ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်တို့နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ရာ ယင်းစာအပေါ် သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ ဧရာဝတီအယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုတိယဝန်ကြီးဦးရဲထွဋ်နှင့်ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေ ချောမွေ့စေရန်ဆိုတဲ့ မေတ္တာရပ်ခံချက်နဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လို ပြန်ကြား ပါသလဲ။
ဖြေ။ ။ကျနော်တို့က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ အစီရင်ခံစာထွက်ပြီးတော့မှ ပြန်လည် စဉ်းစားလုပ်ဆောင်သင့်တယ်လို့ ပြန်ကြားပါတယ်။ ကျနော်တို့ အယူအဆက အခု တွေ့လိုက်လို့ရှိရင် ကော်မတီအပေါ်မှာ ဖိအားပေးသလို၊ ဆန့်ကျင်တဲ့ အချက်တွေပါရင် ပိုရှုပ်ထွေးမှာပေါ့။ ကော်မတီရဲ့ အစီရင်ခံစာ ပေါ်လာပြီးတော့မှပဲ ဘယ်လိုတွေ့မလဲ။ ဘယ်လိုလုပ်မလဲ။ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ။ အဲလိုစဉ်းစားမှာပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တွေ့ဆုံချင်တယ်လို့ ပြောထားတယ်။ ဘာကြောင့် တွေ့ဖို့လိုတယ်ထင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ဘက်က အယူအဆကို ပြောမယ်။ ဟိုဘက်က(ဒေါ်အောင်ဆန်းစုကြည်) အယူအဆကို ကျနော်တို့ မသိဘူး။ ကော်မတီ အစီရင်ခံစာ ပေါ်လာလို့ရှိရင် တချို့လုပ်ရမယ့် လုပ်ငန်းတွေ ပေါ်လာမှာပေါ့ဗျာ။ တချို့ဟာတွေကျရင် ကော်မတီကလည်း ပြတ်ချင်မှ ပြတ်မှာပေါ့။ ဘယ်လိုကိစ္စကို ဘယ်လိုစဉ်းစားသင့်တယ် ဆိုတာမျိုးတွေ ရှိလာနိုင်တာပေါ့။ ဥပမာဆိုရင် တပ်မတော်ဘက်က ဘယ်လိုစဉ်းစားမလဲ၊ အုပ်ချုပ်ရေးဘက်က ဘယ်လိုစဉ်းစားမလဲ၊ ပါတီတွေဘက်က ဘယ်လိုစဉ်းစားမလဲ။ ပါတီထဲမှာလည်း အယူအဆ အမျိုးမျိုးရှိသေးတယ်။ ၂၀၁၁ မတိုင်မီ ဖွဲ့စည်းခဲ့လို့ လွှတ်တော်ထဲမှာ ရောက်ရှိနေတဲ့ နိုင်ငံရေးပါတီတွေရှိသလို အဲဒီနောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီတွေလည်း ရှိတာကိုးဗျ။ သူတို့က ယေဘုယျအားဖြင့် လွှတ်တော်ထဲမှာ လာမဲမပေးရဘူးဆိုပေမယ့် သူတို့ရဲ့ အသံကိုလည်း နားထောင်ရမယ်။ ကျနော်တို့က အခုလုပ်နေတာက အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ် တခုဖြစ်အောင် လုပ်နေတဲ့အတွက်ကြောင့်မို့ နောက်ကျပြီးမှ ရောက်လာတဲ့သူတွေကိုလည်း လွှတ်တော်မှာ မဲပေးခွင့်မရှိရင်တောင်မှ သူတို့ရဲ့ အယူအဆကို လွှတ်တော်မှာ ဆုံးဖြတ်မယ့် ကိုယ်စားလှယ်တွေ စဉ်းစားနိုင်အောင် အသိပေးရမှာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အသံတွေလည်းရှိသေးတာကိုး။ ဒါတွေကြောင့် ပြောတာပါ။
မေး။ ။ တွေ့ဆုံဆွေးနွေးဖို့က အစီရင်ခံစာကြည့်ပြီး ဆုံးဖြတ်ရမှာဆိုတော့ အစီရင်ခံစာ ထွက်လာရင်တောင်မှ တွေ့ဆုံဆွေးနွေးမှုက သေချာပေါက် ဖြစ်နိုင်၊ မဖြစ်နိုင်၊ တွေ့ဆုံဆွေးနွေးမှု လိုတယ်၊ မလိုဘူးဆိုတာ လတ်တလော မပြောနိုင်သေးဘူးလို့ ပြောချင်တာလား။
ဖြေ။ ။ မှန်ပါတယ်။ အဲဒီကျမှ လုပ်ငန်းတွေ ပေါ်လာမှာဗျ။ ခုနလို ရှင်းရမှာတွေတယ်။ ဒီကိစ္စတခုကို ကျန်တဲ့ ပါတီတွေက လက်ခံနိုင်မလား၊ နိုင်ငံရေးပါတီကတွေ လက်ခံမလား။ တပ်မတော်ကရော၊ အုပ်ချုပ်ရေး ကရော ဒီလို အမြင်တွေက တွေ့လာတဲ့ အပေါ်မှာ မူတည်ပြီးတော့မှ ပြောစရာတွေဖြစ်လာမှာပေါ့။ သူတို့(ဒေါ်အောင်ဆန်းစုကြည်) အယူအဆအတိုင်း ဒီလေးယောက်တွေ့ပြီးတော့ မင်းတို့ ဒီအတိုင်း ဆုံးဖြတ်ကြ ဆိုပြီးတော့လည်း ပြောလို့ရတဲ့ကိစ္စမှ မဟုတ်တာ။ အဲဒါဆိုလည်း လူတွေရဲ့အသံနားထောင်ရာ ဘယ်ရောက်တော့မလဲ။
မေး။ ။ ထပ်ပြီးမေးပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အပေါ် သမ္မတနဲ့ ကာချုပ်ရဲ့ အဓိက ပြန်ကြားချက်က ဘာပါလဲ။
ဖြေ။ ။ သူ(ဒေါ်အောင်ဆန်းစုကြည်)က အခုတွေ့ဖို့လုပ်နေတယ်။ ဒါကို ကျနော်တို့က ဘယ်လိုတွေ့မလဲ။ ဘယ်သူတွေပါဝင်တွေ့မလဲဆိုတဲ့ ကိစ္စမျိုးက ကော်မတီရဲ့ အစီရင်ခံစာ တင်လာပြီးမှ စဉ်းစားသင့်တယ် ဒါကိုပြောတာ။ ဘယ်သူနဲ့မှ မတွေ့ဘူးလို့ ပြောတာမဟုတ်ဘူး။ မျက်စိပိတ်ပြီး ငြင်းတာမဟုတ်ပါဘူး။
မေး။ ။ အစီရင်ခံစာ ထွက်လာပြီးလို့ တွေ့သင့်တယ် ထင်မှ တွေ့မှာပေါ့။ မတွေ့သင့်ဘူးထင်ရင် မတွေ့ဘူးပေါ့။ တွေ့မယ်လို့ သေသေချာချာကြီး မဟုတ်ဘူးပေါ့။ ဒီလို ဆိုလိုတာလား။
ဖြေ။ ။ အစီရင်ခံစာ ပါလာရင်တော့ ကျနော်တို့ လုပ်စရာ အလုပ်တွေရှိကြဦးမှာပဲ။ နောက်ဆုံး ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင်တောင်မှ အုပ်ချုပ်ရေးဘက်က လုပ်ပေးရမယ့် အပိုင်းတွေရှိသေးတယ်လေ။ ဆိုတော့ ပြောစရာတွေ ရှိလာမှာပဲ။ အစီရင်ခံစာ ထွက်လာပြီးမှပဲ စဉ်းစားလို့ရမှာပဲ။
မေး။ ။ ဒါဆိုရင် အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်က အချိန်မကျသေးဘူး၊ စောနေတယ်လို့ ဆိုလိုတာပါလား။
ဖြေ။ ။ မှန်ပါတယ်။ ကျနော်တို့ နိုင်ငံရေးဖြစ်စဉ်မှာ တွေ့တာတော့ သမ္မတကြီးလည်း အကုန်လုံးနဲ့ တွေ့ဆုံ ဆွေးနွေးနေတာပဲလေ။ ပုဂ္ဂိုလ်ရေးအမြင်ဖလှယ်တာတွေ ဒါမျိုးတွေက ရှိနေတာပေါ့။ သို့သော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဒီလိုမျိုးတွေ့လိုက်မယ်ဆိုရင် ဟိုဘက်မှာ ကွဲပြားမှုတွေ၊ ဖိအားပေးမှုတွေ ဖြစ်မှာစိုး လို့ ဒါကို (ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်က) အချိန်မတန်သေးဘူး လို့ပြောတာ။ ဘယ်သူနဲ့မှ မတွေ့ဘူးလို့ မျက်စိပိတ်ငြင်းနေတာမဟုတ်ဘူး။ နောင်ကျရင် ဘယ်လိုဖြစ်မယ် ဆိုတာလည်း ကော်မတီရဲ့ အစီရင်ခံစာ ပေါ်မှာပဲ မူတည်တာပဲ။ အဲဒီကော်မတီမှာလည်း NLD အပါအဝင် လွှတ်တော်ထဲက နိုင်ငံရေးအင်အားစုတွေ အကုန်ရှိနေတာပဲ။