လာမည့် ဆီးဂိမ်းပွဲတွင် သတင်းဝင်ယူကြမည့် သတင်းထောက်များ အတွက် မီဒီယာဝင်ခွင့် ကတ်များနှင့် ပက်သက်ပြီး မည်သို့ ပြုလုပ်ရမည်ကို တိတိကျကျ လမ်းညွှန်ထားခြင်းမရှိသကဲ့သို့ လုံခြုံရေးများကလည်း ထိုဝင်ခွင့်ကတ်များကိုပင် အသိအမှတ် မပြုဘဲ တားဆီးနေမှု များကြောင့် သတင်း သမားများ အခက်ခဲ တွေ့ကြုံနေကြရကြောင်း ကြားသိရသည်။
ဆီးဂိမ်းတွင် သတင်းဝင်ရောက် ရယူကြရန်အတွက် အမျိုးသား အိုလံပစ်ကောင်စီ၊ အားကစား ဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့နှင့် ဆက်သွယ် ပြုလုပ်ထားသော ဝင်ခွင့်ကတ်များသည် သတင်းယူရန် နေရာအနှံ့ ဝင်ခွင့်မရှိကြောင်း၊ ထို့အပြင် လုံခြုံရေး စောင့်နေကြသော ရဲများက မီဒီယာကတ် ပါသော်လည်း ဝင်ရောက်ခွင့် မပေးခြင်းများ ကြုံတွေ့နေကြရကြောင်း
၎င်းတို့က ဆိုသည်။
“ဝင်ခွင့် ကတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ရှုပ်ထွေးမှုတွေက ရှိနေတယ်။ မီဒီယာ ဝင်ခွင့်ကတ်တွေ ရှိနေတာတောင်မှ လုံခြုံရေး စောင့်တဲ့သူတွေက ကတ်တွေရဲ့ သဘောတရားကို နားမလည်ကြဘူး။ နိုဝင်ဘာ ၂၈ ရက်နေ့က ကျင်းပတဲ့
ဆီးဂိမ်း ဖွင့်ပွဲ အကြိုလေ့ကျင့်တဲ့ ပွဲမှာတောင် ခပ်စောစော ရောက်သွားတဲ့ မီဒီယာသမားတွေပဲ အထဲကို ဝင်လို့ရလိုက်တယ်။ နောက်ပိုင်းမှ လာကြတဲ့ မီဒီယာသမားတွေကို လုံခြုံရေးတွေက ပေးမဝင်ဘူးဗျ” ဟု ဓာတ်ပုံသတင်းထောက် ကိုဟိန်းထက်က ဧရာဝတီသို့ ပြောသည်။
ထို့အပြင် သတင်း မီဒီယာများအတွက် အဓိကဖြစ်သည့် မီဒီယာစင်တာ ပြုလုပ်မည့် မဏိရတနာ ခန်းမတွင်းသို့ ဝင်ခွင့်နှင့် ပက်သက်ပြီး သီးသန့်ဝင်ခွင့်ကတ် ထပ်မံပြုလုပ်ရမည် ဖြစ်ကြောင်း၊ အားကစား သမားများ စခန်းသွင်း လေ့ကျင့်မည့်
Gold Camp အတွင်း ဝင်ရောက်ခွင့်ကိုလည်း ဝင်ခွင့်ကတ် သီးသန့် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲကို တက်ရောက် သတင်းယူရန်မှာလည်း ဝင်ခွင့်ကတ်တခု ထပ်မံ ပြုလုပ်ရမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ဝါရင့် သတင်းသမား တဦးက ဆိုသည်။
ထိုသို့ ဝင်ခွင့်ကတ်များနှင့် ပက်သက်ပြီး ရှုပ်ထွေးနေရခြင်းသည် အစိုးရ ဝန်ကြီးဌာနတခုနှင့် တခုတို့အကြား ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေရခြင်းကြောင့် ဖြစ်ကြောင်း၊ လုံခြုံရေးကြောင့်ဟု အကြောင်းပြမည် ဆိုလျှင်လည်း မီဒီယာများနှင့် ပေါင်းစပ် ဆောင်ရွက်ရမည်ပင် ဖြစ်ကြောင်း၊ ယခင်အချိန်များကတည်းက မည်သို့လုပ်ကိုင်ရမည်ကို ကြေညာထားခြင်း မရှိဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် မထားခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မီဒီယာအုပ်စုမှ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက ဧရာဝတီသို့ ပြောသည်။
“နိုင်ငံတကာကို ဦးစားပေး၊ မပေးဆိုတာလည်း စောင့်ကြည့်ရဦးမယ်။ နိုင်ငံတကာကိုလည်း ဒီလိုတွေ လုပ်ရမယ်ဆိုရင် တိတိကျကျ အသိပေးဖို့တော့လိုမယ်။ အခုဖြစ်နေတဲ့ ပုံစံကိုကြည့်ရရင် မီဒီယာနဲ့ ပတ်သက်တဲ့၊ နိုင်ငံတကာအထိ ကိုင်နိုင်တဲ့၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အသုံးချမှု အားနည်း နေသေးတယ်။ ဆီးဂိမ်းမှာတောင် ဒီလိုမျိုး လုပ်နေရင် လာမယ့် ၂၀၁၄ အာဆီယံပွဲမှာ ပိုဒုက္ခရောက်လိမ့်မယ်။ ကော်မတီပုံစံမျိုး လုပ်နေတာထက်၊ ဒါမျိုးက သီးခြားကျွမ်းကျင်မှုတွေ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာ မီဒီယာများ၏ ဝေဖန်မှုများ ခံလာရမည်ဖြစ်ကြောင်း Eleven Media မှ တာဝန်ခံ အယ်ဒီတာ တဦးဖြစ်သည့် ကိုဝေဖြိုးက ပြောသည်။
မိမိတို့ မီဒီယာအနေဖြင့် နိုင်ငံတကာပွဲများ၊ ကမ္ဘာ့ဖလား ဘောလုံးပွဲများအထိ သတင်းသွားရောက် ယူခဲ့ဖူးသော်လည်း ယခုကဲ့သို့ တနေရာအတွက် ဝင်ခွင့်တကတ်စီ ပြုလုပ်ရသကဲ့သို့ မကြုံခဲ့ဖူးကြောင်း၊ အချိန်နီးကပ်နေပြီ ဖြစ်သည့်အပြင်
ယခုပွဲမျိုးက တိတိကျကျနှင့် သတ်သတ်မှတ်မှတ် ပြုလုပ်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ ဒီပွဲလုပ်ဖို့ မစတင်ခင် တွေ့ကတည်းက ပြောဖူးပါတယ်။ မီဒီယာတွေနဲ့ ပက်သက်ပြီး ကြိုတင်ပြင်ဆင် သင့်တာတွေကို အတွေ့အကြုံရှိတဲ့ သူတွေဆီက အကူအညီတောင်းဖို့၊ ကမ္ဘာ့စီးပွားရေး ဖိုရမ် လုပ်တုန်းက အတွေ့အကြုံတွေကို သင်ခန်းစာယူဖို့ ပြောဖူးပါတယ်။ အခုက အားကစားပွဲပါ။ တံခါးပိတ် ဆွေးနွေးတဲ့ နိုင်ငံရေး ဆွေးနွေးပွဲမျိုးလည်း မဟုတ်ပါဘူးဗျာ။ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး။ တကယ်ပဲ စိတ်ပျက်ပါတယ်” ဟု 7 Day နေ့စဉ် သတင်းစာမှ အယ်ဒီတာ ကိုအောင်သူရက ဧရာဝတီသို့ ပြောသည်။