ထိုင်းဝန်ကြီးချုပ် မစ္စယင့်လပ် ရှင်နာဝပ်သည် မြန်မာနိုင်ငံတွင် အိမ်ရှင်အနေဖြင့် ကျင်းပခွင့် ရရှိထားသော၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA Game) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
ယခုလ ၁၀ ရက်တွင် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပမည့် နေပြည်တော်သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံအတွင်း မငြိမ်သက်မှုကြောင့် သူ့ကိုယ်စား တခြားဝန်ကြီးတဦးကို တာဝန်ပေးအပ်ထားသည်ဟု ထိုင်းအစိုးရဝန်ကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Teerat Ratanasevi က ပြောကြားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။
“ဝန်ကြီးချုပ်က နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေကို စိုးရိမ်လို့ ဒီလ(ဒီဇင်ဘာ) တလလုံး နိုင်ငံအတွင်း အခြေအနေကို စောင့်ကြည့်ပြီး ပြည်ပခရီးစဉ်တွေကို မသွားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်”လို့ Teerat Ratanasevi က ဆိုသည်။
ထိုင်းဝန်ကြီးချုပ်သည် “ASEAN-Japan Summit” နှင့် “Mekong-Japan Summit” အပါအဝင် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယခုလအတွင်း တက်ရောက်ရန် စီစဉ်ထားသည့် အစည်းအဝေးအားလုံးကို စီးပွားရေးဝန်ကြီး Niwatthamrong Boonsongphaisan အား တက်ရောက်ရန် တာဝန်လွှဲ ပေးအပ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်း အတိုက်အခံ ခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန် အဖွဲ့က အင်းအား ပြန်လည် စုဆောင်းနေပြီး မကြာခင် ရက်ပိုင်းအတွင်း ဆန္ဒပြမှုများ ပိုမိုကြီးထွားလာနိုင်ဖွယ် ရှိကြောင်း ထိုင်းလုံခြုံရေး တာဝန်ရှိသူတဦးက ပြောသည်။
ဆူထေ့ပ် သပ်ဆူဗန်ဦးဆောင်သည့် အတိုက်အခံများက ယခုရက်ပိုင်းတွင် ၈၆ နှစ်မြောက် ထိုင်းဘုရင့်မွေးနေ့နှင့် တိုက်ဆိုင်သဖြင့် ရပ်ဆိုင်းထားသော ဆန္ဒပြပွဲများကို ယခုလ ၇ ရက်နေ့ နောက်ပိုင်း ပြန်လည်ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဆန္ဒပြသူများကို ဦးဆောင်နေသည့် ဆူထေ့ပ် သပ်ဆူဗန်သည် လက်ရှိ အစိုးရ နုတ်ထွက်သွားသည်အထိ ဆက်လက် ကြိုးစားသွားမည်ဟု ပြောကြားထားသည်။
ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံလုံခြုံရေး တာဝန်ရှိသူတဦးက “ဆက်ပြီးတော့ ပြိုင်နေကြမှာပဲ၊ လနဲ့ ချီပြီးတော့လည်း ကြာနိုင်တယ်၊ အခုဆိုရင် အစိုးရကို မကြိုက်တဲ့လူတွေ တော်တော်များနေပြီ။ ဘယ်သူ အရင်ရမလဲ မသိသေးဘူး” ဟု ဆိုသည်။
ယခုလ ၇ ရက်တွင် ထိုင်း ဘုရင့် မွေးနေ့နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ သံတမန်များကို ဖိတ်ကြား၍ ညစာစားပွဲ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
ထိုင်းဘုရင်ကြီး ဘူမိဘော အဒူရာဒက်က တိုင်ပြည်အရေး အတွက် အချင်းချင်း ညီညွတ်ရန် ပြည်သူများကို မိန့်ခွန်းပြောကြားသည်။
ဆန္ဒပြပွဲများသည် အာဏာသိမ်းခံထားရပြီး ပြည်ပနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ပြည်တော် ပြန်လာနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းအား ထိုင်းအစိုးရက အတည်ပြုခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်က ထိုင်းဝန်ကြီးဟောင်း သက်ဆင် ရှင်နာဝပ်သည် ပြည်ပနိုင်ငံတခုသို့ ခရီးထွက်နေစဉ် စစ်တပ်က အာဏာသိမ်းခဲ့သည်။