၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပြဌာန်းထားသော သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ကန့်သတ်ထားသည့် ပုဒ်မ ၅၉ (ဃ၊ စ)ကို အလိုမရှိကြောင်း ယနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံရေး လှုပ်ရှားသူများက ပထမဆုံး အကြိမ် တရားဝင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်မှုကို လွန်ခဲ့သော ၅ ရက်ကတည်းက မြို့နယ်ရဲတပ်ဖွဲ့တွင် တရားဝင်ခွင့် ပြုချက် တင်ခဲ့ပြီး ဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုသည့် အတွက် ယင်းဆန္ဒ ထုတ်ဖော်မှုအား လုံခြုံရေး ပေးနေရကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အဆင့်ရှိ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
ပုဒ်မ ၅၉(ဃ၊စ)သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရေး အတွက် ကန့်သတ်၊ တားမြစ်ထားသော ဥပဒေပုဒ်မ ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ လူထု အလိုရှိသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်ခွင့် ရရှိနိုင်ရန် ဥပဒေများ ပြုပြင်ပေးစေလိုကြောင်း ဆန္ဒပြသည့် အဖွဲ့တွင် ပါဝင် သည့် ဦးလှမြင့်က ပြောသည်။
“အခု အစိုးရက ပြည်သူ့ အသံတွေ နားထောင်နေပါတယ် ဆိုရင် ကျနော်တို့ အခု ပြည်သူလူထု အသံတွေ ဖော်ထုတ်နေတာကို နားထောင်ပါလို့ ပြောချင်ပါတယ်။ အစိုးရသက်တမ်း လ ၃၀ ကျော်လာတာတောင် အခုအချိန်အထိ အပြောတွေပဲရှိပြီး ဘာမှ လက်တွေ့အကောင်အထည် မဖော်ပေးနိုင်သေးတာကို အများစုကလည်း ဝေဖန်နေကြပြီ။ ကျနော်တို့ တင်မြှောက်ချင်တဲ့ ခေါင်းဆောင်ကို တင်မြှောက်ဖို့အတွက် ဒီပုဒ်မတွေကို အလိုမရှိပါဘူး”ဟု ၎င်းက ဆိုသည်။
၂၀၁၄ ဇန်နဝါရီ ၁ ရက်တွင် သမ္မတ ဦးသိန်းစိန်က ရေဒီယို မိန့်ခွန်း ပြောကြားရာ၌“ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေး ဆန္ဒများကို လက်ရှိ နိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်းတခု ဖြစ် ပေါ်ပြီး လက်တွေ့ ဖြစ်နိုင်ခြေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံ ရေး ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ထည့်သွင်း ပြောဆိုသွားသည်။
သို့ရာတွင် ယနေ့ ဆန္ဒထုတ်ဖော်ကြသူ အများစုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (ဃ၊ စ) တို့နှင့် ပတ်သက်ပြီး မိမိတို့ ယနေ့ ဆန္ဒ ထုတ်ဖော်မှုသည် ဖြစ်သင့်ဖြစ်ထိုက်သော နိုင်ငံရေး အခြေအနေ တရပ်ပင် ဖြစ်သည်ဟု ယူဆကြောင်း ဦးဇော်ဝင်းက ဆိုသည်။
အဆိုပါ ဆန္ဒ ထုတ်ဖော်ပွဲကို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူပေါင်း ၇၀ ခန့် စုပေါင်း ပြုလုပ်ကြခြင်း ဖြစ်သည်။
မိမိတို့ ဖြစ်စေချင်သော ဆန္ဒများအတွက် တောင်းဆိုသင့်သည်များကို ဆက်လက် တောင်းဆိုသွားရမည် ဖြစ်ကြောင်း၊ သမ္မတ အရည်အချင်း သတ်မှတ်ရာတွင် ပြည်သူများက အမှန်တကယ်အရည်အချင်းရှိမည်ဟု ယုံကြည်သည့်အတွက် ရွေးချယ်တင်မြှောက် ခြင်းပင် ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် ဒေါ်ကေသီနွယ်ကလည်း ပြောဆိုသည်။
ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် မကွေး ပရိယတ္တိ စာသင်တိုက်မှ ဦးပဉ္ဖင်း ရက္ခဝံသ ကလည်း“NLD အနေနဲ့က လက်ရှိဖွဲ့စည်းပုံ ကို ပြင်ဆင်ဖို့ တောင်းဆိုချက်တွေ အများကြီးရှိနေပါတယ်။ အဓိက ကတော့ ပြည်သူရဲ့ဆန္ဒအတိုင်း ဖြစ်လာရမှာပဲ။ ဖြစ်သင့်ဖြစ် ထိုက်တယ်လို့ ပြောမယ်ဆိုရင် ပြည်သူ့ဆန္ဒကို လွန်ဆန်လို့ မရဘူး။ ပြည်သူ့ ရင်ထဲမှာ ဒါဟာ တောင်းဆိုသင့်တယ်လို့ ပေါက်ဖွားလာတဲ့ ဆန္ဒက တောင်းဆိုသင့်တဲ့ ဆန္ဒပဲ မဟုတ်လား”ဟု မိန့်ကြားသည်။
နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(ဃ) တွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည့် အမြင်များ ရှိရမည် ဟု ပြဌာန်း ပါရှိသည်။
ပုဒ်မ ၅၉(စ)၌ သမ္မတ အရည်အချင်းတွင် ကိုယ်တိုင် သို့မဟုတ် မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီး တဦးဦး၊ ထိုသားသမီး တဦးဦး၏ ဇနီး၊ ခင်ပွန်းသည် နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာ ခံယူစောင့်ရှောက် ရိုသေသူ၊ အခွင့်အရေးများနှင့် ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ ဟု ပြဌာန်းထားသည်။
ယနေ့တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ရှုတ်ချသော ဆန္ဒပြပွဲကို မလေး ရှား နိုင်ငံရှိ ချင်းအမျိုးသား တပ်ဦး၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုးတက်သော မွန်လူငယ်များ အစည်းအရုံး၊ ဗမာ့ကြိုးပမ်း လူငယ် အဖွဲ့၊ ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူငယ်အဖွဲ့အစည်း စသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများက စုပေါင်း ကျင်းပခဲ့ကြောင်း သိရသည်။