၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရန်ကုန်မူးယစ်အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖွင့်ထုတ်ဖော်ပြခဲ့တာကြောင့် လူအများ စိတ်ဝင်တစား ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး “ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်”တဲ့ မိုးဇေညိမ်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကို ဧရာဝတီသတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ “ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့”လို့ မိုးဇေညိမ်းက ဆိုပါတယ်။
မေး။ ။ ဘာကြောင့် ဒီသတင်းတွေကို ဖွင့်ချဖြစ်တာလဲ။
ဖြေ။ ။ ဒီဖိုင်တွေကို ကျနော်သိမ်းဆည်းထားခဲ့တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။ အရင်တုန်းကတည်းက ဘာလို့ မထုတ်ဖော်ရသလဲ ဆိုတာကို ပြောရရင် ဖိုင်တွေ လက်ဝယ်ရှိစဉ်ကတည်းက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေကို ပေးပို့တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေရှိခဲ့ပေမယ့် စာရွက်စာတမ်းနှင့် ပတ်သက်နေသူများရဲ့ လုံခြုံရေးအနေအထား စိတ်မချရမှုကြောင့် သိမ်းဆည်းထားခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီစာရွက်စာတမ်းနဲ့ ပတ်သက်နေသူတွေဟာ တစုံတရာ လုံခြုံမှုရှိနေပြီဖြစ်တဲ့အတွက် ထုတ်ဖော်တင်ပြရခြင်းဖြစ်ပါတယ်။
မေး။ ။ ဒီလိုမျိုး ဖွင့်ချဖော်ထုတ်မှုတွေ ထပ်ပြီး တင်ဖို့ ရှိမလား။
ဖြေ။ ။ အတွင်းရေး သတင်းတွေ၊ အချက်အလက်တွေနဲ့ပတ်သတ်ပြီး ကျနော်ဖော်ထုတ်ခဲ့တာ ခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး ကျနော့် ရဲ့ Facebook အကောင့်မှာ Post တွေ အပိုင်းလိုက် ခွဲတင်ခဲ့တာတွေရှိသလို သတင်းဝက်ဆိုက်တစ်ခုမှာလည်း ဆောင်းပါးရှည်တချို့ ရေးသားခဲ့ပါတယ်။ မြန်မာပြည်ကို မတရားအုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်တွေက သူတို့ရဲ့ဥပဒေမဲ့ လုပ်ရပ်တွေကို အများပြည်သူတွေမသိရအောင် ထိန်ချန်လျှို့ဝှက်ထားတဲ့ကိစ္စတွေကို ဦးစားပေးဖော်ထုတ်ပါတယ်။ နောက်ပြီးပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ယူဆရတဲ့အခြေအနေတွေကို အပြုသဘောနဲ့ဖော်ထုတ်တာလည်း ဖြစ်ပါတယ်။ ကျနော် ရှေ့ဆက်ပြီး ဖွင့်ချဖို့ စဉ်းစားထားတာတွေ ရှိပါသေးတယ်။
မေး။ ။ ကိုမိုးဇေညိမ်းဆိုတာ တပ်မတော်သားဟောင်း တဦးဖြစ်ပြီး ကိစ္စတခုကြောင့် အရပ်ဘက် ဌာနတခုကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ရေးသားထားတာ တွေ့ရပါတယ် အဲဒီအပေါ်မှာကော ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်နဲ့ ပတ်သက်ပြီး မိုးဇေညိမ်း ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင်း ရေးနေ ပြောနေကြတာတွေ တွေ့ရပါတယ်။ အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး အမှား အမှန် တစုံတရာ မပြောလိုပါဘူး။ ကျနော် တချိန်က လက်နက်ကိုင် အဖွဲ့အစည်းတခုနဲ့ ပတ်သက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော် ဆက်လက် လုပ်ကိုင်မယ်ဆိုရင် လုပ်ကိုင်ခွင့်ရှိပေမယ့် ကျနော် သဘောဆန္ဒအလျောက် လုပ်ငန်းခွင်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ကျနော်နဲ့ပတ်သက်ခဲ့ဖူးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းမှာ ရှိနေစဉ် ကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာ စည်းကမ်းတွေမှာ ဖောက်ဖျက်ခဲ့ခြင်း၊ အရေးယူခံရတဲ့ ကိစ္စမျိုးတွေ မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့ စစ်ဗိုလ်ချုပ်တွေအပါအဝင် အထက်လူကြီးတွေနဲ့ ပုဂ္ဂိုလ်ရေးအရ တစုံတရာ မကျေမနပ်ဖြစ်စရာတွေ မရှိခဲ့ပါဘူး။
ကျနော် အခုလို အတွင်းရေး သတင်းတွေကို ထုတ်ဖော်နေတာဟာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်မဟုတ်ပဲ ဥပဒေကို လိုသလိုအသုံးပြုခဲ့တဲ့ အာဏာရှင်တွေရဲ့အကြောင်း တစိတ်တဒေသကို ဖော်ထုတ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော့်ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်မပါပါဘူး။
မေး။ ။ ဒီဖိုင်တွေကို ဘယ်လို ရခဲ့တာလဲ။
ဖြေ။ ။ မိုးဇေညိမ်း ဆိုတာက လူတယောက်ပါပဲ။ သို့ပေမယ့် ဒီလိုကိစ္စတွေ၊ အတွင်းရေးတွေကို ဖော်ထုတ်တဲ့နေရာမှာ လုပ်ကိုင်ဆောင်ရွက်နေတာဟာ ကျနော် တယောက်တည်းတော့ မဟုတ်ပါဘူး။ ကျနော့်မှာ အဖွဲတခုရှိပါတယ်။ မိုးဇေညိမ်း ဟာ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အမည်နာမတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ ဒီလို အချက်အလက်တွေကိုလည်း ကျနော်တို့အဖွဲ့က စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုရခဲ့လဲဆိုတာကိုတော့ ကျနော် အသေးစိတ်ပြောနိုင်မှာမဟုတ်ပါဘူး။
မေး။ ။ ဒီပို့စ်မှာ ဖော်ပြခံခဲ့ရတဲ့ အနုပညာရှင်တွေ၊ တပ်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေက ကိုမိုးဇေညိမ်းကို ဆက်သွယ်ပြောဆိုတာမျိုးရှိလား။
ဖြေ။ ။ ရှိပါတယ်။ ဟိုအရင်က တင်ပြခဲ့တာတွေမှာရော ခု တင်ပြချက်တွေမှာပါ ကျနော့်ဆီ ဆက်သွယ်ပြီး ဆက်မဖော်ပြဖို့ မေတ္တာရပ်ခံလာသူတွေ ရှိပါတယ်။ (မိုးဇေညိမ်းက ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်လို့ ဖေ့ဘွတ်အကောင့်က ကြေညာထားပါတယ်။)
မေး။ ။ အခုလို ဖော်ပြခဲ့ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ ကျနော် ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကိုယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဥပဒေနဲ့ညိစွန်းတဲ့ကိစ္စတွေ ပြုလုပ်ခဲ့သူတွေကို ဆန္ဒကတိ၊ ဘယာကတိတွေလိုက်စားပြီး အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေကိုဖော်ထုတ်တာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အုပ်စိုးခဲ့တဲ့ မြန်မာပြည်မှာ ဒါမျိုးကိစ္စတွေ ရှိခဲ့တယ်ဆိုတာကို ရပ်ကွက်အတင်း မဟုတ်ပဲ သက်သေအထောက်အထားတွေနဲ့ ထုတ်ပြတာပါ။ ဒါတွေဟာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းမှာ အာဏာအလွဲသုံးစားပြုမှုတွေ အမျိုးမျိုးထဲက အနည်းအကျဉ်းလောက်ပဲ ရှိပါဦးမယ်။
မေး။ ။ ဒီလို ပို့စ်တွေတင်ခဲ့တဲ့အတွက် ဖေ့ဘုတ်စာမျက်နှာ၊ ဂျီမေးလ် စသည်ဖြင့် တိုက်ခိုက်ခံရတာမျိုး ရှိလား။
ဖြေ။ ။ ဂျီမေလ်းကိုတော့ အတိုက်မခံရဖူးပါဘူး။ ဒါပေမယ့် ကျနော်ရဲ့ဖေ့စ်ဘုတ်အကောင့်တွေနဲ့ ပေ့ချ်(Page) တွေ ကတော့ မကြာခဏ အတိုက်ခံရပါတယ်။ တလောက လက်ရှိသုံးနေတဲ့ အကောင့်ကို လုံး၀ ဝင်မရတော့လို့ ဖေ့စ်ဘုတ်ဆီကို Request လုပ်ပြီး ပြန်ယူခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက အရန်အဖြစ် ဖွင့်ထားခဲ့တဲ့ Moe Zay Nyein နာမည်နဲ့ Account တစ်ခုလည်း မနေ့ကပဲ ဝင်မရတော့ပါဘူး။ Report တွေကြောင့် ထင်ပါတယ်။နည်းပညာနဲ့တိုက်ခိုက်တာတွေရှိနေသလို ကျနော့်ဆီကိုလည်း နည်းအမျိုးမျိုးသုံးပြီး ချဉ်းကပ်လာနေသူတွေ ရှိနေပါတယ်။
အရင်ကရော၊ အခုမှာပါ အာဏာကို အကာအကွယ်ယူပြီး ဥပဒေချိုးဖောက်တာတွေနဲ့ပတ်သတ်တဲ့ ဖြစ်စဉ်တွေ၊ လုပ်ဆောင်မှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ ရှိပါသေးတယ်။ ဒါပေမယ့် အဖွဲ့မှာ ပါဝင်နေသူတွေရဲ့ လုံခြုံရေးအခြေအနေကို ထိပါးလာနိုင်တာမို့ သတိကြီးကြီးထား လုပ်ကိုင်နေရပါတယ်။ ။