မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင် နောက်ဆုံး လက်ကျန်တဦးဖြစ်သည့် ဗိုလ်ရဲထွဋ် (၉၂) နှစ်သည် ယမန်နေ့ ည ၉ နာရီ ကျော်က ရန်ကုန်မြို့ ရှိ သုခကမ္ဘာ ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်သည်။
ဗိုလ်ရဲထွဋ်သည် လူကြီးရောဂါဖြင့် တိမ်းပါးသွားခြင်းဖြစ်ပြီး ကျန်ရစ်သည့် ရုပ်ကလာပ်ကို နံနက်ဖြန်၌ ရေဝေးသုဿန်တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း မိသားစုဝင်တဦးဖြစ်သည့် မြေးဖြစ်သူ မဟေမာန်ကျော်ကျော်က ဧရာဝတီသို့ပြောသည်။
ရဲဘော်သုံးကျိပ်ဝင်များထဲတွင် အသက်အငယ်ဆုံးဖြစ်သည့် ဦးအောင်သိန်း (ခ) ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အထက်တန်း ကျောင်းဆရာအဖြစ် လုပ်ကိုင်ရင်း သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် ဒို့ဗမာ အစည်းအရုံးဝင်တဦးအဖြစ်လည်း အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်ရာတွင် ပါဝင်ခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ကိုရွှေ (ခ) ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ သခင်သန်းတင် (ဗိုလ်မြဒင်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်းယုန်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ သခင်စိုး (ဗိုလ်မြင့်အောင်) တို့နှင့်အတူ ကိုင်ရှိုမာရူး ကုန်တင်သင်္ဘောဖြင့် အင်္ဂလိပ်ကို တော်လှန်ရန် ဂျပန်သို့ ထွက်ခွာခဲ့ရာ ဒုတိယ အသုတ် ရဲဘော် သုံးကျိပ်ဝင် ဖြစ်လာသည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) ကို ဖွဲ့စည်းပြီး မြန်မာပြည်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ဗိုလ်ဇေယျနှင့် အတူ ရေကြောင်းချီတပ်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်ခဲ့သည်။
ဂျပန်ခေတ်ကာလ ဗိုလ်ချုပ်အောင်ဆန်း၏ အတွင်းရေးမှူးဖြစ်ခဲ့ပြီး သူ၏ အခင်မင်ဆုံး ရဲဘော်သုံးကျိပ်ဝင်များမှာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၊ ဗိုလ်ရန်အောင် တို့ ဖြစ်သည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တရုတ်နိုင်ငံတွင် ကွယ်လွန်သွားပြီး ဗိုလ်ရန်အောင်မှာ ပဲခူးရိုးမ၌ ဖြစ်ပွားခဲ့သည့် ကွန်မြူနစ်များ၏ ဖြုတ်ထုတ်သတ်ပွဲတွင် သေဆုံးခဲ့ရသည်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ဂျပန်တော်လှန်ရေးတွင် ပျဉ်းမနား၊ မိတ္ထီလာ၊ တောင်ငူ၊ တောင်ပိုင်းရှမ်းပြည်တချို့တို့၌ တိုင်း (၆) စစ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အပြီးတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် နီးစပ်ခဲ့ပြီး တပ်တွင်းကွန်မြူနစ်များအဖြစ် ရပ်တည်ခဲ့သည်။
လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများတွင် ဗမာ့သေနတ် ကိုင်တပ်ရင်း (သနက ၃) တွင် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ရဲထွဋ် အနေဖြင့် တာဝန်ယူခဲ့သည်။
၁၉၄၈ ခုနှစ် တိုင်းပြည် မငြိမ်မသက်ဖြစ်မှု များလာရာ အစိုးရအဖွဲ့အတွင်းရှိ လက်ယာသမားများ၏ ရန်မှ ကာကွယ်ရန် လက်ဝဲညီညွတ်ရေး ကောင်စီဖွဲ့ရာ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ဇေယျ၊ ဦးသိန်းဖေမြင့်နှင့်အတူ ပါဝင်ခဲ့သည်။
သို့သော် ထိုနှစ် သြဂုတ်လမှာပင် သနက (၃) ကို ဦးဆောင်ပြီး တော်လှန်သော တပ်မတော်အဖြစ် တောခိုခဲ့သည်။
နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော် စစ်ဦးစီးမှူးအဖြစ် တာဝန်ယူပြီးနောက် ၁၉၆၃ ခုနှစ်တွင် ဗိုလ်စိန်တင်၊ ဗိုလ်ရဲမောင်တို့နှင့် အတူ ပဲခူးရိုးမ အနောက်ခြမ်း ဇီးကုန်းမြို့မှ အလင်းဝင်ခဲ့သည်။
ဗိုလ်ရဲထွဋ်သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်နွှယ်၍ တောခိုခဲ့သော်လည်း ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီး နေဝင်းကို အကြည်ညိုဆုံးဖြစ်သည်ဟု သိရသည်။
ထို့နောက် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ပါတီဗဟိုရေးရာဌာနကြီး အတွင်းရေးမှူးအဖြစ် တာဝန်ခဲ့သော်လည်း ၁၉၇၇ ခုနှစ်တွင် ပါတီမှ အငြိမ်းစားယူခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားသည့် ၈လေးလုံးတွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖြစ် ပါဝင်ခဲ့ပြီး ထိန်းသိမ်းခံခဲ့ရသေးသည်။