Culture

စောလူးမင်း ကျောက်စာ သမိုင်းကွက်လပ်ကို ဖြည့်ပေးနိုင်မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ ရှေးဟောင်းသုတေသန ပညာရှင်များနဲ့ သမိုင်းပညာရှင်များဟာ လွန်ခဲ့နှစ်ပေါင်း ၉၀၀ ကျော်ကရေးထိုးခဲ့တဲ့ ရှေးဟောင်းကျောက်စာ တချပ်ကိုသုတေသနပြု ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ (၁၄.၁.၂၀၁၄) ရက်နေ့ကပြောပါတယ်။ အဲဒီကျောက်စာကြောင့် မြန်မာ့သမိုင်းမှာထင်ရှားတဲ့ အနော်ရထာမင်းကြီးရဲ့သားတော် စောလူးမင်းရဲ့ လူအများမသိရသေးတဲ့ ဘဝအကြောင်းအရာတွေကိုပိုမိုသိနိုင်မယ်လို့ သုတေသနပြုသူတွေကဆိုပါတယ်။

ပညာရှင်တွေက ဒီရှေးဟောင်းကျောက်စာကို မန္တလေးတိုင်း မြစ်သားမြို့ ပေတောကျောင်းတိုက်မှာတွေ့ခဲ့တယ်၊ ကျောက်စာမှာ မွန်၊ ပျူ၊ ပါဠိ နှင့် ဂုံရှမ်းဘာသာတွေနဲ့ရေးထိုးထားပြီး ဒါဟာ ရှားပါး လူသိနည်းတဲ့ ကျောက်စာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲ့ဒီကျောက်စာကို ၁၁ ရာစု အစောပိုင်းမှာ ရေးထိုးခဲ့တာလို့ ယူဆရပြီး စောလူးမင်းရဲ့ မိဖုရားရဲ့ ကောင်းမှုတော်ဖြစ်တဲ့ မဟာအနုရုဒ္ဓါ ဒေဝါရာမကျောင်းဆောက်လုပ် လှူဒါန်းမှုကို မှတ်တမ်းပြု ရေးထိုးတာလို့ ဆိုပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရ ကျောက်စာတိုင်တွေမှာ ထုထွင်းရေးသားချက်တွေဟာ စာကြောင်းအနည်းစုကိုသာ ရှင်းရှင်းလင်းလင်းဖတ်နိုင်ပြီး တချို့မှာဖတ်မရအောင် ပျက်စီးနေတဲ့အကြောင်း၊ ကျောက်စာတချပ်လုံး အပိုင်းပိုင်း ဖြစ်နေတဲ့ပုံ ရှိပြီး ကျောက်စာချပ် ၄ ချပ်သာရှာတွေ့ခဲ့တဲ့ အကြောင်း၊ ကျန်တဲ့အပိုင်းတွေကတော့ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

“မွန်ဘာသာနဲ့ ရေးထားတဲ့စာတွေထဲက တချို့တဝက်ကို ဖတ်နိုင်သလောက်မှာ စောလူးမင်းဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း အုပ်စိုးတဲ့မင်းလို့ ပါတာကို တွေ့တယ်။ အဲဒီ အချက်ကြောင့် စောလူးမင်းဟာ ကျနော်တို့အများစု သိထားမှတ်ယူထားတဲ့ သမိုင်းထဲကလို အမြဲသေရည်မူးနေတဲ့ မင်းဆိုးမင်းညစ် မဟုတ်ဘူးလို့ ဆိုလိုတဲ့ သဘောဆိုတာ သိလာရပါတယ်” လို့ ရှေးဟောင်း သုတေသနဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူ မွန်ကမ္ပည်းကျောက်စာ ပညာရှင် ဦးနိုင်ဘရှင်က ဆိုပါတယ်။

“ကျနော်တို့ ဒီထက်ပိုပြီး ဖတ်နိုင်မယ်၊ တခြားပျောက်ဆုံးနေတဲ့ ကွင်းဆက်တွေကို ဆက်စပ်ယူနိုင်မယ် ဆိုရင်တော့ စောလူးမင်းနဲ့ သူ့ရဲ့ မိဖုရားတို့ရဲ့ တိမ်မြုပ်နေတဲ့ အချက်တွေ ဖော်ထုတ် တင်ပြနိုင်မှာ ဖြစ်ပြီး သူနဲ့ပက်သက်တဲ့ သမိုင်းဆိုင်ရာ အချက်တချို့က ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ်” လို့ သူက ပြောပါတယ်။

မြန်မာ့သမိုင်းထဲမှာတော့ စောလူးမင်းဟာ ပထမမြန်မာနိုင်ငံနဲ့ ပုဂံမင်းဆက်ကိုထူထောင်ခဲ့တဲ့ အနော်ရထာမင်းရဲ့ အရိုက်အရာကိုဆက်ခံဖို့ အရည်အချင်း ပြည့်မီသူ မဟုတ်ဘူးလို့ မှတ်ယူထားကြတာပါ။ စောလူးမင်းဟာ သောက်စားမူးယစ်ပြီး လောင်းကစားများနဲ့ အချိန်ကုန်နေတာကြောင့် တော်လှန်ပုန်ကန်သူတွေက သူ့ကိုနန်းချပြီး ကျန်စစ်သားကို မင်းအဖြစ်တင်မြှောက်ခဲ့တာ ဖြစ်တယ်လို့ သမိုင်းမှာ ဖော်ပြထားပါတယ်။

စောလူးမင်း ပုဂံပြည်ကိုအုပ်စိုးတဲ့ ဆယ်စုနှစ်တောင်မရှိတဲ့အချိန်ကာလအတွင်း သူ့အရင်နန်းတက်သူ၊ သူ့နောက်မှ နန်းကိုဆက်ခံသူ စသူတွေနဲ့ စောလူးမင်းတို့ သက်ဆိုင်ဆက်နွယ်တဲ့ နန်းတွင်း အဖြစ်သနစ်တွေ အပါအဝင်စောလူးမင်းရဲ့ မိဖုရား အကြောင်းကို သမိုင်းမှတ်တမ်းတွေမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားတာမျိုး မရှိခဲ့ပါဘူး။

သမိုင်းပညာရှင်တွေကတော့ စောလူးမင်းရဲ့အကြောင်းဟာ ထင်ရှားတဲ့ သူ့ခမည်းတော် အနော်ရထာမင်း၊ သူ့နောက်မှာ နန်းတက်လာတဲ့ ကျန်စစ်သားမင်းတို့ရဲ့ ကျော်ဇောမှုအောက်မှာ မှေးမှိန်ပျောက်ကွယ်ခဲ့တယ် လို့ ဆိုပါတယ်။

ပညာရှင်တွေက မြန်မာနိုင်ငံအဝှမ်းက စောလူးမင်းလှူဒါန်းခဲ့တဲ့ ဘုရား၊ ကျောင်းကန်၊ စေတီတွေမှာ ရေထိုးထားတဲ့ ကျောက်စာ အနည်းအကျဉ်း၊ စောလူးမင်းကိုယ်တိုင် ထုလုပ်လှူဒါန်းတယ် ဆိုတဲ့ သူ့ရဲ့လက်ရေး မှတ်တမ်းတိုတွေ ပါတဲ့ အုတ်ခွက် ဆင်းတုတော်တွေကို လေ့လာကြည့်တဲ့အခါ စောလူးမင်းဟာ ခမည်းတော် အနော်ရထာမင်းနဲ့ အတူတိုင်းခန်း လှည့်လည်ရာမှာ လိုက်ပါပြီး ခမည်းတော်နည်းတူ အုတ်ခွက်ဘုရား စတာတွေ လှူဒါန်းခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ဆိုပါတယ်။ အခု မြစ်သားမှာ တွေ့တဲ့ စောလူးမင်း ကျောက်စာဟာ ဒီကနဦး လေ့လာချက်တွေကို အထောက်အပံ့ ပေးမယ့် အရေးပါတဲ့ တွေ့ရှိချက် ဖြစ်တယ်လို့ ဆိုကြပါတယ်။

“ကျနော်တို့ဟာ စောလူးမင်း ရေးထိုးခဲ့တယ် ဆိုတဲ့ အုတ်ခွက်စာတွေ၊ ကျောက်စာကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီစာတွေကနေ သူ့အကြောင်း လေ့လာဖို့က ရတဲ့ အချက်အလက် အလွန်နည်းပါးပါတယ်။ အခုတွေ့ရှိမှုက သူနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ အထောက်အကူတွေ ပိုရလာပါတယ်” လို့ ပျူဘာသာကျွမ်းကျင်ပညာရှင် ဦးမြင့်ဆန်းက ပြောပါတယ်။

ဒီကျောက်စာရဲ့ ပြန့်ကြဲနေတဲ့ အပိုင်းအစ ၃ ခုကို မြစ်သားမြို့ပေတောဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာ ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ ကျောင်းဝင်းကို ရှင်းလင်းတုန်း တွေ့ရှိခဲ့တဲ့အကြောင်း မန္တလေး ရတနာပုံသတင်းစာမှာ ပါလာတာကြောင့် သွားရောက်ပြီး လေ့လာရှာဖွေတဲ့ အခါ စတုတ္တအပိုင်းကို ကျောင်းဆောင်သစ် အတွက် ဖောင်ဒေးရှင်း တူးမယ့် နေရာကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကျောက်စာတိုင်ရဲ့ အပိုင်းအစတွေကို စပ်ဆက်ကြည့်တော့ အမြင့် ၄ ပေ ၃ လက်မ၊ အကျယ် ၂ ပေခွဲရှိပြီး၊ အထူက ၅ လက်မခန့် ရှိတယ်လို့ ဆိုပါတယ်။ ကျောက်စာဟာ မျက်နှာပြင် နှှစ်ဖက်စလုံးမှာဘာသာစကား အမျိုးမျိုးနဲ့ ရေးထိုးထားတဲ့ ကျောက်စာဖြစ်တယ် လို့ ဆိုပါတယ်။

သုတေသနပြုသူတွေ ဖတ်လို့ရတဲ့ အနည်းငယ်သော စာကြောင်းတွေကနေ ရတဲ့ အချက်အလက်တွေအရ မဟာအနုရုဒ္ဓါ ဒေဝါရာမ ကျောင်းတော်ကြီးကို စောလူးမင်းနဲ့ သူ့ရဲ့မိဖုရား သီရိစန္ဒာဒေဝီက နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြ ထားတယ်လို့ ဆိုပါတယ်။

“ကျောက်စာမှာ မြန်မာသက္ကရာဇ် ၄၂၅ (ခရစ်သက္ကရာဇ် ၁၀၅၂ အေဒီ) လို့ ရှင်းရှင်းလင်းလင်းဖော်ပြထားတာတွေ့တယ်။ ပြီးတော့ ရေးထိုးထားတဲ့ စကားအသုံးအနှုန်းတွေကလည်းအဲဒီခေတ်ကရေးထိုးခဲ့တဲ့ အခြားကျောက်စာတွေနဲ့ အလွန်နီးစပ် ပါတယ်။ ဒါကြောင့် ဒီကျောက်စာဟာလွန်ခဲ့ နှစ်ပေါင်း ၁၀၀၀ လောက်ကရေးထားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်” လို့ ဦးမြင့်ဆန်းက ပြောပါတယ်။

သို့ပေမယ့် သုတေသနသမားတွေကတော့ အခုတွေ့ရှိချက်တွေဟာ ပျက်စီးလုလု ဖြစ်နေတဲ့ စာကြောင်းတွေကို ဖတ်ရှုရာက ရတဲ့အချက် အနည်းအကျဉ်းမျှသာ ရှိနေသေးတာရယ်၊ အရေးကြီးတဲ့ အချက်အလက်တွေ ပါနိုင်ဖွယ်ရှိတဲ့ ကျောက်စာရဲ့ အစိတ်အပိုင်း တော်တော်များများက ပျက်စီးနေတာရယ်၊ တခြားအပိုင်းအစတွေဟာ ပျောက်ဆုံးနေဆဲ ဖြစ်တာတွေရယ် ကြောင့် ဒီကျောက်စာပါ အချက်အလက်တွေနဲ့ စောလူးမင်းရဲ့ သမိုင်းကြောင်းဟာ ဆက်ပြီးဆွေးနွေး လေ့လာစရာ၊ အငြင်းပွားစရာ ဖြစ်နေဦးမယ် လို့ ဆိုပါတယ်။

“တခြား ရှာဖွေတွေ့ရှိတဲ့ သမိုင်းအထောက်အထားပြု ကျောက်စာတွေလိုပဲ ရေးထိုးတဲ့ နှစ်ကာလ၊ ပြီးတော့ ရေးထွင်းထား တဲ့ ဘာသာစကား၊ အဲ့ဒီခေတ်ကာလတုန်းက လူတွေရဲ့အကြောင်းစတဲ့ အချက်တွေမှာ ကွဲလွဲချက်တွေ ရှိနေဦးမှာပဲ။ ဒီလိုပဲ အစပိုင်းမှာ ငြင်းကြခုံကြ၊ ဆွေးနွေးကြ၊ လေ့လာကြ၊ အဖြေရှာကြနဲ့ နောက်ဆုံးတော့လည်း အဖြေမှန်ပေါ်လာမှာပဲ။ တကယ်တော့ ဒီလိုကွဲလွဲကြ၊ လေ့လာကြ၊ ဆွေးနွေးကြတာတွေဟာ ရှေးဟောင်းသုတေသီတွေနဲ့ သမိုင်းသုတေသီတွေရဲ့ အလုပ်ပဲ” လို့ နိုင်ဘရှင်က ပြောပါတယ်။

စောလူးမင်းကျောက်စာ သုတေသနပြုလေ့လာရေး အဖွဲ့ဝင် တဦးဖြစ်တဲ့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က သုတေသီတွေ လေ့လာတွေ့ရှိချက်အရ ကျောက်စာမှာ ရေးထိုးထားတဲ့ မွန်၊ ပျူ၊ ပါဠိနဲ့ ဂုံရှမ်းဘာသာစကားတွေက အခိုင်အမာ ဖြစ်ကြောင်း၊ သို့ပေမယ့် ကျောက်စာရဲ့ အစပိုင်းမှာတော့ အမျိုးအမည် မသိရသေးတဲ့ ဘာသာတခု ပါဝင်ကြောင်း ပြောဆိုပါတယ်။

“ဒါကလည်း ရေးထိုးတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ ကျောက်စာချပ်ကြီးကလည်း အပိုင်းပိုင်းကွဲနေတယ်။ ဆိုတော့ အခုအထိ ဒီမှာရေးထိုးထားတဲ့ထဲက တချို့က ဘာ ဘာသာစကားလဲ ဆိုတာ အတည်မပြုနိုင်သေးဘူး။ ဒါကြောင့် ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ဆက်လေ့လာဖို့ လိုတယ်” လို့ သူက ပြောပါတယ်။

သုတေသီတွေက ကျောက်စာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက် ရှာဖွေ ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေကြသလို ပေတောကျောင်းကျောင်းထိုင် ဆရာတော်နဲ့ မြစ်သားမြို့က သမိုင်းဝင် ရှေးဟောင်းပစ္စည်း မြတ်နိုးသူ လူကြီးလူငယ်တွေ ကတော့ အဲဒီ ရှေးဟောင်းကျောက်စာတိုင်ကို ထိန်းသိမ်းဖို့နဲ့ လေ့လာလိုသူတွေ လေ့လာနိုင်အောင် ကျောက်စာတိုက် တဆောင်ဆောက်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က “သမိုင်းတန်ဖိုး ကြီးမားတဲ့ ဒီကျောက်စာတိုင်နဲ့ ပတ်သက်ပြီးပညာရှင် သုတေသီတွေရဲ့ အကူအညီတွေ လိုပါတယ်။ တခြားကျန်နေတဲ့ ကျောက်စာတိုင် အစိတ်အပိုင်းတွေကိုလည်း ရှာဖွေ ဖော်ထုတ်တင်ပြနိုင်မယ် လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading