ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ချန်ပီယံ ဖြစ်ရေးအတွက် ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ကို အဓိက ယှဉ်ပြိုင်ကစားရဖွယ်ရှိကြောင်း မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းတာဝန်ခံ ကိုအိုကိုးခြားက ပြောသည်။
မန္တလေးမြို့၊ မန္တလာသီရိ ဘောလုံးကွင်း၌ ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည့် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
“မြန်မာအသင်းက ကျန်တဲ့အသင်းတွေထက် ထိုင်းနဲ့ ဗီယက်နမ်ကို အဓိက ကစားပြီး ချန်ပီယံဆု လုရမှာပါ၊ ကျနော်တို့တွေ ဆီးဂိမ်းပြိုင်ပွဲအတွက် ၂ နှစ်လောက် အချိန်ယူ လေ့ကျင့်ထားတယ်” ဟု ကိုအိုကိုးခြားက ဧရာဝတီကို ပြောသည်။
အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် လာရောက် ယှဉ်ပြိုင်ကြသည့် နိုင်ငံများမှ ကစားသမားများနှင့် တာဝန်ရှိသူများအတွက် လုံခြုံရေးနှင့်
ဝန်ဆောင်မှု အတွက်လည်း အကောင်းဆုံး အခြေအနေဖြစ်အောင် ဆောင်ရွက်ထားသည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က အင်ဒိုနီးရှား အမျိုးသမီးဘောလုံးအသင်းက ဆီးဂိမ်းပြိုင်ပွဲတွင် မပါဝင်တော့ကြောင်း အကြောင်းကြားစာ ပို့လာသည့် အတွက်လည်း မြန်မာနိုင်ငံ ဘောလုံးအဖဲွဲ့ချုပ်က ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကစားမည့် မြန်မာနှင့် အင်ဒိုနီးရှားပွဲ လက်မှတ်ခများကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၉ နာရီတွင် မြန်မာဘောလုံး အကယ်ဒမီ၌ ငွေပြန်အမ်းပေးမည်ဖြစ်ပြီး ယင်းနေ့တွင် ကစားမည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ် ပြိုင်ပွဲကို အခမဲ့ ကြည့်ရှု့ခွင့်ပြုမည်ဟု သိရသည်။
“အင်ဒိုနီးရှားအသင်းက မလာဖြစ်တော့တာက သူတို့အနေနဲ့ ယုံကြည်ချက်ကြောင့်လို့ ထင်တယ်။ သူတို့ရဲ့ အမျိုးသမီး ဘောလုံးအသင်းက အပျော်တမ်းအဆင့်ပဲ ရှိတယ်လေ။ ပြီးတော့ သူတို့ဘက်က ကစားဖို့ လူမစုနိုင်တာလည်း ဖြစ်နိုင်တယ်” ဟု ကိုအိုကိုးခြားက ရှင်းပြသည်။
လက်ရှိ အင်ဒိုနီးရှား အမျိုးသမီး အသင်း၏ အနေအထားသည် အာဆီယံတွင် အားအနည်းဆုံး အသင်းများထဲမှ တသင်းဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာ့အဆင့်တွင်လည်း အဆင့် ၁၂၀ ဖြစ်နေပြီး မြန်မာအသင်းနှင့် ကွာခြားကြောင်း၊ ၎င်းတို့ အသင်းအနေဖြင့် ဆုတံဆိပ် တခုမျှ မချိတ်နိုင်ကြောင်း ထည့်သွင်းစဉ်းစားခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြန်မာဘောလုံး အဖွဲ့ချုပ်၏
ဖေ့စ်ဘုတ် စာမျက်နှာတွင် ကြေညာထားသည်ကို တွေ့ရသည်။
မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းသည် ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီတွင် မန္တလာသီရိ ဘောလုံးကွင်း၌ ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။