၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကလေးစစ်သား လုံး၀ ပပျောက်အောင် ဆောင်ရွက်ရာတွင် မြန်မာ့ တပ်မတော်သာမက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့နှင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့ ရှိသည့်အနက် ကုလသမဂ္ဂက လေ့လာပြုစုထားသည့် မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် နောက်ဆုံး အစီရင်ခံစာတွင် ပါဝင်သော တပ်ဖွဲ့ ၇ ဖွဲ့နှင့်သာ ကလေးစစ်သား ပပျောက်ရေးကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ ဥက္ကဌ၊ လူဇင်ဘတ် နိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး Ms. Sylvie Lucas က ဆိုသည်။
“၂၀၁၃ခုနှစ် ကုလသမဂ္ဂ အတွင်းရေးမှူး ရေးသားထားတဲ့ အစီရင်ခံစာအရ ကလေးစစ်သား လုံးဝပပျောက်ရေး စီမံကိန်းမှာ မြန်မာ့တပ်မတော်သာမက လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နဲ့လည်း ဆွေးနွေးသွားဖို့ရှိတယ်” ဟု Ms. Sylvie Lucas က ပြောသည်။
ဒီဇင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားမြိုင်လမ်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရုံးတွင် ပြုလုပ်ခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြားက ကလေးသူငယ်များဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများအား ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကလေးစစ်သား ပပျောက်ရေး စီမံကိန်းအား အစိုးရ၊ တပ်မတော်နှင့် UNICEF တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အစီရင်ခံစာသည် ယခုနှစ်တွင် နောက်ဆုံးရေးသားထားသော အစီရင်ခံစာ ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ လုပ်ငန်းအဖွဲ့သည် ၂၀၁၂ခုနှစ်အတွင်းက အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည်။ မြန်မာနိုင်ငံတွင် ကလေးစစ်သား ပပျောက်ရေး စီမံကိန်း မည်မျှ တိုးတက်မှုရှိသည်ကို သိရှိနိုင်ရန်အတွက် ယင်းအဖွဲ့က ယခုနှစ်အတွင်း အစိုးရ၊မြန်မာ့ တပ်မတော် အာဏာပိုင်များ၊ လွှတ်တော်အမတ်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသည့် ခရီးစဉ်ကို ၄ ရက်ကြာ လာရောက် လည်ပတ်ခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း မြန်မာ့တပ်မတော်၏ ကလေးစစ်သား စုဆောင်းမှုများနှင့် နယ်ခြားစောင့်တပ်များတွင် ကလေးစစ်သား စုဆောင်းမှုများ မဖြစ်အောင် မည်ကဲ့သို့ တားဆီးရမည်ကိုပါ သိရှိခဲ့ရပြီး ယင်းတို့ဘက်မှ ကူညီပံ့ပိုးမည်ဟု ကမ်းလှမ်းမှုအပေါ် ကြိုဆိုကြောင်း Ms. Sylvie Lucas က ဆိုသည်။
လာမည့် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် အစိုးရနှင့် နောက်ဆက်တွဲ သဘောတူညီမှု စာချုပ်ထပ်မံချုပ်ဆိုနိုင်ရန် မျှှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျမတို့အဖွဲ့အနေနဲ့ ကလေးစစ်သား ပပျောက်ရေးအတွက် မြန်မာတပ်မတော်က ကလေးစစ်သား ၁၇၆ ဦးကို စစ်တပ်က ထွက်ခွာခွင့်ပေးပြီး အစိုးရက သဘောတူညီ လက်မှတ် ရေးထိုးထားတဲ့အတွက် ကလေးစစ်သား လျော့ပါးရေး စီမံကိန်းကို အလေးထား ပူးပေါင်းဆောင်ရွက်လို့ ကျေနပ်မိပါတယ်” ဟု Ms. Sylvie Lucas က ဆိုသည်။
ကုလသမဂ္ဂက စာရင်းတင်ထားသည့် ဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့မှာ ညီညွတ်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီ တပ်မတော် (KA)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တ့ို ဖြစ်သည်။
“နောက်ဆက်တွဲ စာချုပ်အရ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးတွေ မပါဝင်ဖို့ စစ်တပ်တွေထဲမှာ ကလေးတွေကို လုံး၀ အသုံးချခံအနေနဲ့ မရှိဖို့ လိုအပ်ပါတယ်။ ILO ရဲ့ ပြောဆိုချက်တွေအပေါ် အစိုးရဘက်က ကတိပြုထားတဲ့အတိုင်း ၂၀၁၅ မှာ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ မရှိအောင် ဆောင်ရွက်မယ့်အတွက် ကျေနပ်အားရမိပါတယ်” ဟု Ms. Sylvie Lucas က ပြောသည်။
မြန်မာနိုင်ငံအတွင်း ကလေးစစ်သား အသုံးချခံရမှု အမှန်တကယ် ပပျောက်ရေးအတွက် လက်တွေ့လုပ်ငန်းစဉ် ဖော်ဆောင်ရေး သဘောတူညီမှု (Action Plan) ကို ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့က ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။