ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ယင့်လပ် အစိုးရကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ ဘန်ကောက်မြို့ပေါ်ရှိ အစိုးရ ရုံးဌာနနဲ့ ရုပ်မြင်သံကြားရုံးတွေအပါအဝင် ၁၃ နေရာ ဆီကို ဒီကနေ့ မနက် ၈ နာရီလောက်မှာ ချီတက် ဆန္ဒပြကြပါတယ်။
အဲဒီ ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့ကတည်းက စုဝေးမိခဲ့တဲ့ လူတွေ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ ရှပ်နီဆန္ဒပြမှုတွေ နောက်ပိုင်း ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် မတ်လနဲ့ မေလ အတွင်း ဖြစ်ပွားခဲ့တဲ့ ၂လလောက်ကြာတဲ့ ရှပ်နီဆန္ဒပြပွဲတွေမှာ စစ်သား ၆ ယောက်လောက် နဲ့ အရပ်သား ၈၀ ကျော် သေဆုံးပြီး လူ ၂၀၀၀ ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီနေ့ ဆန္ဒပြပွဲတွေကို အတိုက်အခံ ဒီမိုကရက် ပါတီ ခေါင်းဆောင် လွှတ်တော် အမတ်ဟောင်း ဆူထေ့ သောင်ဆူဗန် က ခေါင်းဆောင်ပြီး ထိုင်း ကာကွယ်ရေး ဦးစီး ဌာနချုပ်နဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ် ဦးစီးဌာနချုပ်တွေ၊ ထိုင်းရဲချုပ်ရုံး၊ ဘန်ကောက်မြို့တော် ရဲရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဘတ်ဂျက် ဗျူရိုနဲ့ ရုပ်မြင်သံကြား သတင်းဌာန Channel 3 ၊ Channel 5 ၊ Channel 7 ၊ Channel 9 ၊ Channel 11 တို့ထုတ်လွှင့်ရာ နေရာတွေကို ချီတက် ဆန္ဒပြကြမှာဖြစ်တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
ထိုင်း နိုင်ငံတော် အလံငယ်လေးများ ကိုင်ဆောင်ထားပြီး ဝီစီများကို တရွီရွီ မှုတ်ပြီး ချီတက်လာတဲ့ လူအုပ်ကြီးကို ထိုင်း လုံခြုံရေး တပ်ဖွဲ့တွေက အသင့်အနေထားနဲ့ စောင့်ကြည့်နေတာကိုလည်း ထိုင်း ရုပ်မြင်သံကြားပေါ်မှာ မြင်တွေ့ရပါတယ်။
အစိုးရက ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ပြည်တော်ပြန်လာနိုင်ရေး တင်သွင်းခဲ့တဲ့ လွတ်ငြိမ်းချမ်းသာ ခွင့် ဥပဒေ မူကြမ်းနဲ့ ပတ်သက်လို့ အခုလဆန်းပိုင်းက ဆန္ဒပြပွဲတွေ ပြုလုပ်ရာကစပြီး လက်ရှိဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် နုတ်ထွက် ပေးဖို့ အထိ တောင်းဆိုလာတာ ဖြစ်ပါတယ်။ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်က စစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရပြီး ပြည်ပြေး ဖြစ်ခဲ့ တာပါ။
အခုဆန္ဒပြမှုကို ဒီမိုကရက်တစ် ပါတီက ဦးဆောင် ကျင်းပနေခြင်းဖြစ်ပြီး ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင် ရင်ပြင်မှာ ဆန္ဒပြ နေရင်းက အခုလို အဓိကကျတဲ့ အစိုးရရုံးတွေကို ပိတ်ဆို့ဖို့ ချီတက်လာတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ လက်ရှိ ထိုင်းအစိုးရကို ထောက်ခံတဲ့ ရှပ်နီဝတ်တွေကလည်း အင်အား ၄သောင်းလောက်နဲ့ တန်ပြန် ဆန္ဒပြပွဲတွေ ကို ရာဇမင်္ဂလာ ဘောလုံးကွင်းကြီးထဲမှာ ကျင်းပနေပါတယ်။ အဲဒီ ရှပ်နီအုပ်စုသာ လမ်းပေါ်ထွက်လာလို့ ပြိုင်ဖက် အုပ်စုနှစ်စု ထိပ် တိုက် တွေ့မယ်ဆိုရင် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုဟာ ပိုမိုကြီးမားလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဆန္ဒပြပွဲတွေကြောင့် ထိုင်းစီးပွားရေး မတည်မငြိမ်ဖြစ်လာပြီး နိုင်ငံဝင်ငွေ အများဆုံးရရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်လာ မှာကိုလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။
အာဏာရ ဖုယာ့ ထိုင်း ပါတီဝင်တွေကတော့ အစိုးရကို မထိခိုက်ဖို့၊ ကာကွယ်ဖို့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ဒီနေ့ထုတ် ဘန်ကောက် ပို့စ် သတင်းစာက ရေးသားထားပါတယ်။