မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၊ ၂၉ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ပစ္စတိုသေနတ် ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများ ဝင်ရောက်လုယက်မှုတစ်ခု ယမန်နေ့ ညနေ ၆ နာရီကျော်က ဖြစ်ပွားခဲ့ရာ အရပ်က ဝိုင်းဝန်း ရိုက်နှက်ဖမ်းဆီးသောကြောင့် ကျူးလွန်သူကို လက်ရဖမ်းဆီးမိသော်လည်း သတိမေ့နေသေးပြီး ဆေးရုံပေါ် တင်ထားရဆဲဖြစ်သည်။
မျက်မြင်သက်သေများအဆို အနုကြမ်းစီးသူမှာ အသက် ၃၀ ဝန်းကျင် အသားဖြူပြီး သားရေလွယ်အိတ်တလုံး လွယ်ထားကြောင်း၊ ရွှေဆိုင်အတွင်းသို့ မျက်နှာဖုံး အနက်ရောင် ဝတ်ဆင်ကာ ဝင်ရောက်လုယက်ခဲ့ခြင်း ဖြစ်သည်။
“ဆိုင်ထဲ ဝင်ဝင်ခြင်း သေနတ်ဖောက်ပြီး အားလုံးမလှုပ်နဲ့လို့ပြောတယ်။ ရွှေကောင်တာတွေကိုလည်း သေနတ်နဲ့လည်း ပစ်ပြီး မှန်ကောင်တာတွေ ခွဲတယ်။ သေနတ်ဒင်နဲ့လည်း ရိုက်ခွဲတယ်။ ပြီးတော့ ပစ္စည်းတွေ သူ့အိပ်ထဲကို ထည့်တယ်။ ကျမတို့လည်း ကြောက်လို့ အောက်ဝပ်နေရတယ် ” ဟု ရွှေဆိုင်အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ဓားပြဝင်တိုက်သူမှာ ဆိုင်တွင် သေနတ် ၅ချက် ပစ်ဖောက်ခဲ့သေးကြောင်း ဆိုင်ဝန်ထမ်းများက ပြောပြသည်။
“ဆိုင်ထဲကို သေနတ် ၅ ချက် ပစ်ဖောက်ခဲ့သေး တယ်။ ခုချိန်ထိ ဆိုင်ထဲမှာ သူပစ်ထားခဲ့တဲ့ ကျည်ဆန်အခွံတွေ ရှိပါတယ်” ဟု ဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။
ဓားပြတိုက်သူမှာ ဆိုင်အတွင်းထဲသို့ သေနတ်ပစ်ဖောက်ပြီး ဆိုင်အတွင်းရှိ ရွှေဘီးချောင်းများနှင့် တခြားသော ရွှေထည်ပစ္စည်း ၁၀ သိန်းကျော် ထည့်ကာ အပြင်ထွက်ပြေးစဉ် လမ်းပေါ်၌ ၃ ချက် ဆက်လက် ပစ်ဖောက်ခဲ့သေးသည်ဟု မျက်မြင်သက်သေများက ပြောဆိုခဲ့သေသည်။
ဆိုင်မှအထွက် လမ်းမပေါ်တွင် ရှိနေသော ရွှေဆိုင်မှ ယာဉ်မောင်ဝန်ထမ်းဖြစ်သူ မောင်အာကာက တရားခံအား ဝင်လုံးကြောင်း၊ လုံးထွေးနေစဉ် ပစ်ထုတ်လိုက်သော ကျည်ဆန်ကြောင့် နံဘေးရှိ အသက် ၅၂ နှစ်အရွယ်ရှိ ဦးကံညွန့်မှာ ယာဖက်ဒူးခေါင်းတွင် ဒဏ်ရာရခဲ့ကြောင်းနှင့် အနီးရှိ လူများက ဓားပြတိုက်သူကို ဝိုင်းဝန်းရိုက်နှက်ကြသောကြောင့် ဦးခေါင်tတွင် ဒဏ်ရာရသွားပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ပြီး ယခုအခါ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။
“သူပစ်ခဲ့တဲ့ ကျည်ခွံငါးခုကို ဆိုင်ထဲမှာရှာတွေ့ပါတယ်။ သေနတ်အမျိုးအစားက ပစ္စတိုသေနတ်ပါ။ ခုလို လုယက်မှု တွေဖြစ်နေတာက လူငယ်မှာတွေမှာ လိုချင်တပ်မက်မှုတွေ များလာတာနဲ့ လူနေမှု အဆင်မပြေတာတွေရယ်ပေါင်းပြီး ပြစ်မှုတွေ ကျူးလွန်လာကြတာပါ” ဟု ခရိုင်ရဲမှူးဖြစ်သူ ဦးစိန်ထွန်းက ပြောသော်လည်း အမှုကျူးလွန်သူမှာ သတိလစ်နေသေးသည့်အတွက် စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။
ရွှေဆိုင်ဝန်ထမ်းများ၏ပြောဆိုချက်အရ လုယက်သူသည် စကားအနည်းငယ်ဝဲကြောင်း သိရသည်။
လုံးထွေးဖမ်းဆီးသည့် မောင်အာကာမှာ ဒဏ်ရာအနည်း ငယ်သာ ရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်ကို အမှတ် ၈ ရဲစခန်းမှ ကိုင်တွယ်နေသည်။