မြန်မာနိုင်ငံတွင် လိင်တူချစ်သူများ (LGBT) အပေါ် သက်ရောက်နိုင်သည့် ဥပဒေဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ကို ပယ်ဖျက်ပေးရန်နှင့် “ကျား၊ မ တန်းတူညီမျှမှု ရရှိရေး” ဆိုသည့် စကားစုတွင် “ကျား၊ မ နှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများ တန်းတူညီမျှမှု ရရှိရေး” ဟု ပြောင်းလဲပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း လိင်တူချစ်သူ အခွင့်အရေးဆိုင်ရာ ကွန်ရက်မှ သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် သဘာဝမကျသည့် လိင်ဆက်ဆံမှုပြုခြင်း၊ တိရိစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေတခု ဖြစ်သည်။
“ကျနော်တို့ လိင်တူချစ်သူတွေက လူ့အခွင့်အရေးပိုင်းမှာ တန်းတူညီမျှမှုတွေ မရကြတော့ တန်းတူ အခွင့်အရေးရဖို့ လိုပါတယ်။
လူ့အခွင့်အရေး ဆိုတာကလည်း လိင်စိတ်ခံယူမှုနဲ့လည်း မဆိုင်ဘူးလို့ ထင်တယ်။ လောလောဆယ်တော့ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) NLD ပါတီက လွှတ်တော်အမတ်တချို့နဲ့ လိင်တူချစ်သူတွေ တွေ့ထားပြီး ဆွေးနွေးထားတာတွေရှိတယ်” ဟု လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ရက်မှ ကိုတင်ကိုကိုက ပြောပြသည်။
ကိုတင်ကိုကိုသည် လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့် ရန်ကုန်အခြေစိုက် လိင်တူချစ်သူများ ဖွဲ့စည်းထားသည့် Kings & Queens အဖွဲ့တွင် ပါဝင်ကာ လိင်တူချစ်သူများ၏ လူ့အခွင့်အရေး တန်းတူညီမျှမှုရရှိရေး၊ လိင်စိတ်ခံယူမှု အပေါ် လူသားများ ပိုမိုသိရှိရေး၊ ပညာပေးမှု၊ ဗဟုသုတဖြန့်ဝေမှုများတွင် ပါဝင်လှုပ်ရှားနေသူ တဦးဖြစ်ပြီး ၎င်းကိုယ်တိုင်သည်လည်း လိင်တူချစ်သူတဦးဖြစ်သည်။
ထို့အပြင် လိင်တူချစ်သူများ (LGBT) အနေဖြင့် လူအများကြားတွင် ခွဲခြားဆက်ဆံခံနေရပြီး အများနည်းတူ လွတ်လပ်စွာ နေထိုင်ခွင့်မရှိခြင်း၊ လက်ထပ်ခွင့် မရှိခြင်း၊ နှိမ့်ချဆက်ဆံခံနေရခြင်းများကြောင့် တန်းတူညီမျှသည့် လူ့အခွင်အရေး ရရှိအောင် တောင်းဆိုမှု များပြုလုပ်သွားမည်ဟု သိရသည်။
“ပုဒ်မ ၃၇၇ ဆိုတာက သဘာဝမကျတဲ့ လိင်ဆက်ဆံမှုမျိုး လုပ်တာကို အပြစ်ပေးနိုင်တယ်ပေါ့။ ဒါပေမယ့် သဘာဝမကျဘူး ဆိုတာက ဘာလဲဆိုတာကို တိတိကျကျ မဖော်ပြထားဘူး။ ယောကျာ်ချင်း၊ မိန်းမချင်း၊ တိရိစ္ဆာန်နဲ့ စသည်ဖြင့်ပေါ့၊ အားလုံးကို လွှမ်းခြုံပြီး ဖမ်းဆီး အပြစ်ပေးနိုင်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ တိရိစ္ဆာန်နဲ့ လိင်ဆက်ဆံတာက လွဲရင် ကျန်တာက သဘာဝကျတဲ့ လိင်ဆက်ဆံမှုပဲလေ။ ဒါကြောင့် ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြတာ” ဟု လူ့အခွင့်အရေး ပညာပေးဌာန ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
လက်ရှိတွင် လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့် ချိတ်ဆက်ထားသည့် အဖွဲ့အစည်းမှာ မြန်မာ တနိုင်ငံလုံး အတိုင်းအတာဖြင့် လိင်တူချစ်သူ အဖွဲ့အစည်း ၁၉ ဖွဲ့ ရှိနေပြီဖြစ်ကြောင်း၊ လာမည့် ၂၀၁၄တွင် ၂၅ ဖွဲ့ ဖြစ်လာအောင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လိင်စိတ်ခံယူမှုနှင့် ပတ်သက်သည့် ပညာပေးမှု၊ ဗဟုသုတများကို ပြည်သူများသိရှိအောင် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်က ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံသို့ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင်
လိင်တူချစ်ခင်မှုအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ဥပဒေများရှိနေခြင်းက လိင်တူချစ်သူများအကြား HIV/AIDS ကုသရေးတွင် အခက်အခဲ၊ အဟန့်အတားဖြစ်နေကြောင်း၊ လိင်တူချစ်သူများအကြား HIV/AIDS ကူးစက်ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ ဖြစ်နေရခြင်းမှာ လူထု အတွင်း ခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲများ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။