မြန်မာပြည်တွင် ဆီးဂိမ်းအားကစားပွဲတော်များ စတင်ရန် နီးကပ်လာချိန် … အစိုးရမင်းများ ကတိပေးထားသည့်အတိုင်း အင်တာနက် ကွန်နက်ရှင် မြန်စေရမည်ဆိုသည့် စကားကို ဦးရုက္ခစိုး မမေ့။ ဒီနေ့ မကောင်း နက်ဖြန်ကောင်းရမည် ဆိုသည့် မလျှော့သောဇွဲဖြင့် နေ့စဉ် အင်တာနက်ကို ဖွင့်ကြည့်ရင်း စိတ်ရှည်သည်းခံစိတ် တနေ့တခြား တိုးပွားလာသည့် အဖြစ်ကိုသာ အကောင်းမြင်စိတ်ဖြင့် ရှုမှတ်နေရသည်။ “ပရော်ဘလမ် လုတ်ဒင်းပေ့ချ်” တလှည့်၊ လည်နေသည့် အဝိုင်းကလေး တလှည့် ဖြစ်နေစဉ် ကွန်နက်ရှင်ကို စစ်ဆေးကြည့်ရာ “အလွန်ကောင်း” ဟု အဖြေထွက်နေကြောင်း တွေ့ရပြန်သည်။ ဆန်းပေစွ … ရန်ကုန် အင်တာနက်။
ထိုစဉ် နတ်ကွန်းရှေ့မှနေ၍ “ဗျို့ ဦးရုက္ခစိုး … ဦးရုက္ခစိုး … ရန်ကုန် အင်တာနက်ကို ခုထိ စိတ်မကုန်သေးဘူးလားဗျာ” ဆိုသည့် အသံပြာပြာကို ကြားလိုက်ရာ … ဤကား ဖိုးရှုပ်ပင် ဖြစ်ရမည်ဟု ဦးရုက္ခစိုးတွက်စစ်၍ လက်ညှိုးထောင် ကိုယ်ရောင် လင်းလိုက် ရလေသည်။
ရုက္ခစိုး။ ။ ဘာတုန်း ဖိုးရှုပ်ရာ … မင်းအသံကြားရတာ အာရုံ ပျက်လိုက်တာ။
ဖိုးရှုပ်။ ။ လုပ်မနေစမ်းပါနဲ့ဗျာ။ အဲဒီ ကွန်နက်ရှင်ကို ရာဇဝင်ထဲမှာ ထားခဲ့လိုက်တော့ ဦးရုက္ခစိုး၊ အခု ကျနော်နဲ့ ခဏလိုက်ခဲ့ပါဦး။
ရုက္ခစိုး။ ။ ဘယ်လိုက်ရမှာတုန်း၊ ငါ ဘောလုံးပွဲတွေ၊ ခြင်းပွဲတွေ ကြည့်ရမှာ ဝါသနာမပါဘူးနော်။
ဖိုးရှုပ်။ ။ လွဲပြန်ပြီ။ ကျနော်လည်း အားကစားပွဲတွေ ကြည့်ဖို့ အချိန်မရပါဘူးဗျာ။ အခု ကျနော် လူတယောက်ကို အရေးပေါ် အင်တာဗျူး သွားလုပ်မလို့။ အဲဒါ လိုက်ခဲ့ပါ။
ရုက္ခစိုး။ ။ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလုပ်တာလဲ၊ ဘာဖြစ်လို့လဲ၊ ဘယ်အချိန်သွားမှာလဲ … ဘာ …။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း သတင်းထောက်ထက်တောင် ကဲနေပြန်ပါပြီ။ ဘာစာပေဆုမှ မရ စာရေးဆရာ၊ ကဗျာဆရာ၊ ဝေဖန်ရေးဆရာ၊ ကပ္ပိယ မောင်မေတ္တာတုံးတဲ့ဗျ။ မကြားဖူးဘူးလား။
ရုက္ခစိုး။ ။ ကြံကြံဖန်ဖန်ကွာ … ဘာစာပေဆုမှ မရတာများ ဂုဏ်ပုဒ်လုပ်ပြီး ထည့်ပြောနေသေးတယ်။ ပြီးတော့ နာမည်ကလည်း မေတ္တာတုံးတဲ့လား။
ဖိုးရှုပ်။ ။ ဘာစာပေဆုမှ မရပေမယ့် သူက အခု facebook ပေါ်မှာ အရမ်းဟော့ နေတာဗျ။ ပြီးတော့ သူက နှယ်နှယ် ရရတော့ မဟုတ်ဘူး … နာမည်ကြီးတွေကိုပဲ တောက်လျှောက် ကလော်တုတ်ခဲ့တဲ့ စာရေးဆရာနော်။ အခု သူ့စာအုပ် ဖြန့်တော့မှာ ဆိုတော့ ဘာပဲဖြစ်ဖြစ် သွားဗျူးရမယ်လေ။
ထိုသို့ဖြင့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့သည် မောင်မေတ္တာတုံး ထိုင်နေကျ လမ်းဘေး လက်ဖက်ရည်ဆိုင်သို့ ရောက်သွားကြ လေတော့သည်။ လက်ဖက်ရည်တခွက်၊ အကြမ်းအိုး ၁၀ အိုးခန့်နှင့် မိန့်မိန့်ကြီး ထိုင်နေသော မောင်မေတ္တာတုံးကို ထူးပြီး ရှာနေစရာ မလို၊ ဘေးတွရင် ဝိုင်းဝိုင်းလည်နေသည့် လမ်းဘေး ခွေးလေခွေးလွင့် တသိုက်နှင့် အတူ ထင်းထင်းကြီး တွေ့ရသည်။
တုံး။ ။ ကဲ … အင်တာဗျူးကြမယ် ဆိုတာ ခင်ဗျားတို့လား။ မြန်မြန်မေးဗျာ၊ ကျုပ်မှာ အချိန်က သိပ်ရှိတာ မဟုတ်ဘူး။
မောင်မေတ္တာတုံးက လမ်းဘေးမှ ကျပ် ၁၅၀၀ ဖြင့် ဝယ်ပတ်ထားပုံရသော တရုတ်နာရီကို ကြည့်ရင်း ခပ်တည်တည် ပြောလာရာ ဖိုးရှုပ်က ဦးရုက္ခစိုးနား ကပ်၍ “အလကား ငကြွားကြီးဗျ။ သူ့မှာ အချိန်တွေ ပိုနေလို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေတာ” ဟု ခပ်တိုးတိုး ပြောသည်။
ဖိုးရှုပ်။ ။ မေးပါ့မယ်၊ မေးပါ့မယ် … မြန်မြန်ပဲ မေးပါမယ်။ မောင်မေတ္တာတုံး စာပေလောကထဲ ရောက်လာပုံက စပြောပါ။
တုံး။ ။ ပြောရရင်တော့ နည်းနည်း ရှည်မယ်ဗျ။ ဒီလို … ကျုပ်က နှပ်ချေးတွဲလောင်း ဘဝကတည်းက စာပေတွေကို လေ့လာဖတ်ရှု လိုက်စား လာခဲ့တာပေါ့။
ရုက္ခစိုး။ ။ လေ့လာ ဖတ်ရှုတာကတော့ ဟုတ်ပါပြီ။ လိုက်စားတယ် ဆိုတာက …။
တုံး။ ။ စာရေးဆရာတွေ လုပ်တဲ့ ဘာပွဲတွေ ညာပွဲတွေမှာ သိသိ မသိသိ အတင်းဝင်ရောပြီး ကျွေးသမျှဟာတွေ လိုက်စားတာ … အဲ … အဲဒီလို ဇွဲသန်ခဲ့လို့လည်း စာပေနယ်ကို ထဲထဲဝင်ဝင် သိတာပေါ့ဗျ။ ဖြတ်မပြောနဲ့ဗျာ … အဲဒီလို လိုက်စားလာတော့ သိလိုက်ရတဲ့ အသိက … ကဗျာရေးတာ အလွယ်ဆုံး ဆိုတာပဲ။
ဖိုးရှုပ်။ ။ ခင်ဗျာ …။
တုံး။ ။ ဟုတ်တယ်လေဗျာ … ဝတ္ထုရေးမလား၊ ဆောင်းပါးရေးမလား အနည်းဆုံး အေဖိုးစာရွက်နဲ့ ၃၊ ၄ ရွက်တော့ သွားမှာပဲ။ မင်လည်း ကုန်သေးတယ်။ ကဗျာကျတော့ ၃၊ ၄ ကြောင်းလောက် ရေးလိုက်ပြီးရော။ သြော် ပြောရဦးမယ်။ ကျုပ်က ကဗျာတောင် မော်ဒန်ပဲ ရေးတာဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တာတွေက လက်ဝင်တယ်လေ၊ မော်ဒန်ကျတော့ လူနားလည်စရာ မလိုဘူး မဟုတ်လား။ ဥပမာ – ကျုပ်ရဲ့ ကဗျာတပုဒ် ရွတ်ပြမယ် … လမင်းကို ခဲနဲ့ လှမ်းပေါက်တော့ ကုက္ကိုရွက်တွေ ဖွဲကနဲ ကြွေကျလာတယ် … ချစ်သူ … ကျေးဇူးပြုပြီး ဖိနပ်ကို ခေါင်းအုံး မအိပ်ပါနဲ့ …။ ကဲ မိုက်တယ် မဟုတ်လား။
ရုက္ခစိုး။ ။ မိုက်တယ်ဗျာ … အဲဒါက ဘာအဓိပ္ပာယ်နဲ့၊ ဘယ်လိုခံစားချက်တွေနဲ့ ရေးတာလဲ။
တုံး။ ။ ခင်ဗျား အဲဒီလို မေးကတည်းက ဘယ်လောက်ညံ့တယ် ဆိုတာ ပေါ်လွင်နေပြီ။ ကျုပ်တောင် နားမလည်တဲ့ကိစ္စ ခင်ဗျား နားလည်အောင် ဘယ်လို ရှင်းပြရမှာလဲ။
ဖိုးရှုပ်။ ။ ထားပါတော့ဗျာ … အဲဒါနဲ့ မော်ဒန် ကဗျာဆရာကနေ ဘယ်လိုကဘယ်လို စာပေဝေဖန်ရေးဘက် ရောက်သွား တာလဲ။
တုံး။ ။ ဒီလိုရှိတယ် …။ ကျုပ်က ကဗျာနဲ့ ပါရမီမပါဘူးဗျ၊ နာမည်မကြီးဘူးပေါ့ဗျာ၊ ကျုပ်က နာမည်လည်း ကြီးချင် သေးတာကိုး … ဒါနဲ့ စာပေဝေဖန်ရေး လိုင်းဘက် ကူးပြီး ကိုယ့်ထက်သက်ကြီး၊ ဝါကြီး … သူများ လေးစားတဲ့ နာမည်ကျော် စာရေးဆရာကြီးတွေကို ဝေဖန်ရင် လူစိတ်ဝင်စားမှာပဲဆိုပြီး လုပ်လိုက်တာ။ ဟုတ်တယ်ဗျို့ … ကဗျာထက် စာရင် စာရွက်နဲ့ မင်နဲ့တော့ ပိုကုန်တာပေါ့၊ ဒါပေမယ့် နာမည်ကြီးပုံကတော့ မေတ္တာတုံးနဲ့ တွေ့ချင်လို့ လိုက်ရှာတဲ့သူတွေ များလွန်းလို့ ပုန်းနေရတဲ့ အထိပဲ။
ရုက္ခစိုး။ ။ ကိုယ့်ပရိသတ်တွေကို ဘာလို့ ပုန်းတာလဲဗျ။
တုံး။ ။ ဟာ … သူတို့က ကျုပ်ကို အကောင်းလိုက်ရှာတာ မဟုတ်ဘူး၊ ဓားတွေ၊ တုတ်တွေနဲ့ သတ်မယ်ဖြတ်မယ် ဆိုပြီး လိုက်ရှာတာ ဟီးဟီး။
မောင်မေတ္တာတုံးက သူ၏ အဆီပြန်နေသော မျက်နှာကြီးကို ပုဆိုးခါးပုံစဖြင့် သုတ်ရင်း ကြည့်မကောင်းစွာ စပ်ဖြီးဖြီး ရယ်ပြသည်။
ဖိုးရှုပ်။ ။ စာပေဝေဖန်ရေးမှာ သမိုင်းပညာရှင်တွေကို ဝေဖန်ရတဲ့ အကြောင်းပြောပါဦး။
တုံး။ ။ မနာလိုလို့ဗျာ …။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဦး … အချက်အလက်တွေ တိတိကျကျနဲ့ ဘယ်သူမှ ထောက်မပြနိုင်အောင် ရေးထားကြတာ။ သူတို့မို့ ကြီးကြီးကျယ်ကျယ် …။ ဘယ်ရမလဲ ကျုပ်ကလည်း ကျုပ်ပဲ။ ဘုရားသမိုင်း၊ သိုက်သမိုင်းတွေနဲ့ … ပုံပြင်စာအုပ်တွေ အသေအကျေ ဖတ်ပြီး သူတို့အမှားတွေကို ထောက်ပြတာပေါ့။
ရုက္ခစိုး။ ။ တော်တော့်ကို လေ့လာခဲ့ရ တာပါလား။ ဒါနဲ့ … ခင်ဗျားရဲ့ စာပေဝေဖန်ရေးအယူအဆကို အဓိပ္ပာယ် ဖွင့်ပြပါဦး။
တုံး။ ။ ကျုပ်အတွက်ကတော့ နာမည်ကြီး၊ သက်ကြီးဝါကြီး၊ လူအလေးစားခံ ပုဂ္ဂိုလ်ကြီးတွေရဲ့ နားရွက်ကို လိုက်တံတွေး ဆွတ်တာက သော့ချက်ပဲ။ စာအကြောင်း နည်းနည်း၊ ပုဂ္ဂိုလ်ရေး များများ မဟုတ်တန်းတရားတွေ ရေးလေ၊ ကျုပ် နာမည် ကြီးလေ။ ဒါပေမယ့်ဗျာ …။
မောင်မေတ္တာတုံး၏ အသံက ဆွေးဆွေးမြေ့မြေ့ နိုင်လာသည်။
တုံး။ ။ ဒါပေမယ့်ပေါ့နော် … ကျုပ်ရဲ့ တန်ဖိုးရှိတဲ့ ဝေဖန်စာတွေကို ဘယ်မဂ္ဂဇင်းကမှ ဆက်မသုံးတော့ဘူးဗျ။
ဖိုးရှုပ်။ ။ အဲဒါကြောင့် စာပေဝေဖန်ရေးက အနားယူပြီး ကပ္ပိယ လိုင်းဘက် ကူးလိုက်တာလား။
တုံး။ ။ ဒါကတော့ ဝါးတီးကိစ္စနဲ့ ဆိုင်တယ်ဗျ။ ကပ္ပိယလုပ်တော့ ဘာပဲဖြစ်ဖြစ် ထမင်းတော့ မငတ်ဘူးလေ။ ဒီထက် အကျိုးရှိတာကတော့ အခု စာစောင်တော်ကြီး တစောင်မှာ စာမျက်နှာ တမျက်နှာလောက် ရတော့ ပေါက်တတ်ကရ ရေးစရာ ကုန်ကြမ်းတွေက အဲဒီ ကပ္ပိယဘဝက ရလိုက်တာပဲ ဟဲဟဲ …။
ဖိုးရှုပ်။ ။ ဟုတ်ပြီ ဟုတ်ပြီ လိုရင်းရောက်လာပြီ။ အခု ခင်ဗျားရဲ့ “နာမည်ကြီးသူတိုင်းကို ပြစ်ပြစ်နှစ်နှစ် ကလော်တုတ်မည်၊ မည်သူ အမျိုးစောင့်စောင့် မစောင့်စောင့် ကျွနု်ပ် စောင့်မည်” ဆိုတဲ့ စာအုပ်ကိစ္စ ပြောပါဦး။
တုံး။ ။ ဟဲဟဲ … ဒါက နောက်တပိုင်းဖြစ်သွားပြီ။ ကျုပ်ရဲ့ ဘဝက သုံးပိုင်းဗျ။ စာပေနယ်၊ ဘာသာရေးနယ်၊ ပြီးတော့ … အခု နိုင်ငံရေး နယ်ပယ်ပေါ့နော် …။
မောင်မေတ္တာတုံး၏ စကားကြောင့် ဦးရုက္ခစိုး ဘုရားတလိုက်သည်။ မောင်မေတ္တာတုံးက မကြားဘဲ သူပြောချင်ရာ ဆက်ပြောသည်။
တုံး။ ။ အဲဒီလို နယ်ပယ် သုံးနယ်ပယ်မှာ ကျင်လည်လိုက်တော့ သိသွားတာ တခုက … အခုအချိန်မှာ စာပေသမားတွေ၊ သမိုင်းဆရာတွေကို ဝေဖန်လို့ အလုပ်မဖြစ်ဘူးဆိုတာပဲ။ ကျုပ်ရဲ့ ငုတ်လျှိုးနေတဲ့ ကလောင်လေး ပြန်လည် ထွန်းတောက်လာဖို့ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေကို ဝေဖန်ရမယ်၊ ဝေဖန်ရာမှာလည်း တခါတည်းနဲ့ ပွဲပြတ် … ဒိုင်ပွဲရပ်ပေါ့ဗျာ …။
ရုက္ခစိုး။ ။ ဆက်ပါဦး။
တုံး။ ။ ဒိုင်ပွဲရပ်ဖို့ဆိုတော့ ပွဲဆူမယ့်ကိစ္စကို စဉ်းစားလိုက်တာ ဘယ်သူအမျိုးစောင့်စောင့် မစောင့်စောင့် ကျွနု်ပ်စောင့်မည် ဆိုတဲ့ ခေါင်းစဉ်ကို သွားတွေ့တော့တာပဲ။
ဖိုးရှုပ်။ ။ ကိုယ့်ဘာသာ အမျိုးစောင့်တာနဲ့ ဟိုလူတွေကို ကလော်တုတ်တာနဲ့ ဘာဆိုင်လို့လဲဗျာ။
တုံး။ ။ ဆိုင်ပါသော်ကောဗျာ … ဟိုလူတွေ အမျိုးမစောင့်ကြောင်း ပယ်ပယ်နယ်နယ် ပြောတော့မှ ကျုပ် ဘယ်လောက် အမျိုးစောင့်တယ် ဆိုတာ ပေါ်လွင်တော့မှာပေါ့ … ဟုတ်ဘူးလား။
ထိုစဉ် … တုတ်များ၊ ဓားများ ကိုင်ဆောင်ထားကြသော လူအုပ်ကြီးသည် မောင်မေတ္တာတုံးအမည်ကို အော်ဟစ်ရင်း ဒေါသတကြီး တရွေ့ရွေ့ လျှောက်လှမ်းလာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
မောင်မေတ္တာတုံးကား လျင်ပါပေသည်။ ပုဆိုးကို ပြင်ဝတ်ကာ ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ကိုပင် နှုတ်မဆက်၊ လက်မပြနိုင်ဘဲ ထိုနေရာမှ တချိုးတည်း လစ်ပြေးလေသောကြောင့် သူသောက်ထားသည့် လက်ဖက်ရည် တခွက်ဖိုးကို ဖိုးရှုပ်က စိုက်ရှင်းလိုက်ရ လေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။