ကယားပြည်နယ်အတွင်း စားသုံးသီးနှံ စိုက်ပျိုးမှု ခက်ခဲသဖြင့် ဘိန်းစိုက်ပျိုးမှု များပြားလာကြောင်း ကယားပြည်နယ် အတွင်းရှိ လူမှုအဖွဲ့အစည်းများ ပြောဆိုချက်အရ သိရသည်။
ကယားပြည်နယ်တွင် စိုက်ပျိုးရေ လုံလောက်စွာ မထွက်ရှိခြင်း၊ သီးနှံ စိုက်ပျိူး ထုတ်လုပ်ရာတွင် လမ်းပန်း ဆက်သွယ်မှု မကောင်းခြင်း၊ ရောင်းချရန် ဈေးကွက်မရှိခြင်း စသည့် အခြေအနေများကြောင့် ဘိန်းစိုက်ပျိုးမှု များလာခြင်းဖြစ်ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီ အဖွဲ့ဝင် ကျော်တင်အောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဒေသမှာ တခြား သီးနှံတွေ စိုက်လို့မရဘူး။ စိုက်ရင်လည်း ဘာမှမဖြစ်လာဘူး။ ဘိန်းက နှင်းနဲ့လည်း အသက်ရှင်တယ်လေ။ တခြားထက် ဝင်ငွေပိုရလို့ စိုက်လာကြတာ” ဟု ၎င်းက ဆိုသည်။
တနိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ၅ နှစ်စီမံကိန်းကို ၂၀၁၄ မှ၂၀၁၉ ခုနစ် အထိ ထပ်မံ တိုးမြှင့်လိုက်သဖြင့် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာရကြောင်း၊ စားသုံးသီးနှံ စိုက်ပျိုးရာတွင် အရှုံးပေါ်ခြင်းအပြင်၊ စားသုံးသီးနှံများ ပြည်ပသို့ တင်ပို့ ရောင်းချရန် ဈေးကွက်တခု ဖော်ဆောင်ပေးရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ယင်းအခြေအနေများနှင့် ပတ်သတ်ပြီး “ ဘိန်းစိုက်ပျိုးမှုက ဖယ်ခုံမြို့နယ်ဘက်မှာ ပိုစိုက်ပျိုးကြတယ်။ ဆေးပြားတွေ ပေါ်ပေါ်တင်တင် ရောင်းလာတာ တွေ့ရတယ်။ အဲဒီမှာ ရဲစခန်းတော့ ရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်က သိပ်မထိရောက်ဘူး” ဟု ကယန်းအမျိုးသမီးများ အဖွဲ့မှ တွဲဘက်အတွင်းရေးမှူး မူအန်ဂျေလာက ပြောသည်။
ဘိန်းစိုက်ပျိုးမှု များပြားလာရခြင်း၏ အဓိက အကြောင်းရင်းများသည် နယ်မြေ မအေးချမ်းခြင်း၊ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်း၊ ရာသီဥတု အခြေအနေကြောင့် တောင်ယာစိုက်ပျိုးလျှင် အရှုံးပေါ်ခြင်းတို့ ဖြစ်ကြောင်း ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ပြောသည်။
ဘိန်းများကို ကရင်နီ-ရှမ်းနယ်စပ်ကြားတွင် အဓိက စိုက်ပျိုးမှု ကြကြောင်း၊ ဘိန်း တပိဿာလျှင် ကျပ်သိန်း ၇ သိန်းခန့် ရရှိကြောင်း အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များက ဆိုသည်။
“ သီးနှံတွေ စိုက်လို့ရတာတော့ ရှိပါတယ်။ ပြဿနာက လမ်းပန်း ဆက်သွယ်ရေး မကောင်းတော့ ဈေးနှုန်းထက် ကားခက ပိုကြီးနေတယ်။ ဖွံ့ဖြိုးရေးမရှိ၊ အသိပညာမရှိတော့ ဒီလိုပဲဖြစ်သွားတာပါ” ဟု ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) ၏ ဗဟိုကော်မတီဝင် ဦးဟက်စတန်က ပြောသည်။
ကယားပြည်နယ်တွင် ဘိန်း အဓိက စိုက်ပျိုးသည့် နေရာများဖြစ်သည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို မြို့နယ်များတွင် ဘိန်းစိုက်ပျိုးမှုများအား စုံစမ်း ဖျက်ဆီး ဆောင်ရွက်ရာတွင်၂၀၀၇-၂၀၀၈ ခုနစ်တွင် (၂၉.၅) ဧက၊ ၂၀၀၈-၂၀၀၉ ခုနစ်တွင် (၃၃.၅) ဧက၊ ၂၀၀၉-၂၀၁၀ခုနစ်တွင် (၃၂.၅) ဧက၊ ၂၀၁၀-၂၀၁၁ ခုနစ်တွင် (၉၃.၅) ဧက၊ ၂၀၁၁-၂၀၁၂ ခုနစ်တွင် (၂၀၇.၅) ဧက၊ ၂၀၁၂-၂၀၁၃ ခုနစ်တွင် (၁၄၅) ဧက နှင့် ၂၀၁၃-၂၀၁၄ ခုနစ်တွင် ပထမအကြိမ်အဖြစ် (၇၀.၃၁) ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေသန္တာရ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန် နိုင်ငံသည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ နှင့် မက္ကဆီနိုင်ငံ တို့သည် ဒုတိယ အများဆုံး နိုင်ငံများဖြစ်ပြီး ဘိုလီးဗီးယား၊ ဗင်နီဇွဲလား နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း မရှိကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များတွင် ရေးသားထားသည်။
၂၀၁၀ ပြည့်နှစ် ဇွန်လက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး၊ စိတ်ကြွဆေး ထုတ်လုပ်မှုမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် စတုတ္ထအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။