံတွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အင်ဒိုနီးရှား နိုင်ငံတွင်လည်း ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။
ထို့နောက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ နုတ်ထွက်ကာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ သတင်းဌာနတွင် အမှုထမ်းခဲ့သည်။ ထို့နောက် ဦးနု၏ ပါလီမန်ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ပြည်ချစ်ပါတီ တည်ထောင်သည့် အခါ ဘီဘီစီ သတင်းဌာနမှ နုတ်ထွက်ခဲ့ပြီး ပြည်ချစ်ပါတီ ထူထောင်သည့်အခါ ပါဝင်ပူးပေါင်းခဲ့သည်။
“ပြည်ချစ် လူငယ်တပ်ပေါင်းစု အသံလွှင့်ဌာနမှာ တာဝန် ထမ်းဆောင်နေတုန်း ပြည်တွင်း စည်းရုံးရေး လုပ်မယ်ဆိုပြီးတော့ ကျနော်တို့ ပါလီမန် ဒီမိုကရေစီပါတီက ခွင့်ပေးလိုက်တော့ သူ မြန်မာနိုင်ငံကို ထွက်လာတဲ့အခါ အဖမ်းခံလိုက် ရပြန်တယ်။ သူ့ကို သေဒဏ်ပေးတာဗျ၊ နောက်တော့ ၁၉၈၀ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ပေါ်လာတော့မှ လွတ်လာတာ” ဟု ဦးသုဝေက ဧရာဝတီကို ပြောပြသည်။
၁၉၈၀ ခုနှစ် အကျဉ်းထောင်က ပြန်လွတ်လာပြီး နောက်ပိုင်း ဦးထွေးမြင့်သည် ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင် စသူတို့နှင့် အတူ စီးပွားရေးလုပ်ငန်းများကို ၁၉၈၈ ခုနှစ်ထိ လုပ်ဆောင်လာခဲ့သည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကြီးတွင် လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ မြန်မာ့နိုင်ငံရေးတွင် ထပ်မံ ပါဝင်ခဲ့သည်။
“၁၉၈၈ ခုနှစ်မှာ သူက ပထမဆုံး ဒေါ်စုနဲ့တွဲပြီးတော့ စထွက်လာတာပေါ့။ ဒေါ်ခင်ကြည် နေမကောင်းဖြစ်တော့ သူက ဆေးရုံမှာ သွားကြည့်နေရင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသွားတယ်။ နိုင်ငံရေးစကားပြောရင်း ဒေါ်စုကလည်း နုင်ငံရေးမှာ စိတ်ပါလာတော့ နိုင်ငံရေး လုပ်ရအောင်ဆိုပြီး သူနဲ့ ဆွေးနွေးတယ်” ဟု ဦးသုဝေက ရှင်းပြသည်။
ထိုစဉ်က ဦးထွေးမြင့်က ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ စာတမ်းများ ရေးကာ ထိုစဉ်က နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ်များနှင့် အတူလက်တွဲ လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်း သူက ဆက်ရှင်းပြသည်။
“သူတို့ ၂ ယောက်က စာတမ်းတွေဘာတွေ ရေးပြီးတော့ ဦးနုဆီ သွားတယ်။ ဗိုလ်မှူးအောင်ဆီ သွားတယ်။ စောကြာဒိုးဆီ သွားတယ်။ သမ္မတကြီး မန်းဝင်းမောင်ဆီ သွားတယ်။ ပြီးတော့ အတူလုပ်ရအောင်ပေါ့ဗျာ။ ဒါပေမယ့် ဟိုလူတွေက မပါတော့ သူတို့လည်း ဒီလိုပဲ စာရေးပြီး စာတမ်းထွက်တာလေ။ အဲဒါကြောင့်မို့လည်း သူတို့ ၂ ယောက်က ၈၈ နိုင်ငံရေးမှ အစဆုံး ပူးတွဲလုပ်ခဲ့ကြတာ” ဟု ဦးသုဝေက ဆိုသည်။
ဦးထွေးမြင့်သည် NLD ပါတီ စတင် တည်ထောင်နိုင်ရေး ကူညီပံ့ပိုးမှုများ လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သည်။
“သူတို့ ၂ ယောက်တွဲလုပ်ပြီး ကျနော်နဲ့ပါ တွဲလုပ်ရအောင်ဆိုတော့ ဒေါ်စုကလည်း သဘောတူတယ်။ ကျနော့်ဆီလာတယ်။ ပေါင်းလုပ်ရအောင်ဆိုတော့ ဦးထွေးမြင့်က အဲဒီကာလတုန်းက အရင်တုန်းက ဖဆပလ ခေါင်းဆောင်တွေနဲ့ ဦးကျော်ငြိမ်းတို့၊ ဒေါ်နွဲ့ရီတို့က သူ့ကို သိပ်မကြိုက်ဘူးဗျ။ အဲဒါနဲ့ ကျနော်ကလည်း သူနဲ့ ပေါင်းလို့မရဘူး။ ဒေါ်စုကိုလည်း သိပ်ပြီးတော့ မသိဘူးလေ။ မသိတော့ သိပ်ပြီးတော့လည်း အထင်မကြီးဘူး။ ကျနော်တို့ ကြားရတာက ဒေါ်စုက မြန်မာလူမျိုးတွေနဲ့ ခပ်ဝေးဝေးနေတယ် ဘာညာဆိုတော့ သူ နိုင်ငံရေး လုပ်မယ်ဆိုတာ သိပ်ပြီးတော့ မယုံဘူးလေဗျာ။ ဒါ ကြောင့် ကျနော်က သူတို့ထဲမှာ ဝင်မပါဘူး” ဟု ဦးသုဝေက ဆိုသည်။
၁၉၉၅ ခုနှစ်တွင် ဦးထွေးမြင့်သည် ဦးသုဝေနှင့်အတူ နေအိမ်တွင် မြန်မာနိုင်ငံ အကြောင်း ရေးသားထားသည့် တိုင်းမ်၊ နယူးစ်ဝိခ် မဂ္ဂဇင်းများ တွေ့ရှိသည်ကို နိုင်ငံတော် အစိုးရနှင့် ဆန့်ကျင်ရေး စာရွက်စာတမ်းများ သိမ်းဆည်းထားမှုဖြင့် ရုံးတင်ကာ ထောင်ဒဏ် ၇ နှစ်ချမှတ် ခံခဲ့ရပြီး ပြစ်ဒဏ်စေ့ခဲ့သော်လည်း ပုဒ်မ ၁၀ (က) ဖြင့် ဆက်လက် အရေးယူခဲ့ ည်။
ထို့နောက် ၂၀၀၅ ခုနှစ်တွသင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။ နောက်ပိုင်းတွင် ကျောက်ကပ်ဝေဒနာ ခံစားခဲ့ရပြီး ပါတီတာဝန်များကို ဆက်လက် မထမ်းဆောင်နိုင်တော့ပေ။
ယခုကဲ့သို့ ဝါရင့်နိုင်ငံရေးသမား၊ လုပ်ဖော်ကိုင်ဖက်ဟောင်း ဦးထွေးမြင့် ကွယ်လွန်ခဲ့ရသည့်အပေါ် ကြီးမားသည့် ဆုံးရှုံးမှု တခုဖြစ်ကြောင်းလည်း ဦးသုဝေက ဆိုသည်။
“သူက အတွေ့အကြုံလည်းများတယ်။ နောက်ပြီး သူက နိုင်ငံရေးမှာ လေ့လာမှုလည်း တော်တော်ရှိတယ်။ စာအုပ်စာတမ်းလည်း တော်တော်ဖတ်တယ်။ ဗဟုသုတ ပြည့်စုံတဲ့ လူတယောက် ဆုံးရှုံးတော့ ဒါ တိုင်းပြည်အတွက်ည်း နစ်နာတာပေါ့” ဟု သူက ပြောသည်။