စစ်အစိုးရ တည်ဆောက် ဖွင့်လှစ်ခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ကွန်ကရစ်လမ်းပိုင်း နေရာတချို့ အက်ကွဲခြင်း၊ ကွန် ကရစ်များ ပတ်ကြားအက်လာခြင်းနှင့် လမ်းဘေးမြေသားဘောင် ပြိုကျမှုများ ရှိနေကြောင်း သတင်းရရှိသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မန္တလေး နှင့် ပြင်စည်လမ်းခွဲ (မြင်းခြံ)နေရာ၊ မိုင်တိုင်အမှတ် ၃၃၈ မိုင် ၁ ဖာလုံ နေရာတွင် ကွန် ကရစ်များ အက်ကွဲနေခြင်း၊ လမ်းဘေး မြေသားဘောင်များ အက်ကွဲပြိုကျနေခြင်းများ ဖြစ်ပေါ်နေသော ဓာတ်ပုံတချို့ လူမှုကွန် ရက်ပေါ်တွင် ရောက်ရှိလာပြီး ယင်းသို့ လမ်းပိုင်းပျက်စီးမှုတချို့ရှိနေခြင်းမှာ မှန်ကန်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ရှင်းပြသည်။
အက်ကွဲမှုများဖြစ်နေသည့် လမ်းပိုင်းနေရာသည် ဖယောင်းမြေသားဖြစ်နေသည့်အတွက် မိုးရွာခြင်း၊ နေပူခြင်းများ ဖြစ်လာပါက မြေ သားကြွတက်လာသည့် လက္ခဏာရှိကြောင်း၊ ထိုသို့ဖြစ်နေသည့်အတွက် တာဝန်ရှိသူများ အနေဖြင့် အဖြေရှာလျက်ရှိကြောင်း သိရှိရသည်။
“ကွန်ကရစ်လမ်းဆိုတာက ပတ်ကြားအက်တာလေး အနည်းငယ်တော့ ဖြစ်တတ်ပေမယ့် အန္တရာယ်ဖြစ်လောက်တဲ့အထိ တော့ မဟုတ်ပါဘူး၊ အဲဒီ လိုပတ်ကြားအက်တွေ ဖြစ်လာရင်လည်း လမ်းသားကို ပြန်ပြီးဖာထေးတာ၊ ကွန်ကရစ် ပြန်အုပ်တာတွေ လုပ် တယ်”ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီ သို့ ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် လမ်းပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေသည့်အပေါ် ဝန်ခံပြောဆိုလိုက်ပြီး လိုအပ်ချက်များ ရှိနေကြောင်း၊ လမ်းပြုပြင်ထိန်းသိမ်းရန်အတွက် နည်းပညာပိုင်းလိုအပ်ချက်သာမက ငွေကြေးလိုအပ်ချက်များလည်း ရှိနေကြောင်း၊ လက်ရှိ အကူအညီပေးမည်ဟု ဆိုထားသည့် အဖွဲ့အစည်းတချို့၏ အမြန်လမ်းအပေါ် စစ်ဆေး တွေ့ရှိချက်များကိုလည်း စောင့်ကြည့် နေကြောင်း ဦကြည်ဇော်မြင့်က ဆိုသည်။
“ကျနော်တို့က လမ်းကိုကားမောင်းလို့ရအောင် စထားတဲ့ အဆင့်မှာပဲ ရှိသေးတယ်၊ လမ်းထိန်းသိမ်းမှုဆိုင်ရာ အရည်အသွေးတွေ မြှင့် တင်ဖို့ကတော့ အများကြီးလိုနေသေးပါတယ်၊ သတ်မှတ်အရှိန်နဲ့ ကားကိုမောင်းနှင်လို့ရအောင် လမ်းခင်းပေးထားရုံပဲ ရှိပါသေး တယ်”ဟု ၎င်းက ရှင်းပြသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၀၂ မှ ၃၆၃ မိုင်အထိ အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး တာဝန်ယူထားသည့် အင်ဂျင်နီယာ မှူး ဦးပြည့်ဖြိုးဆယ်က“ပုံမှန်အရှိန်နဲ့ မောင်းနေတဲ့ ကားတွေကတော့ ပြဿနာမရှိဘူး၊ ဒါပေမယ့် အရှိန်လွန်မောင်းနေတဲ့ ကားတွေအတွက်တော့ အန္တရယ်ရှိနိုင်တယ်၊ ၈ လမ်းသွားလမ်းမကြီး ပြီးစီးသွားတဲ့အချိန် ရောက်ရင်တော့ လမ်းပျက်စီးမှုပြဿနာတွေ ရှိတော့ မှာ မဟုတ်ဘူး၊ ၂ လမ်းသွားပဲ ဖြစ်နေသေးတော့ အဲဒီ ပြဿနာတွေ ဖြစ်နေတာ”ဟု ပြောဆိုသည်။
အမေရိကန် အကူအညီပေးရေး အဖွဲ့(USAID) က အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရာတွင် အကူအညီပေးမည်ဟု ကတိပေး ထား ခဲ့သော်လည်း လမ်းသားစစ်ဆေးမှု တကြိမ်ပြုလုပ်ခဲ့ပြီးချိန်မှစ၍ ယခုအချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးကြောင်း၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) က ဂျပန်အစိုးရအစီအစဉ်ဖြင့် ဂျပန်နိုင်ငံက ပညာရှင်များနှင့် အမြန် လမ်းမကြီး၏ လမ်းအရည်အသွေးစစ်ဆေးမှုများကို ပြုလုပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ် ရေး လုပ်ငန်းမှ သိရသည်။
“သူတို့တွေရဲ့ လေ့လာစစ်ဆေးချက်တွေကို စာတမ်းတွေလုပ်ပြီးမှ အမြန်လမ်းကြီးအတွက် နိုင်ငံတကာအကူအညီ တောင်းဖို့၊ ချေးငွေယူဖို့ စတဲ့ ကိစ္စတွေကို ဆက်လုပ်ရမှာပါ၊ လက်ရှိအထိတော့ လုပ်ရမယ့်လုပ်ငန်းတွေကို လေ့လာ နေတုန်းပဲ”ဟု ဦးကြည်ဇော်မြင့် က ပြောသည်။
ဂျပန်နိုင်ငံမှ ပညာရှင်များ၏အဆိုအရ ရန်ကုန်-မန္တလေး အမြန်လမ်းမသည် လမ်းသားကောင်းမွန်မှု ၇၅ ရာခိုင်နှုန်းရှိပြီး ၁၉ ရာခိုင်နှုန်း မှာ အနည်းငယ်ဆိုးရွားသော အဆင့်ရှိကာ ၆ ရာခိုင်နှုန်းက လမ်းသားနိမ့်ကျမှုအပိုင်းတွင် လိုအပ်ချက်အများဆုံး ရှိနေသည်ဟု သုံးသပ်ထားကြောင်း သိရှိရသည်။
ယမန်နှစ်က ရန်ကုန်မြို့ အင်ဂျင်နီယာအသင်း၌ပြုလုပ်ခဲ့သည့် အမြန်လမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် အမြန်လမ်းမကြီးကို ၈ လမ်းသွားအဖြစ် အမြန်ဆုံးတည်ဆောက်သွားရန်၊ လမ်းပြုပြင်ထိန်းသိမ်းမှုများလုပ်ရန် စသည့် တိုးတက်မှုပိုင်းဆိုင်ရာများကို အလေးပေးဆွေးနွေးထားကြသော်လည်း အမြန်လမ်းမကို ၈ လမ်းသွားလမ်းမကြီး ဖောက်လုပ်ရန်မှာ၂၀၁၄ ခုနှစ် နှစ်ကုန်ချိန်အထိ ဖြစ်နိုင်ချေမရှိသေး ကြောင်း သိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကို စစ်အစိုးရက ဖောက်လုပ်ခဲ့ရာတွင် ရန်ကုန်–နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်တွင် အပြီးသတ်ကာ ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်တွင် စတင်ဖြတ်သန်းခွင့် ပေးခဲ့သည်။
နေပြည်တော်–မန္တလေး အမြန်လမ်းပိုင်းကို ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် စတင်ဖောက်လုပ်ပြီး ၂၀၁၁ ခု ဒီဇင်ဘာလ အစပိုင်းတွင် အပြီး သတ်ကာ ဒီဇင်ဘာလ ၂၃ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ ယာဉ်စီးရေ စုစုပေါင်း ၁၁ သိန်း ကျော် ဖြတ် သန်း သွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ကြောင်း၊ ယာဉ်တိုက်မှု များတွင် ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ ၊ ခရီးသည် ပေါ့ဆမှု ၂ မှု နှင့် တခြား အကြောင်းအရာများကြောင့်က ၁၁ မှုဖြစ်ပွားကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များ အရ သိရှိရသည်။