သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများထဲမှ ထောက်လှမ်းရေး အကျဉ်းသား နှစ်ဦးကို လွှတ်ပြီး တရက်အတွင်း ပြန်လည်ထိန်းသိမ်း လိုက်ကြောင်း သိရသည်။
“အကျဉ်းထောင်ဘက်က ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်း လွဲပြီး လွှတ်ပေးလိုက်တာပါ။ သူတို့က သမ္မတ လျှော့ပေါ့ပေးလိုက်တဲ့ ဥပဒေတွေနဲ့ မဟုတ်ဘူး။ တခြား ဥပဒေပုဒ်မတွေနဲ့ဖြစ်လို့ အရေးပေါ် ပြန်ခေါ်တာပါ။ ပြန်ထိန်းသိမ်းတယ် ဆိုတာကလည်း တခြား အချက်တွေကြောင့် မဟုတ်ပါဘူး။ သူတို့ရဲ့ ကျန်နေသေးတဲ့ ပြစ်ဒဏ်ကို ခံယူဖို့အတွက် ပြန်ခေါ်လိုက်တဲ့ သဘောပါ”ဟု သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ် လားရှိုး အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ယခင် တပ်မတော်ထောက်လှမ်းရေး ဗိုလ်မှူးကြီး တင်ဦးကို ညနေ ပိုင်း တွင် လားရှိုးလေဆိပ်၌ပင် ပြန်လည်ထိန်းသိမ်းခဲ့ပြီး ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဗိုလ်မှူးဟောင်း မိုးသူကို ရန်ကုန်ပြန်သည့် လမ်းတွင် ပြန်လည်ထိန်းသိမ်းခဲ့ကြောင်း ရရှိသော သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းကတည်းက သမ္မတ အမိန့်နှင့် နိုင်ငံရေးပုဒ်မများကို လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သော်လည်း ယနေ့အထိ တနိုင်ငံလုံးမှ လွတ်မြောက်ခဲ့သည့် လူဦးရေ စာရင်းအတိအကျကို အစိုးရအနေနဲ့လည်း မထုတ်ပြန်နိုင်သေးကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
“ကျနော်တို့လည်း စာရင်းအတိအကျ သိရဖို့ ပြည်ထဲရေးဌာနကို တောင်းထားပါတယ်။ အခုက အကျဉ်းထောင်တွေက စာရင်း၊ တရားရုံးတွေက စာရင်းနဲ့ ရဲစခန်းတွေက စာရင်းတွေကို ယူပြီးမှ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးမှာပါ”ဟု ဦးရဲထွဋ်က ပြော သည်။
ယမန်နေ့က ထပ်မံထုတ်ပြန်လိုက်သည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြောင့် ယနေ့ မြန်မာတနိုင်ငံလုံးက အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းများမှ အကျဉ်းသား ၇၀၀၀ ကျော် လွတ်မြောက်လာကြောင်း မြန်မာ ငြိမ်ချမ်းရေး စင်တာ ၏ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးလှမောင်ရွှေ ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
လွတ်မြောက်ရန် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသား ၄၆ ဦးတွင် ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာ သူများထဲမှ ညနေပိုင်း ၄ နာရီအထိ စုံစမ်းချက်အရ နိုင်ငံရေးအကျဉ်းသား ၃ ဦးသာ ပါဝင်သေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ပြောရေးဆိုခွင့်ရှိသူ ကိုအောင်မျိုးကျော်က ပြောသည်။
“လွတ်လပ်ရေးနေ့အမီ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပေးထားပါတယ်။ ဒီကနေ့လွတ်လာတဲ့အခြေအနေကို ကြည့်ရင် နိုင်ငံရေး အကျဉ်းသား မကုန်သေးပါဘူး။ မနက်ဖြန် သန်ဘက်ခါ စောင့်ကြည့်ရပါ ဦးမယ်။ အခုလည်း နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ကျန်နေသေးတယ်ဆိုတာကို ကျနော်တို့တွေ တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ကိုအောင်မျိုးကျော်က ပြောသည်။
ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦးမှာ သရက်အကျဉ်းထောင်မှ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့ဝင် ကိုစန်းကိုဦးနှင့် တူးဂျာ (ခေါ်) မြင့်သန်း၊ မိထီ္ထလာ အကျဉ်းထောင်မှ ဦးဘို တို့ ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူများတွင် နိုင်ငံရေး အကျဉ်းသား ၅ ဦး ပါဝင်ကြောင်း AAPP က ထုတ်ပြန်ပြောဆိုထားသည်။
သမ္မတ ဦးသိန်းစိန်၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် သေဒဏ် ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တသက်(နှစ်အကန့်အသတ်မရှိ) သို့ ပြောင်းလဲကျခံစေရန်၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်ဒဏ် တသက် ကျခံရသည့် အကျဉ်းသားများ(သေဒဏ်မှ ထောင်ဒဏ် တသက်နှင့် နှစ်အကန့်အသတ် မရှိသို့ လျှော့ပေါ့ ကျခံသူများ မပါ) နှင့် ထောင် ဒဏ် (နှစ်၄၀) နှင့် အထက် ကျခံနေရသူများအား ထောင်ဒဏ်နှစ် ၄၀ အောက် လျှော့ပေါ့ ကျခံစေရန်နှင့် ထောင်ဒဏ်နှစ် ၄၀ အောက် ကျခံနေရသည့် အကျဉ်းသားများအား ၎င်းတို့ကျခံနေသော ထောင်ဒဏ်၏ လေးပုံတပုံအား လျှော့ပေါ့ကျခံစေရန်ဟု ဖော်ပြ ထားသည်။
ယနေ့ အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ရသည့် လူဦးရေမှာ ညနေပိုင်းအထိ ဧရာဝတီ၏ စုံစမ်းချက် အရ အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၅၇၉ ဦး၊ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှ နိုင်ငံခြားသား ၄၆ ဦး အပါအဝင် အကျဉ်း သား/သူ ၈၈၃ ဦး၊ တောင်ငူအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၇၄ ဦး၊ တောင်ငူမြို့ ၄ မိုင်ရဲဘက်စခန်းက အကျဉ်းသား ၁၃၀ ၊ သာယာဝတီ အကျဉ်းထောင်မှ အကျဉ်းသား/သူ ၂၈၀၊ စစ်တွေ အကျဉ်းထောင်မှ ဘင်္ဂါလီ(မွတ်စလင်)အကျဉ်းသား ၂၆၂ ဦး အပါအဝင် အကျဉ်းသား ၃၆၆ ဦး၊ ဧရာဝတီတိုင်း အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ ၈၄၀ လွတ်မြောက်လာကြောင်း သိရသည်။