မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ်ရှိ သဘောၤကျင်း တခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် အင်ဒိုနီးရှား နိုင်ငံသားများ အကြား ဖြစ်ပွားခဲ့သည့် ပြဿနာကို မြန်မာအစိုးရ က တာဝန်ယူ ဖြေရှင်းရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် ပို့ဆောင်ပေးခဲ့သည့် အာဘာဖီ ကုမ္ပဏီ၏ တာဝန်ရှိသူများကို သွားရောက်ဖြေရှင်းပေးရန် ပြောဆိုထားကြောင်း၊ မလေးရှားရှိ မြန်မာအလုပ်သမား သံအရာရှိကလည်း ကူညီဆောင်ရွက်ပေး နေပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ဧရာဝတီ ကို ပြောသည်။
“အလုပ်သမားတွေကို ပို့လိုက်တဲ့ ကုမ္ပဏီက မနက်ဖြန်သွားပြီး ဖြေရှင်းမှာဖြစ်ပါတယ်၊ လတ်တလော သတင်းအရ စိုးရိမ်စရာ မရှိတော့ပါဘူး၊ လူတွေထင်နေသလို ပြဿနာက မကြီးပါဘူး”ဟု ၎င်းက ဆိုသည်။
ဆာရာဝပ်မြို့ရှိ အမှတ် (၂) သဘောၤကျင်းတွင် အလုပ်လုပ်နေသော အလုပ်သမားများအနက် မြန်မာနိုင်ငံသား ၁၅ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး တို့သည် ဒီဇင်ဘာ ၂၃ ရက်က အချိန်ပို ဆင်းရမည့်ကိစ္စနှင့်ပတ်သက်၍ ပြဿနာဖြစ်ကြသည်ဟု သိရကြောင်းလည်း ဦးမျိုးအောင် က ပြောပြသည်။
“ကနဦး ရတဲ့ သတင်းတွေအရတော့ မြန်မာအလုပ်သမားတွေက အဲဒီနေ့မှာ အချိန်ပိုဆင်းတယ်၊ ဒါကို မကျေနပ်တဲ့ အင်ဒို အ လုပ်သမားတွေက မြန်မာတွေ နေတဲ့အဆောင်ကို လာပြီး ပစ္စည်းတချို့ကို ဖျက်ဆီးတာက ပြဿနာဖြစ်ကြတာလို့ သိရပါ တယ်”ဟု ၎င်းက ဆိုသည်။
ထိုပြဿနာ ဖြစ်ပွားပြီးနောက် အင်ဒိုနီးရှား အလုပ်သမားများ၏ ရန်မှ လွတ်ကင်းရေးအတွက် မြန်မာ အလုပ်သမား ၉၇ ဦး သည် ဂိုဒေါင် တခုအတွင်း ပုန်းအောင်းနေရကြောင်း၊ မြန်မာသံရုံးနှင့်သက်ဆိုင်ရာ ကုမ္ပဏီထံသို့ အကူအညီ တောင်းခံ ထားသော်လည်း ယခုအချိန်အထိ အဆက်အသွယ် မရသေးကြောင်း ၉၇ ဦးအဖွဲ့မှ ကိုတင်ဦး က ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့အားလုံး ဝပ်ရှော့ရုံထဲက ဂိုဒေါင်တခုထဲမှာ ပိတ်မိနေဆဲပါ၊ အပြင်ထွက်ရင် အင်ဒို အဖွဲ့တွေက တိုက်ခိုက်နိုင်တဲ့ အနေအထားရှိနေတော့ ကျနော်တို့လည်း အပြင်မထွက်ရဲသေးဘူး၊ မလေးရှား အာဏာပိုင်တွေကလည်း ကူညီတာ မရှိသေး ဘူး”ဟု ၎င်းက ပြောဆိုသည်။
အလုပ်သမားများ၏ လုံခြုံရေးကို အမြန်ဆုံး ကာကွယ် ဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာ ဒု နိုင်ငံခြားရေး ဝန်ကြီး ကိုယ် တိုင် သက်ဆိုင်ရာ သံရုံးများသို့ ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က သူ၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် လအနည်းငယ်ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း အရပ်ရှိ မြန်မာနိုင်ငံသားများ တိုက် ခိုက်ခံခဲ့ရပြီး လူတချို့ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။