အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေ ချောမွေ့စေရန် သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးရေး မေတ္တာရပ်ခံလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ မေတ္တာရပ်ခံချက်သည် အောင်မြင် နိုင်မည့် အခြေအနေ မရှိဟု လွှတ်တော် ကိုယ်စားလှယ်များ နှင့် နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်သူ့လွှတ်တော်ထံသို့ စာများ အသီးသီးပေးပို့လိုက်ပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ချောမွေ့စေရေး တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံစာ ချက်သည် ငြိမ်းချမ်းရေးနှင့် အသွင်ကူးပြောင်းရေး အေးအေးချမ်းချမ်း ချောချောမွေ့မွေ့ဖြစ်စေလို၍ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“အေးအေးချမ်းချမ်းနဲ့အသွင်ကူးပြောင်းဖို့ဆိုတာ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ သမ္မတကြီးနဲ့အုပ်ချုပ်ရေးကဏ္ဍ၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ဒီ ၄ ဦး တွေ့ဆုံဆွေးနွေးလိုက်မယ်ဆိုရင် လောလောဆယ် ဘာပဲပြောပြော ငြိမ်းငြိမ်း ချမ်းချမ်း ချောချောမွေ့မွေ့ဖြစ်သွားနိုင်တယ်ပေါ့။ အဲဒီအပေါ်မှာ ယုံကြည်လို့လည်း NLD ကတင်တာပါ။ တိုင်းပြည် ကို ဦးဆောင်နေကြတဲ့ ခေါင်းဆောင်တွေစုံပြီး ဆွေးနွေးမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက်၊ အသွင်ကူးပြောင်းရေး ရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တည့်မတ်ရေးအတွက်ရော အေးအေးချမ်းချမ်း ပြောင်းလဲသွားမှာပေါ့။ သမ္မတဘက်က မတုံ့ပြန်ခဲ့ဘူး ဆိုတာမျိုးတော့ ဘာလုပ်မလဲဆိုတာတော့ ပြောလို့မရဘူး။ ဒီလမ်းကြောင်းက သင့်တော်တယ်၊ တွေ့ဆုံဆွေးနွေးယဉ်ကျေးမှုဖြစ်သွားအောင် မေတ္တာရပ်ခံတာပါ´´ ဟု ဒေါက်တာဇော်မြင့်က ရှင်းပြသည်။
ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းနှင့် တိုင်းရင်းသားများ ကမူ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်သည် အောင်မြင်ရန် မလွယ်ကူသည့်အပြင် လမ်းကြောင်းမှားယွင်းသော လုပ်ရပ်ဟု ဝေဖန်ကြသည်။
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်သည် မှားယွင်းသော လုပ်ဆောင်ချက် ဖြစ်သည်ဟု သုံးသပ်သည်။
“ဒေါ်အောင်ဆန်းစုကြည် တံခါးခေါက်မှားနေပြီ။ ဟိုဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်ပြင်ပါ့မလဲ။ ဖက်ဒရယ် ပြည်ထောင်စုတောင် မနည်းမလွယ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ချင်တဲ့နေရာမှာ သမ္မတ ပြင်ချင်တာတမျိုး၊ လူထုက ဖြစ်ချင်တာ တမျိုး၊ တိုင်းရင်းသားတွေက ဖြစ်ချင်တာတမျိုး၊ ဒီမိုကရေစီဘက်တော်သားတွေက ပြင်ချင်တာက တမျိုး။ တပ်မတော်ဘက်က ဖြစ်ချင်တာက တမျိုး အမျိုးမျိုးတွေဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက် အောင်မြင်ဖို့ ခက်ခဲမယ်ထင်တယ်´´ ဟု ဦးခွန်ထွန်းဦးက ရှင်းပြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဒေါ်အောင်ဆန်းစုကြည် သည် လွှတ်တော်တွင်းမှ တောင်းဆိုချက် မလုပ်ဆောင်ဘဲ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးခွင့်တောင်းခြင်းဖြင့် အခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် လက်တွေ့ မကျသော ဆောင်ရွက်ချက် ဟု ဝေဖန်ပြောဆိုသည်။
“သူ့ဟာက စိတ်ကူးယဉ်ဆန်တယ်။ သူနည်းနည်း ယုံကြည်မှု လွန်ကဲနေတယ်။ ယုံကြည်မှု သိပ်များနေသလားလို့ တွေးမိတယ်။ လူထုဆန္ဒခံပွဲက ရလာဒ်တွေကို လွှတ်တော်မှာ တင်ပြ။ ဒီရလာဒ်က လူထုပွဲတွေက ရလာတာလို့ လွှတ်တော်ကို တင်ပြလို့ရတယ်။ အဲဒါမှ သဘာဝကျတယ်။ အခုက သမ္မတကို မေတ္တာရပ်ခံတယ်ဆိုပေမယ့်လို့ သူက သမ္မတကို အမိန့်ပေးနေတာ။ အခု သူရဲ့မေတ္တာရပ်ခံချက်က လက်တွေ့မကျဘူး။ လူထုက ဒါတွေကို ပြင်ချင်လို့ အဆိုတင်ပါတယ် ဆိုပြီး လွှတ်တော်မှာ အဆိုတင်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်ပဲ။ လွှတ်တော်က လုပ်ပေါ့။ ဆွေးနွေးပေါ့။ ဒါမျိုးပဲ လုပ်လို့ရတယ်´´ ဟု ဦးလှဆွေက ဆိုသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ချောမွေ့စေရန်ဟူ၍ မေတ္တာရပ်ခံမှုသည် ယေဘုယျဆန်ပြီး တိကျသေချာသော ခေါင်းစဉ် အောက်တွင် တောင်းဆိုပါက တိုင်းရင်းသားအားလုံး၏ ထောက်ခံ ချက်ရနိုင်ကြောင်း၊ လတ်တလော တောင်းဆို မေတ္တာရပ်ခံချက်အတိုင်း တွေ့ဆုံမှု ဖြစ်ခဲ့သည့်တိုင် သဘောတူညီချက် ရရှိရန် မလွယ်ဟု ဆိုသည်။
“သမ္မတရယ်၊ တပ်မတော်ခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ တွေရယ်၊ သူရယ်ဆိုတော့ ၄ ယောက်ပေါ့။ သူတို့ ခေါင်းဆောင် တွေ ဆွေးနွေးရင်ပြီးရမယ်ဆိုတဲ့ သဘောရောက်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်မှာ လွတ်လပ်စွာ မဲပေးပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို မှေးမှိန်သလိုဖြစ်နေတယ်။၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စေရန်လို့ ပြောပြီး ဒီလိုမေတ္တာရပ်ခံတာ မလွယ်လှဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခေါင်းစဉ် တခုကို တိတိကျကျ ပြောဖို့ကောင်းတယ်။ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပေါ့။ အဲလိုမျိုး ဖြစ်သင့်တယ်။ ဘာမှန်းမသိဘဲနဲ့ အုပ်စုတိုင်းပြင် ချင်တဲ့ အချက်တွေရမှ ချောမွေ့မယ်ပြောရင်တော့ ဘယ်လိုမှ မချော မွေ့နိုင်ဘူး´´ ဟု ဦးရဲထွန်းက ရှင်းပြသည်။
တချို့သော လွှတ်တော်ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်သည် လွှတ်တော်၏ မူဘောင်နှင့် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်တောင်းဆိုနေပြီး ပြည်ထောင်စု အကျိုးထက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒကို အကောင်အထည်ဖော်လိုသည့် သဘောဖြစ်နေသည်ဟု ဆိုကြသည်။
“တိုင်းပြည်မှာ မဏ္ဍိုင်တွေကို ထိန်းညှိနိုင်တဲ့ ပါဝါက လွှတ်တော်မှာ ရှိနေပြီ။ လွှတ်တော်ရဲ့ မှာ အဆိုတရပ်တင်ပြီး တိုက်တွန်းတာ ပိုပြီးတော့ ပါလီမန်ဒီမိုကရေစီဆန်မှာပေါ့။ ကိုယ်စားလှယ်တွေရဲ့လုပ်ပိုင်ခွင့်က ဥပဒေပြုနိုင်သလို သက်ဆိုင်ရာ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုလည်း တိုက်တွန်းချက်တွေလုပ်နိုင်တယ်။ အဆိုအပေါ်မှာ ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးပြီးမှ ပြည်ထောင်စုလွှတ်တော်ကနေ အစိုးရကို တိုက်တွန်းရမှာပေါ့။ ပိုပြီးတော့ ဆီလျှော်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်က လက်တွေ့မကျနိုင်သလို လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းအရ မဖြစ်နိုင်ဘူး´´ ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာ အေးမောင်က ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အဓိက ဦးတည် တွေ့ဆုံရန် တောင်းဆိုခြင်းဖြစ်သည့် အတွက် တပ်မတော်၊ အစိုးရနှင့် ခေါင်းဆောင်များအားလုံး မငြင်းပယ်သင့်ကြောင်း ပြောဆိုသည်။
“တပ်မတော်ခေါင်းဆောင်နဲ့ အစိုးရခေါင်းဆောင်တွေအနေနဲ့လည်း မငြင်းပယ်သင့်ဘူး။ တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်း က ပြည်ထောင်စု အတွက် ကောင်းမွန်တဲ့နည်းလမ်းပါပဲ။ တွေ့သင့်ပါတယ်။ တွေ့မယ်ဆိုရင်လည်း ကောင်းပါတယ်။ တွေ့ဖို့ လည်း တိုက်တွန်းပါတယ်။ကာကွယ်ရေးဦးစီးချုပ်ကလွဲပြီးရင် ကျန်တဲ့သူအားလုံးက ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီး ပြီ။ ကာချုပ်ကိုပဲ သူ မတွေ့ရသေးတာ။ ဒီလို တောင်းဆိုတာက ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဖို့ ၊ တွေ့တဲ့အခါမှာ သက်သေ တဲ့အဖြစ် သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို ရှိစေချင်တဲ့ သဘောပဲ။ ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းအတွက် အဓိကတာဝန်ရှိတဲ့ပုဂ္ဂိုလ်ပဲ´´ ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ခေါင်းဆောင်များ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေး ဆွဲရေး ချည်းကပ်သည့် ပုံစံ မတူသော်လည်း သဘောမကွဲလွဲဘဲ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ပြောဆိုခဲ့ကြသည်။