ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ဝင်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ရွာ ၇ ရွာမှ ကလေးအများစု ပါဝင်သော ရခိုင် တိုင်းရင်းသား ၁၂၂ ဦးသည် ဖေဖော်ဝါရီ ၄ ရက်က မောင်တောမြို့နယ် အတွင်းသို့ ဝင်ရောက်လာသည့်အတွက် ၎င်းတို့ကို ယာယီတည်းခိုနေထိုင်ရန် စီစဉ်ပေးထားကြောင်း ၎င်းက ပြောပြသည်။
“အခုရောက်လာတဲ့သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်နေကြတဲ့ တိုင်းရင်းသားတွေပါ၊ သူတို့ကို ယာယီအနေနဲ့ ထမင်း စား ဖို့ ကျနော်တို့က စီစဉ်ပေးနေတယ်၊ နောက်ပိုင်းမှာတော့ သူတို့ကို အတည်တကျ နေထိုင်စားသောက်နိုင်အောင် ညှိနှိုင်းပြီး ဆက် လုပ် သွားရမှာပေါ့။ သူတို့ကိုယ်တိုင်ကလည်း အလှူတွေကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည် လာနိုင်အောင် ကြိုးစားဖို့လိုပါတယ်”ဟု ဦးကျင်စန်းက ဧရာဝတီသို့ ပြောသည်။
မိမိတို့လူစုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရေမတ်ဖော်ရွာ၊ ကွမ်းချောင်း၀ ရွာများနှင့် နီးစပ်သော ရွာများမှ မြန်မာနိုင်ငံ နယ်စပ်
မိုင်တိုင် ၇၀ ကျောက်တိုင်သို့ ၂ ရက်ခန့် လမ်းလျှောက်လာပြီး ချင်းပြည်နယ် ပလက်ဝအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ပလက် ဝတွင် ၁ လကျော်နေခဲ့ရပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိကာ ၁၅ ရက်ခန့်နေခဲ့ပြီးမှ မောင်တောသို့ ဝင်ခွင့်ရခဲ့ကြောင်း ရေမတ်ဖော်ရွာမှ ပြောင်းရွှေ့လာသူ ဦးနုမောင်က ဧရာဝတီ ကို ပြောပြသည်။
ဘင်္ဂလားဒေ့ရှ်တွင် မိမိတို့ တောင်ယာစိုက်ပျိုးရာ နယ်မြေများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများက တစတစနှင့် ကျူးကျော် သိမ်းပိုက် လာသည့်အတွက် မိမိတို့အနေဖြင့် ဆက်လက်လုပ်ကိုင်စားသောက်ရန် မဖြစ်နိုင်တော့သဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“၂ နှစ်လောက်ရှိပြီ၊ ကျနော်တို့ကို ဓားနဲ့ခုတ်၊ လူသတ်တာမျိုးတော့ မဖြစ်ပေမယ့် ရန်စောင်မှုတွေ၊ ဖိနှိပ်မှုတွေ ခံလာရတာများ တော့ ကျနော်တို့ ကြောက်ပြီး ထွက်ပြေးလာတာ၊ အဲဒီမှာ ဆက်လုပ်ကိုင် စားသောက်ဖို့ကလည်း ဆက်ရပ်တည်ဖို့ အခြေအနေ မပေးတော့ဘူး။ ဒါနဲ့ မြန်မာနိုင်ငံထဲမှာတော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ငတ်တော့ငတ်မှာ မဟုတ်ဘူးဆိုပြီး ပြန်လာကြတာ”ဟု ဦးနုမောင် ကဆိုသည်။
ယခု ထွက်ပြေးလာသူများသည် ရွာလုံးကျွတ် မဟုတ်ကြောင်း၊ မိမိတို့ ရွာသားအများအပြား ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရစ်ခဲ့သေးကြောင်း၊ ဆွေစဉ်မျိုးဆက် ဘင်္ဂလားဒေ့ရှ်တွင် အခြေချနေထိုင်သူများလည်း ပါဝင်ကြောင်း ပြောင်းရွှေ့လာသူ ဦးအောင်ရွှေသိန်း ကလည်း ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများက မိမိတို့အပေါ် ဖိနှိပ်လာသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အကာကွယ်မပေးကြောင်း၊ မိမိတို့ တောင်ယာများမှ ထွက်ရှိသော သီးနှံများကိုလည်း ဈေးနှိမ်ပြီး ဝယ်ယူသည့်အတွက် မကြာခဏ ပြဿနာ ဖြစ်ပွားရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အသက် ၆၅ နှစ် အရွယ်ရှိ ရွှေ့ပြောင်းလာသူ ဒေါ်ရှမ်းမစု ကလည်း“ကျမတို့က အစိုးရကို အားကိုးပြီးတော့ ပြန်လာတာ၊ အခုလို နှစ် ပေါင်းများစွာ နေလာခဲ့တဲ့ ကိုယ့်အိမ်ကိုယ်ယာကို စွန့်လိုက်ရတဲ့ အတွက် အရမ်းကို ဝမ်းနည်းရသလို ကိုယ့်နိုင်ငံထဲကို ပြန်ရောက် ရတဲ့အတွက်လည်း ဝမ်းသာရတယ်၊ စိတ်ထဲမှာ တမျိုးကြီးပဲ၊ ဟိုဘက်မှာ တချို့သားသမီးတွေလည်းကျန်ခဲ့တော့ သူတို့အတွက် လည်း စိတ်ပူတယ်”ဟု ပြောပြသည်။
ဘင်္ဂလားဒေ့ရှ်မှ တိုင်းရင်းသားများ ရခိုင်ပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့လာခြင်းသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စတင် ခဲ့ကြောင်း၊ ယခုအကြိမ်နှင့်ဆိုလျှင် ၁၄ ကြိမ်ရှိပြီ ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ဝင်ရောက်လာသော အိမ်ထောင်စုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး လူဦးရေပေါင်း ၁၅၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း မောင်တော အုပ်ချုပ်ရေးမှူးရုံး စာရင်းများတွင် ပါရှိသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်တွင် အခြေချနေထိုင်နေကြသော မြန်မာတိုင်းရင်းသားများ ၁၀ သိန်း ဝန်းကျင်အထိ ရှိနေပြီး လွန်ခဲ့သော
နှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်နေသူများဖြစ်ကြကြောင်း၊ ၎င်းတို့တွင် ရခိုင်၊ မြို၊ ခမီ၊ သက်တို့အပြင် ချင်းတိုင်းရင်း သား များပင် ရှိနေကြောင်း မောင်းတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောဆိုသည်။