သမ္မတ ဦးသိန်းစိန် လက်ထက် တွင်လည်း မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးသည့် အတွက် သတင်း မီဒီယာ သမား ၂၀၀ နီးပါးက ယနေ့ ရန်ကုန်မြို့၌ လမ်းလျှောက် ဆန္ဒပြကြသည်။
ကယားပြည်နယ် လှိုင်ကော်တရားရုံးက အလဲဗင်း မီဒီယာ သတင်းထောက်တဦးကို တရားစွဲဆို ထောင်ချလိုက်သည့်အပေါ် သတင်း လွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုမရှိရေး၊ မီဒီယာများအပေါ် မျှတမှုမရှိသည့် တရားစီရင်ခြင်း မပြုလုပ်ရေး စသည့်အချက်များကို ကြွေးကြော်၍ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး သတင်းမီဒီယာ သမားများက ဆူးလေဘုရားအနီးမှ အလဲဗင်း မီဒီယာရုံးရှိရာ တာမွေမြို့နယ်အထိ လမ်းလျှောက် ဆန္ဒပြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဇန်နဝါရီလဆန်း ပထမအပတ်ထုတ် ဂျာနယ်ပါ သတင်းရေးသားမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာနက လူထုပုံရိပ်ဂျာနယ်ကို ခေါ်ယူသတိပေးခဲ့သည်။
ရခိုင်ပြည်နယ်မှာလည်း သတင်းသမားများကို သတင်းယူသည့်နေရာ၌ ပိတ်ပင်တားမြစ်မှုများ ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် နှစ် ၄၀ ကျော် ထိန်းချုပ်မှု လုပ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ စာပေစိစစ်ရေးကို ဖျက် သိမ်း ခဲ့သော်လည်း ယနေ့အထိ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာများအပေါ် ထိန်းချုပ်မှု ပြုလုပ်လိုနေကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစော က ပြောသည်။
“စာပေစိစစ်ရေး ဖျက်သိမ်းလှိုက်တာပဲ ရှိတယ်။ ကျန်တာ ဘာမှ မပြောင်းလဲသေးဘူး။ မီဒီယာ ဥပဒေအသစ် က မထွက်လာသေး တော့ ၁၉၆၂ ခုနှစ်ကထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ပဲ အစိုးရဘက်က ကျင့်သုံးနေတုန်းပဲ။ ပြည်ထောင်စုလွှတ်တော်မှာ နောက်ဆုံးဆွေးနွေးမယ့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ဥပဒေပြဌာန်းချက်မှာလည်း အစိုးရဘက်က လိုင်စင်ချထားပေးဖို့ လုပ်ဆောင်ချက်ကို ကြည့်ရင်ကို မီဒီယာအပေါ် ချုပ်ကိုင်မှု လုပ်ချင်နေတာပေါ်လွင်တာပဲ။ ကျနော်တို့လည်း ဒီအချက်ကို အပြင်းအထန်ကန့်ကွက် နေရတယ်”ဟု ဦးသီဟစောက ဆိုသည်။
သတင်းမီဒီယာများ ယနေ့စုပေါင်း ဆန္ဒပြရသည့် အကြောင်းအရင်းမှာ အလဲဗင်း မီဒီယာမှ နယ်သတင်းထောက် မခိုင်(ခေါ်) နော် ခိုင်ခိုင်အေးချိုကို သတင်းသွားရောက်မေးမြန်မှုနှင့် ပတ်သက်ပြီး သတင်းမေးခံရသူဘက်မှ ရာဇသတ်ကြီး ပုဒ်မ ၄၅၁ အိမ်ကျော်နှင်းခြင်း ပိုင်နက် ကျူးလွန်မှု၊ ပုဒ်မ ၂၉၄(ခ) ဆဲရေးတိုင်းထွာခြင်း၊ ပုဒ်မ ၅၀၀ ဂုဏ်သရေ ထိခိုက် ပြောဆိုစွပ်စွဲခြင်း အမှု ၃ခုနှင့် တရားစွဲ၍ ဖြစ်သည်။
ယင်းအမှုများနှင့် သတင်းထောက်မခိုင်ကို ထောင်ဒဏ် ငါးလ (တပေါင်းတည်း ခံစားခွင့်အရ ထောင်ဒဏ် သုံးလ) ချမှတ်ခဲ့ခြင်းသည် အနယ်နယ်အရပ်ရပ်တွင် သတင်းယူနေသည့် သတင်းထောက်များ၏ သတင်း ရယူခွင့်ကို ခြိမ်းခြောက်မှု ဖြစ်ပြီး နိုင်ငံသား တဦး အား မျှတမှု မရှိသည့် တရားစီရင်ရေး ဖြစ်သည့်အတွက် မီဒီယာများ စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ပြောချင်တာက ဒီအမှုက မီဒီယာသမားမှန်း သိလို့ ထောင်မကျကျအောင် လုပ်မယ်ဆိုတာက မီဒီယာတွေကို ခြိမ်းခြောက် တာပဲ။ သတင်းသမားတွေကို ခေါ် သတိပေးတာပဲ ပြောပြော၊ တရားစွဲ ထောင်ချတာပဲ ပြောပြော မီဒီယာအပေါ်မှာ အစိုးရက တစုံတရာ ကြောက်ရွံ့အောင်လုပ်တာ၊ ခြိမ်းခြောက်တာဟာ သူတို့အခုအချိန်ထိ သြဇာရှိသေးတယ် ဆိုတာကို ပြတာပဲ”ဟု မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံး၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပြီး မြန်မာစာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင်တဦး ဖြစ်သူ ကိုမြင့်ကျော်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကလည်း ဇန်နဝါရီလဆန်း ပထမအပတ်ထုတ် လူထုပုံရိပ် ဂျာနယ်မှာ ဖော်ပြခဲ့သည့် အယ်ဒီတာ့ အာဘော်နှင့် “၂၀၁၄ တွင် မင်းပြောင်းမင်းလွဲ ဖြစ်နိုင်”၊ “တရားစီရင်ရေးအပေါ် သမ္မတ ဂုတ်ခွစီးဟု ဆို” သတင်းနှစ်ပုဒ် ဖော်ပြ ရေး သားချက်ကို ပြည်သူများကြား ဆူပူစေရန် လှုံ့ဆော်ရေးသားသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ထုတ်ဝေသူကို ပြည်ထဲရေးဝန်ကြီး ဌာန ရန်ကုန်တိုင်း ရဲ အထူး သတင်း တပ်ဖွဲ့(SB)က ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။
“တိုင်းတာဝန်ခံ ဦးကျော်ကျော်ဟန်က ထုတ်ဝေသူတဦးတည်းကို ခေါ်တွေ့တာပါ။ အခုလို ရေးသားချက်တွေဟာ ဥပဒေအရ အရေး ယူလို့ ရတယ်၊ နောက်တပတ်ထုတ်မယ့် ဂျာနယ်ကို မူပြောင်းလဲထုတ်ဖို့ ခေါ်သတိပေးတာပါ။ တခြားတော့ ဘာမှမပြောဘူးလို့ ပြော တယ်။ ဒါပေမယ့် နောက်နေ့ထုတ်မယ့် သတင်းစာမှာ ဓာတ်ပုံထည့်ပြီး ကြေညာမယ်ဆိုပြီးတော့ အရှေ့ရော၊ အနောက်ရော အကုန်လုံး ဓာတ်ပုံတွေ အများကြီး ရိုက်တယ်လို့ ပြောတယ်”ဟု လူထုပုံရိပ် ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုရဲဝင်းနောင်က ပြော သည်။
သူက ဆက်ပြီး“နောက်နေ့ သတင်းစာမှာတော့ မပါပါဘူး။ လွတ်လပ်ရေးနေ့ ဖြစ်နေလို့ပဲလား။ ဘာလားတော့မသိဘူး။ ကျနော်တို့ကတော့ နောက်ထွက်မယ့် ဂျာနယ်ကို မူအသစ်ပြောင်းထုတ်မှာ မဟုတ်ပါဘူး။ ကြည့်ရတာတော့ မီဒီယာလွတ်လပ်ခွင့်ကို ထုတ်ဝေ သူတွေဘက်က တဆင့် ပြန်ဖိအားပေးတယ်လို့ပဲ မြင်တယ်။ ကျနော်တို့ ဂျာနယ်တိုက်က သေးသေးလေးပါ။ ကျနော်တို့အရေး အသား က ဆူပူအောင် လှုံ့ဆော်နိုင်တဲ့ သြဇာလည်း မရှိပါဘူး”ဟု ပြောဆိုသည်။
သမ္မတနှင့် တပ်မတော်သတင်း ရေးသားခြင်းများကို ခေါ်ယူသတိပေးခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်နေခြင်းပင် ဖြစ်ကြောင်း ကိုမြင့်ကျော်ကလည်း ပြောသည်။
“သတင်းရေးသားမှုနဲ့ ပတ်သက်ပြီး လူထုပုံရိပ် ဂျာနယ်၊ တလောက မြန်မာပို့စ် ဂျာနယ်တို့ကို ခေါ်သတိပေးခံရသေးတယ်လို့ ကြား တယ်။ သမ္မတ၊ တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းရေးသားလာရင်တော့ တားမြစ်တာလို့ ယူုဆရတယ်။ ပြောင်းလဲမှုတွေ ရှိလာ ပေမယ့် အခုအချိန်ထိတော့ မီဒီယာအပေါ် ဖိနှိပ်မှုတွေ ရှိနေသေးတယ်လို့ ပြောလို့ရတယ်”ဟုလည်း ၎င်းက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း မီဒီယာက လွတ်လပ်စွာ ရေးသားလာနိုင်ခြင်းသည် တိုင်းပြည်အတွက် ကောင်းမွန်သည့် အခြေအနေတခုဟု ပြော၍ရကြောင်း၊ မီဒီယာများကို ကာကွယ်လိုက်နာနိုင်သည့် စံချိန်စံနှုန်းများရှိနေရန် လိုအပ်သကဲ့သို့ အစိုးရဘက်ကလည်း သတင်းလွတ်လပ်ခွင့် အပြည့်အ၀ ပေးရန်လိုကြောင်း ယနေ့ မီဒီယာများ ဆန္ဒဖော်ထုတ် ပွဲတွင် ဧရာဝတီသို့ ပြောသည်။
“ကင်မရာ၊ အသံဖမ်းစက်တလုံးစီ ကိုင်ပြီး သတင်းလိုက်နေတဲ့သတင်းသမား တော်တော်များလာပြီ။ ဒါဟာ ကောင်းတဲ့လက္ခဏာပါ။ မတရားလုပ်နေသူတွေကို စိတ်ကွယ်ရာမှာ ဘာမှ မလုပ်နိုင်အောင် ဖော်ထုတ်ရေးသားဖို့ လိုတယ်။ ဆင်ဆာမရှိလို့ ပွင့်ပွင့်လင်းလင်း ရေးသားမှုတွေကို ကျနော်တို့ ပရိသတ်တွေ ပြည့်ပြည့်၀၀ ဖတ်လာရပြီ။ ဒါက ပထမပိုင်းပေါ့။ ဒါပေမယ့် ဒုတိယပိုင်းမှာ သတင်း သမား တွေကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ တရားစွဲဆိုမှုတွေ ရှိနေတယ် ဆိုတာလည်း ကြားနေရတယ်။ သတင်း လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ဆိုတာ ဒီမိုကရေစီနိုင်ငံအတွက် အပြည့်အ၀ လိုအပ်တယ်။ ဒါကြောင့် ကျနော်တို့နဲ့ သွားတဲ့လမ်းကြောင်း မတူပေမယ့် သတင်းလွတ်လပ်ခွင့်ရဖို့က ကျနော်တို့အတွက်လည်း လိုအပ်တဲ့အတွက် ဒီအတွေးနဲ့ပဲ လာအားပေးတာပါ”ဟု ကိုမင်းကိုနိုင်က ပြောဆိုသည်။