ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ဘန်ကောက် မြို့တော်နဲ့ အနီးရှိ ခရိုင် ၂ခုမှာ ထိုင်းအစိုးရက မနေ့ညက စတင်ပြီး အရေးပေါ် အခြေ အနေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ယမန်နေ့ ညနေက ဒီမိုကရက်တစ်ပါတီ ဒု ဥက္ကဋ္ဌဟောင်း ဆူထေ့ပ် သပ်ဆူဗန် ဦးဆောင်တဲ့ အစိုးရ ဖြုတ်ချရေး ဆန္ဒပြသူတွေက ဘဏ္ဍာရေး ဝန်ကြီးဌာနရုံးကို ဝင်ရောက်သိမ်းပိုက်ပြီးတဲ့နောက်မှာ အခုလို ဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်က အရေးပေါ် အခြေ အနေ ကြေညာလိုက်ခြင်းဖြစ်ပါတယ်။
“အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို လေးစားပါတယ်၊ ဒါပေမယ့် တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့နဲ့ နိုင်ငံ သားများ လုံခြုံမှု အတွက်လည်း တာဝန်ရှိပါတယ်”လို့ ဝန်ကြီးချုပ် ယင့်လပ်က ပြောဆိုပါတယ်။
အရေးပေါ်အခြေအနေရ ဆိုရင် အာဏာပိုင်တွေအနေနဲ့ ညမထွက်ရအမိန့်ထုတ်ပြန်ခွင့်၊ လမ်းတွေကို ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ် နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုထုတ်ပြန်လိုက်တဲ့ ကြေညာချက် အရဆိုရင် လူစုလူဝေးနဲ့ ဆန္ဒပြခွင့်မရှိပေမယ့် ဖြိုခွင်းတာမျိုးမတွေ့ရသေးပါဘူး။
ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်ကတော့ ဆန္ဒပြသူတွေအနေနဲ့ သူတို့ဘာသာ သူတို့လူစုခွဲပြီး နိုင်ငံရေးအရ အဖြေရှာဖို့ ပြောဆို နေပေမယ့် ဆန္ဒပြသမားတွေကတော့ ယင့်လပ် အစိုးရဟာ အစ်ကိုဖြစ်သူ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ထိန်းချုပ်မှု အောက်မှာ ရှိတဲ့အတွက် ဖြုတ်ချရမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဆန္ဒပြ ခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန် ကို ဖမ်းဆီးဖို့ ဖမ်းဝရမ်းကို ထိုင်းနိုင်ငံ ရာဇဝတ်မှု ဆိုင်ရာ ခုံရုံးက အတည်ပြု ပေး လိုက်ပြီလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဒီနေ့ ပါရှိပါတယ်။
မနေ့ကတော့ ဆန္ဒပြသမားတွေဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနထဲကို ရောက်လာပြီးတော့ အစိုးရလုပ်ငန်း တွေ ကို ရပ်တန့်အောင် ပြုလုပ်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတုန်းကလည်း ရှပ်ဝါ ဆန္ဒပြသူတွဟာ ဘန်ကောက်မြို့က နိုင်ငံတကာ လေဆိပ်နှစ်ခုကို တပတ်ကြာ စီးနင်းထားတဲ့အတွက် လေဆိပ်ပိတ်လိုက်ရတဲ့ အပြင် ဝန်ကြီးချုပ်ရုံးကိုလည်း သုံးလခန့် ထိန်းချုပ်ထားခဲ့ ပါသေးတယ်။
ဒီတကြိမ်မှာတော့ အစိုးရအနေနဲ့ အဓိက လေဆိပ်ရှိရာ နယ်မြေတွေကို ဆန္ဒပြသူတွေ သိမ်းပိုက်လို့မရအောင် လုံခြုံရေးတင်းကျပ် ထားပါတယ်။
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ အစိုးရရုံးတွေနဲ့ ရုပ်မြင်သံကြား ဌာနတွေ အပါအဝင် နေရာ ၁၃နေရာကို မနေ့က စတင်ပြီး ချီတက် စီးနင်းခဲ့တာဖြစ်ပါတယ်။
“ဘာတခုမှတော့ မဖျက်ဆီးနဲ့၊ အထပ်တိုင်းကို တက်မယ်၊ အခန်းတိုင်းကို ဝင်မယ်၊ ဒါလူထုရဲ့အာဏာဆိုတာ သူတို့ကို ပြရမယ်”လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို မသိမ်းခင် ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ်သပ်ဆူဗန်က ဆန္ဒပြသူတွေကို မိန့်ခွန်းပြောပါတယ်။
ဆန္ဒပြသူတွေကလည်း သီချင်းတွေ သီဆိုကခုန်ပြီး ဝီစီကို တရွီရွီမှုတ်ကာ အစိုးရဆန့်ကျင်ရေး “ဝီစီ လှုပ်ရှား”မှုကို လုပ်ကြပါတယ်။
အဲဒီနေ့ ညနေမှာပဲ ဆန္ဒပြတဲ့ အဖွဲ့တဖွဲ့ဟာ မူလပစ်မှတ်ထဲမှာမပါတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပရဝုဏ်ထဲကို ရောက်ရှိသွားခဲ့ ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Sek Wannamethee က “လူဘယ်နှစ်ယောက်လဲတော့ မသိဘူး၊ သူတို့ ဝန်းထဲကို ရောက်ခဲ့ပေမယ့်၊ အဆောက်အအုံထဲကို မဝင်ဘူးလို့ ကတိပေးပါတယ်၊ နောက်နေ့ သူတို့ ရုံးထဲကနေ အိမ်ပြန်ဖို့ နည်းလမ်းရှာနေ ပါတယ်”လို့ ပြောပါတယ်။
အစိုးရ ကတော့ အင်အားမသုံးဘဲ ရုံးတွေကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းဖို့ နည်းလမ်း ရှာနေတယ်လို့ ရဲတပ်ဖွဲ့ ပြော ရေး ဆိုခွင့်ရှိသူ Piya Uthayoက ဆိုပါတယ်။
ဆန္ဒပြတဲ့ လမ်းကြောင်းပေါ်ရှိနေတဲ့ စာသင်ကျောင်း ၂၀ကျော်ကို ပိတ်ထားရပါတယ်။ စစ်ရုံးချုပ်နဲ့ ရဲဌာနချုပ် အပါအဝင် ရုပ်မြင်သံကြား ဌာန ၅ ခုကိုတော့ အစိုးရက ထိန်းချုပ်ထားပြီး အနီးတဝိုက်မှာလည်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ ထိုင်းအစိုးရကို ထောက်ခံတဲ့ ရှပ်နီဝတ်တွေကလည်း အင်အား ၄သောင်းလောက်နဲ့ တန်ပြန် ဆန္ဒပြပွဲတွေကို ရာဇမင်္ဂလာ ဘောလုံးကွင်းကြီးထဲမှာ ကျင်းပနေပြီး အစိုးရ ဆန့်ကျင်သူနဲ့ ထောက်ခံသူ အုပ်စု နှစ်စုအကြား ထိပ်တိုက်တွေ့ပြီး အကြမ်းဖက်မှု တွေဖြစ်လာမှာကို ပြည်သူများက စိုးရိမ်နေကြပါတယ်။
အမေရိကန်အစိုးရကတော့ အစိုးရ ထောက်ခံသူရော ဆန့်ကျင်သူ နှစ်ဘက်စလုံးကို အေးချမ်းစွာနဲ့ အဖြေရှာဖို့ တိုက်တွန်း ပါတယ်။
“နိုင်ငံရေး အမြင်ကွဲပြားမှုကို အေးချမ်းစွာ အဖြေရှာဖို့လိုပါတယ်၊ အကြမ်းဖက်တာ တိုက်ခိုက်ဖျက်ဆီးတာတွေကို လက်မခံဘူး”လို့အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Jen Psaki က ပြောဆိုထားပါတယ်။