သမ္မတ ဦးသိန်းစိန်က “မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တဲ့ နိမ့်ကျတဲ့ စိတ်ဓာတ်တွေ ဖျောက်ဖျက်ဖို့ လိုတယ်” လို့ ဧရာဝတီတိုင်း ဒေသကြီး ခရီးစဉ်တခုအတွင်းမှာ ထုတ်ဖော် ပြောဆိုတဲ့ သတိပေး စကားက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပြိုင်ဘက် အားလုံးကို ရည်ညွှန်းတာမို့ စတက်ခါစကလို ညီညွတ်စည်းလုံးရေးကို ရှေးရှုမနေတော့ဘဲ အပြိုင်အဆိုင် နိုင်ငံရေးအပေါ် အခြေခံပြီး စတင်လှုပ်ရှားလာခဲ့ပြီဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့စေရေး သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် နာယက သူရဦးရွှေမန်း တို့ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတရပ်ကျင်းပဖို့ သမ္မတ ဦးသိန်းစိန် ထံ ပေးပို့ လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကို အစိုးရဘက်က ငြင်းပယ်လိုက်တဲ့ နောက်ပိုင်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး ခွာပြဲသွားပြီဆိုတဲ့ သုံးသပ်ချက်တွေက ကျယ်ကျယ်ပြန့်ပြန့် ရှိလာပါတယ်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ပထမဆုံး အကြိမ် တွေ့ဆုံပြီးနောက် “သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေးသမားတဦး အဖြစ် ယုံပါတယ်” ဆိုတဲ့စကားနဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD ပြန်လည်မှတ်ပုံတင်တာ၊ ကြားဖြတ်ရွေးကောက်ပွဲဝင်တာတွေကို ပြုလုပ်ခဲ့ပါ တယ်။
လွှတ်တော်ထဲကို လွှတ်တော်အမတ်တဦးအဖြစ် တရားဝင် ရောက်ရှိပြီးချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့အကြား ဆက်ဆံရေး အနည်းငယ် ကျဲသွားပြီး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်တဲ့ဦရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး တရပ်ဖြစ်ထွန်းလာပါတယ်။
ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ရာထူးပေးလို့ လွှတ်တော်မှာ အဆောက်အအုံတခု သီးသန့်ပေးလို့ တခမ်းတနား ထားရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်မှာ ပြုလုပ်တဲ့ ဆွမ်းကျွေးတရားနာပွဲ ဖိတ်ကြားတာမျိုး၊ လွှတ်တော် ရပ်နားတဲ့ အချိန်တွေမှာ ဦးရွှေမန်းရဲ့ လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းမှာ သွားရောက်တာမျိုး ၊ လွှတ်တော်ရုံးခန်းမှာပဲ မနက် စောစော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ ၂ ဦး နိုင်ငံရေးရာ ကိစ္စတွေ မကြာခဏ တွေ့ဆုံဆွေးနွေးတာမျိုး တောက်လျှောက်ရှိခဲ့တယ် လို့ လွှတ်တော်ကိုယ်စားလှယ်အသိုင်းအဝိုင်းမှ သိရပါတယ်။
ဦးသိန်းစိန်အစိုးရနဲ့ ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကြား အာဏာလွန်ဆွဲပွဲတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်က သမ္မတဦးသိန်းစိန်ဘက်မှာ တောက်လျှောက်ရပ်တည်ခဲ့တာ တွေ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေဖို့ အဟန့် အတား ဖြစ်နေတဲ့ ပုဒ်မ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်တော်တော်များများကို ပြင်ရမယ်၊ ပြင်သင့်တယ်လို့ ပြောခဲ့ပေမယ့် သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တိကျရောရာတဲ့ စကားမျိုး တခွန်းတပါဒမှ မဟခဲ့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက လွှတ်တော်ရဲ့ တာဝန်သာဖြစ်တယ်ဆိုပြီး ဦးသိန်းစိန် တချိန်လုံး ခေါင်းရှောင်ခဲ့ပါတယ်။
ဒါပေမယ့် ဦးသိန်းစိန်က များမကြာမီက စပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောမတူကြောင်း မိန့်ခွန်းတခုမှာ ပြောလာပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြောကြားလာခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း နိုင်ငံခြားခရီးစဉ်တွေမှာ အပါအဝင် ရန်ကုန်နဲ့ နေပြည်တော်မှာ လူထုစုဝေးပွဲတွေလုပ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဖိအားပေး ပြောလာခဲ့ပါတယ်။ ဒီလိုပဲ အစိုးရနဲ့ တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားတွေ ထောက်ခံတင်ပြနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ထောက်ခံကြောင်း ပြောဆိုလာခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် ဘက်က ရပ်တည်နေတဲ့ တပ်မတော်နဲ့ တိုက်ရိုက်ဆက်ဆံရေး မထူထောင်နိုင်တာမို့ သမ္မတဦးသိန်းစိန်ဆီ မေတ္တာရပ်ခံစာပေးပို့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲ တခု ဖန်တီးပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြားလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်တို့နဲ့ မကြာခဏ တွေ့ဆုံနေရပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ကတော့ တကြိမ်မျှ မတွေ့ခဲ့ရပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ဖို့က လွှတ်တော်တွင်းမှာရှိနေတဲ့ ၂၅ ရာခိုင်နှုန်း သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ သဘောမတူရင် မဖြစ်နိုင်တာမို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဖို့က ဒေါ်အောင်ဆန်းစုကြည်အတွက် အလွန်အရေးကြီးနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်က တွေ့ဖို့ အချိန်မတန်သေးတဲ့အကြောင်း သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုချိန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသိန်းစိန်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး မလိုလားဘူးလို့ ကြေညာချက် ထုတ်ပြန်တုံ့ပြန်ပါတယ်။
သမ္မတဘက်ကလည်း ” ပြုပြင်ပြောင်းလဲရေး”ကို လုပ်ဆောင်ခဲ့သလို ကတိအတိုင်း ဆက်လုပ်မယ်လို့ ချက်ခြင်းတုန့်ပြန်ပါတယ်။
လက်ရှိ နိုင်ငံရေးအနေအထားက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း တို့က တဘက်၊ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်တို့က တဘက် ဖြစ်နေတယ်လို့ အကဲခတ်သူတွေက သုံးသပ်ပါတယ်။
လက်ရှိနိုင်ငံရေးမုန်တိုင်းကြားမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ သူတို့အကျိုးစီးပွားအတွက် သတိထားနေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူက ပြင်ပေးမလဲ။ ပြင်မယ်ဆိုရင်တောင် တိုင်းရင်းသားတွေလိုလားတဲ့အချက်တွေ အားလုံး ပြင်ပေးမလား။ ဒီလို အာမခံချက်တွေ အစိုးရဘက်ကလည်း မပေးနိုင်သလို၊ လွှတ်တော်ဘက်ကလည်း မပေးနိုင်ဘူး” လို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သုံးသပ်ပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေး မပြေလည်မှုနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာ ထွက်ပေါ်ချိန်မှာ ပိုအရှိန်မြင့်လာနိုင်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအပြီးမှာတောင် ပြင်းထန်တဲ့ နိုင်ငံရေး လွန်ဆွဲပွဲတွေ သေချာပေါက်ရှိလာမယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်နေပါတယ်။