ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက် အစီရင်ခံစာအား ပြည်ထောင် စုလွှတ်တော်သို့ ယနေ့တင်သွင်းခဲ့ပြီး ပြောင်းလဲပြင်ဆင်ရန် အကြံပြုသုံးသပ်ထားသည့် အစီရင်ခံစာပါ ဥပဒေ၊ ပုဒ်မများကို ပြင်ဆင်နိုင်ရေး လွှတ်တော်၏ အဆုံး အဖြတ် ခံယူရမည် ဖြစ်ကြောင်း သိရသည်။
“လေ့လာသုံးသပ်ရေး ကော်မတီက ပြင်ချင်တဲ့ အချက်တွေကိုပဲ လေ့လာညှိနှိုင်းတာဆိုတော့ ပြင်ချင်တာကို သူတို့ကိုယ် တိုင် ဆုံးဖြတ်ရင် သဘာ၀ မကျဖြစ်နေမှာ ဆိုတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ရယူမယ်၊ အစီရင်ခံစာက သုံးသပ်ရေး ကော်မ တီအနေနဲ့ အကြမ်းဖျင်းပဲ သုံးသပ်တင်ပြထားတဲ့ သဘောပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း က ဧရာဝတီ ကို ပြောသည်။
အစီရင်ခံစာပါ အချက်အလက်များနှင့်ပတ်သက်၍ ပြင်ဆင်သင့်သည်ဟု သုံးသပ်ထားသည့် အချက်အလက်များကို ထပ်မံစိစစ်ရန် ကော်မတီတခုကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များ က ပြောသည်။
“သီးသန့်ကော်မတီတခု ထပ်ဖွဲ့မယ်၊ အဲဒီကော်မတီကမှ ဘယ်အချက်ကိုတော့ ပြင်ဆင်မယ်၊ ဘယ်ဟာကိုတော့ မပြင်သင့်ဘူး ဆို တာကို ဥပဒေကြမ်း တခုရေးဆွဲပြီး လွှတ်တော်မှာ တင်ပြ မဲခွဲပြီးတော့မှ အတည်ပြုချက်ရယူမယ်”ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကလည်း ပြောဆိုသည်။
လေ့လာသုံးသပ်ရေး ကော်မတီ၏ အဓိက ပြင်ဆင်ရန် သုံးသပ်ထားသည့် အချက်များတွင် တိုင်းရင်းသား စည်းလုံး ညီညွတ် မှုကို အလေးပေးသည့်အနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ပြင်ဆင်ပေးရန် သုံသပ်ထားသည်။ ထို့ အ တူ ဖွဲ့ စည်းပုံပါ ဥပဒေ တခုခုကို ပြင်ဆင်မည်ဆိုပါက ပြင်ဆင်ရန် ခက်ခဲသည့် အခန်း (၁၂ ) ကို လည်း ပြင်ဆင်သင့်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
အခန်း ၁၂ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် ကန့်သတ်ထားသည့် အခန်းလည်း ဖြစ်သည်။ ဖွဲ့စည်းပုံပါ ပုဒ်မ တခုခု ကို ပြင်ဆင်မည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန် လိုအပ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ မဲပေးခွင့်ရှိသူများ၏ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ပြင်ဆင်ရမည်ဟု အခန်း-၁၂ တွင် ပြဌာန်းထားသည်။
“အခန်း ၁၂ ကို ပြင်ဆင်ဖို့ ခက်ခဲနိုင်တယ်၊ ပြည်ခိုင်ဖြိုးကတော့ ၇၅ ရာခိုင်နှုန်းကျော် အစား ၇၅ ရာခိုင်နှုန်းလို့ ပြင်ချင်တဲ့ ဆန္ဒ ရှိတယ်လို့ ကြားတယ်၊ ၇၅ ရာခိုင်နှုန်းလို့တော့ ပြင်နိုင်လိမ့်မယ် ထင်ပါတယ်”ဟု ဦးရဲထွန်း က ပြောသည်။
လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံပါ အချက် တခုခု ပြင်ဆင်မည်ဆိုပါက တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံး တဦး၏ ထောက်ခံမှုပါမှ ပြင်ဆင်နိုင်မည် ဖြစ်သည်။
အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကနှင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က လေ့လာသုံးသပ်ရေး အစီရင်ခံစာပါ အချက်အလက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအား လက်ရှိတွင် ပြင်ဆင်နိုင်ရန် မလွယ်ကူကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသား ဦးဆောင်မှု ကဏ္ဍတွင် ပါ ဝင်နိုင်ရေးနှင့်၎င်းတို့၏ အကျိုးစီးပွားကို ကာ ကွယ်ထားလိုသည့် အတွက် ပြင်ဆင်နိုင်မည် မဟုတ်ကြောင်း ဧရာဝတီ ကို ပြော သည်။
“စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်မယ့် အရာတွေ၊ သူတို့လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တရားစွဲ မခံရအောင် ကာကွယ် ထားမှာပဲ၊ ဒေါ်စု သမ္မတ ဖြစ်ခွင့် ပုဒ်မက အစ ပြင်ဆင်နိုင်ဖို့ ခက်နေဦးမှာပါ”ဟု ဦးဝင်းတင် က ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ)၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကို ကလည်း ၎င်း တို့ ပါတီဝင်များ အနက် ဖွဲ့စည်းပုံ ပြင်ဆင်လိုသူသည် ၎င်းနှင့်သူရ ဦးရွှေမန်းတို့ နှစ်ဦးသာ ရှိကြောင်း 7 day နေ့စဉ် သတင်း စာ ၌ ဖော်ပြထားသည်။
“အစီရင်ခံစာ တင်လည်း တင်တာပဲရှိတယ်၊ သိပ်တော့ ထူးခြားလာမှာ မဟုတ်ဘူး၊ ကျနော်တို့ပါတီမှာ ဖွဲ့စည်းပုံ ပြင်ချင်သူဆို လို့ ကျနော်ရယ်၊ ဥက္ကဋ္ဌ ကြီးရယ် ၂ ယောက်ပဲ ပြင်ချင်တယ်၊ ကျန်သူတွေက သိပ်မပြင်ချင်ကြဘူး၊ တပ်မတော်ကလည်း သိပ် ပြင်လိုတဲ့ ဆန္ဒမရှိဘူး”ဟု သူရ ဦးအောင်ကို က ဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ပြည်သူတို့၏ အကျိုးစီးပွားကို အဓိကထား၍ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ အ ကျိုးအတွက် ပြောင်းလဲသင့်သော အရာများကိုလည်း ရဲဝံ့စွာ လုပ်ဆောင်ကြရန် အရေးကြီးကြောင်း ပြည်ထောင်စု လွှတ် တော် နာယက နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုထားပြီး တဦးတယောက်တည်းအတွက် ပြင်ဆင်ရန် မရှိကြောင်းလည်း ပြောဆိုထားသည်။
ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီသို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အကြံပြုချက်များပေးပို့ကြရာတွင် ပြည်သူများ၏ အကြံပြုစာများ အပြင် တပ်မတော်၊ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ဥပဒေ ခုံရုံး၊ NGO အဖွဲ့များ၏ အကြံပြုစာများ၊ ကြံ့ခိုင်ရေး ပါတီ၊ NLD စသည် တို့က အကြံပြုစာများ စသည်ဖြင့် အကြံပြုစာ တသိန်း ကျော်ရှိကြောင်း၊ အကြံပြုစာအများစုမှာ ပြင်ဆင်လိုကြကြောင်း အစီရင်ခံစာ ၌ ဖော်ပြထားသည်။
ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး အစီရင်ခံစာ၌ နိုင်ငံတော် သမ္မတ အရည်အချင်းနှင့်သက်ဆိုင်သည့် ပုဒ်မ ၅၉ (စ) အား ပြင် ဆင်ရန် ပေးပို့ထားသည့် အကြံပြုချက်များ ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။