မြန်မာ အစိုးရက စင်္ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီးနောက် ဟောင်ကောင်တွင် အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံမှ အိမ်အကူ အဖြစ် လုပ်ကိုင်မည့်သူများ ဟောင်ကောင်သို့ သွားရောက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
မြန်မာ အစိုးရက ပြည်တွင်းတွင် အလုပ်လက်မဲ့နှုန်းကို လျှော့ချရန်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် သွားရောက် အလုပ်လုပ်နေခြင်းကို တားဆီးနိုင်ရန် ပြည်တွင်း အိမ်အကူ အလုပ်သမားများအတွက် ရွေးချယ်စရာများ ချဲ့ထွင်ပေးနေသည်။
အစပိုင်းတွင် ဟောင်ကောင်သို့ အိမ်အကူ၂၀၀ သွားရောက်ခွင့်ပြုမည်ဟု အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ မြန်မာအလုပ်သမား အေဂျင်စီတခု ဖြစ်သည့် Gold Mine မှတဆင့် အလုပ်သမား ၆၀ နောက်လအတွင်းတွင် စတင်၍ အလုပ်ခွင်ဝင်တော့မည်ဟုလည်း သိရသည်။
“ဈေးကွက် တောင်းဆိုမှုကို ကျနော်တို့ အလေးထားရပါမယ်။ ဟောင်ကောင်မှာက မြန်မာအိမ်အကူတွေအတွက် ဈေးကွက် ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတွေက မိသားစုစိတ်ဓာတ်ရှိတယ်။ စိတ်ထားကောင်းပြီး အလုပ်ကြိုးစားကြတယ်လေ” ဟု သူက ဧရာဝတီသို့ အင်္ဂါနေ့ကပြောသည်။
အလုပ်သမားဝန်ကြီး ဌာနက ဟောင်ကောင်ကို ရွေးချယ်ခဲ့ရခြင်းမှာ အိမ်အကူများအတွက် ဟောင်ကောင်တွင်ရရှှိနိုင်သော လုပ်ခလစာမှာ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ပိုမိုရရှိနိုင်သောကြောင့်ဖြစ်သည်ဟု သိရသည်။ စင်္ကာပူနိုင်ငံတွင် အိမ်အကူများအနေဖြင့် တလလျှင် အမေရိကန်ဒေါ်လာ ၃၀၀ မျှသာ ရရှိနိုင်ပြီး ဟောင်ကောင်တွင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့် ရရှိနိုင်သည်။
ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်ရုံးကလည်း ဟောင်ကောင်တွင် အိမ်အကူလုပ်သားများကို ကာကွယ်ပေးသည့် အလုပ်သမား ဥပဒေများ ချမှတ် ကျင့်သုံးလျှက်ရှိကြောင်းပြောသည်။ အခြားသော အာရှနိုင်ငံများတွင် အိမ်အကူ များအနေဖြင့် ဆိုးရွားခက်ခဲသော အခြေအနေများတွေ့ကြုံနေကြရသည်။
အလုပ်သမားဝန်ကြီးဌာနက စင်္ကာပူ၊ ဟောင်ကောင်နှင့် နောက်ပိုင်းတွင် မြန်မာအိမ်အကူများသွားရောက် အလုပ်လုပ် ကိုင်ရန် ခွင့်ပြုပေးမည့် မည်သည့်နိုင်ငံတွင်မဆို အလုပ်သမားရေးရာသံတမန်ရုံးများရုံးထိုင်သွားရန် စီစဉ်နေသည် ဟုလည်း သိရသည်။
“ကျနော်တို့ ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ရုံးနဲ့ ဆက်သွယ်ထားပါတယ်။ အိမ်အကူတွေ မတရားမှုနဲ့ ကြုံရရင် အဖြေတခုရှာပါမယ်။ မြန်မာအလုပ်သမားတွေ အတွက် ဒါက အရေးအကြီးဆုံးဖြစ်ပါတယ်။ သူတို့ဟာ တရားဝင် အလုပ် သမားဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျနော်တို့ အပြည့်အ၀ တာဝန်ယူထားပါတယ်။ ဒါပေမယ့် သူတို့ က တရားဝင်ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ ဒါမှ ကျနော်တို့က သူတို့ကို ကာကွယ်ပေးနိုင်မယ်။” ဟု အလုပ်သမား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်က ဧရာဝတီသို့ပြောသည်။
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုဖြစ်သည့် Gold Mine ၏ အစီအစဉ်ဖြင့် ဇန်နဝါရီလအတွင်း မြန်မာ အိမ်အကူ ၆၀ ဟောင်ကောင်သို့ သွားရောက်ကြမည်ဖြစ်သည်။ ၎င်းတို့၏ စာချုပ်သက်တမ်းမှာ ၂ နှစ်ဖြစ်သည် ဟုသိရသည်။
“အလုပ်သမားတွေကို တနေ့မှာ ၂၄ နာရီလုံး ဂရုစိုက်ပေးသွားပါမယ်။ သူတို့မှာ အခက်ခဲကြုံလာရင် ကျနော်တို့ရုံးကို အကြောင်းကြားနိုင်ပါတယ်။ ကျနော်တို့မှာ မြန်မာ စကားပြန်တွေလည်း ရှိပါတယ်” ဟု Gold Mine ၏ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
အလုပ်သမား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ သွားရောက်ရန် ကုန်ကျ စားရိတ်ကို အေဂျင်စီက ကျခံသွားပြီဖြစ်ပြီး အလုပ်သမား၏ ပထမ လေးလအတွက်လစာအတွင်းမှ ပြန်လည်ဖြတ် တောက် သွားမည်ဟုလည်း သိရသည်။ အလုပ်သမားများအနေဖြင့် ရရှိသောငွေကြေးကို မြန်မာနိုင်ငံမှ မိသားစုများထံသို့ အခမဲ့ ပြန်လည်ပေးပို့ နိုင်မည်ဟုလည်း ဆိုသည်။ တပတ်လျှင် ၆ရက် အလုပ်လုပ်ရမည်ဖြစ်ပြီး အချိန်ပိုအတွက် ၂ဆ ရရှိမည် ဟုလည်း သိရသည်။
Gold Mine အေဂျင်စီတွင် လေ့ကျင့်သင်တန်းပေးနေသည့် ဒေါ်အေးအေးသန်းက အိမ်အကူများအနေဖြင့် အင်္ဂလိပ်ဘာသာ နှင့် တရုတ်ဘာသာကို လေ့လာရန် အရေးကြီးကြောင်းပြောသည်။
“၈ တန်း သို့မဟုတ် ၉ တန်းအောင်တဲ့သူတွေကို လျှောက်ခွင့်ပေးပါတယ်။ ဒါပေမယ့် လာလျှောက်တဲ့သူ ၃ ပုံ ၁ ပုံလောက်က ဘွဲ့ရတွေနဲ့ ၁၀ တန်း အောင်ပြီးသားတွေ ဖြစ်နေတယ်” ဟု သူက ပြောသည်။
အစိုးရက ယခုနှစ် အစောပိုင်းတွင် စင်္ကာပူနိုင်ငံသို့ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ရန် လျှောက်ထားခွင့်ပေးခဲ့သဖြင့် စင်္ကာပူသို့ မြန်မာ အိမ်အကူ ၂၀၀ ကျော်ပို့ပေးခဲ့ပြီး ဖြစ်သည်။
၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့နိုင်ငံသားများကို နိုင်ငံရပ်ခြားသို့ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခြင်းကို တားမြစ်တော့မည်ဟု ကြေညာခဲ့ပြီးနောက် ဟောင်ကောင်တွင် အိမ်အကူ လိုအပ်မှု မြင့်တက်လာခဲ့သည်။ ဖိလစ်ပိုင် အိမ်အကူများကလည်း ဟောင်ကောင်မှာထက် လုပ်ခလစာ ပိုမိုရရှိနိုင်မည့် မကာအိုရှိ စက်မှုဇုန်များတွင် အလုပ် လုပ်ခွင့်ရနိုင်ရန် ကြိုးပမ်းနေကြသည်။