Politics

RCSS ဥက္ကဋ္ဌ အဖြစ် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ပြန်လည်ခန့်အပ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌလောင်းအဖြစ် ရွေးချယ်ခံရန် လျာထား သည့် ခေါင်းဆောင် ၅ ဦးက အရွေးမခံတော့သဖြင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဥက္ကဋ္ဌ အဖြစ် ပြန်လည် ခန့်အပ်လိုက်သည်။

ရွေးကောက်ပွဲကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ဗဟိုဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်း တောင်ပေါ်တွင် ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

RCSS ရွေးကောက်ပွဲကော်မရှင်က ဥက္ကဋ္ဌ နေရာအတွက် RCSS/SSA တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝါရင့် ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ် စိုင်းယီ၊ ဗိုလ်မှူးချုပ် ခေးငင်း၊ ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီး သီရီ၊ ဗိုလ်မှူးကြီး ဂွဏ်းဇင့် တို့ကို ဥက္ကဋ္ဌ လောင်း များ အဖြစ် ရွေးချယ်ခဲ့သည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ကော်မရှင်က ရွေးချယ်ထားသည့် ဥက္ကဋ္ဌလောင်း ၅ ဦးက နုတ်ထွက်ခဲ့ကြပြီး လာမည့် ၄ နှစ် သက်တမ်းအတွက် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဥက္ကဋ္ဌ အဖြစ် ပြန်လည်ခန့်အပ်ရန် အဆို တင်သွင်းခဲ့ကြသည်ဟု သိရသည်။

RCSS အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းလ က “ရွေးကောက်ပွဲနေ့မှာကြတော့ သူတို့ ၅ ဦးက သူတို့မှာ ဥက္ကဋ္ဌ အဖြစ်ထမ်းဆောင်ဖို့ အရည်အချင်း မပြည့်ဝတာတွေလည်းပါတယ်၊ ကျန်းမာရေးမကောင်းတာတွေလည်း ပါတယ်၊ အခုအချိန်မှာ ဒီတာဝန်ကို ထမ်းဆောင် ဖို့ အသင့်တော်ဆုံးလူကတော့ ဥက္ကဋ္ဌဟောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပဲလို့ သူတို့ကမြင်တယ်၊ သူတို့ကလည်း ဥက္ကဋ္ဌ လောင်းရွေးချယ်ခံရာကနေ နုတ်ထွက်ကြတယ်။ ဥက္ကဋ္ဌဟောင်းကို ပြန်လည်ခန့်အပ်ဖို့ အဆိုတင်သွင်း ကြတယ်၊ နောက်ပြီးတော့ ညီလာခံကို တက်ရောက်လာကြတဲ့ ဗဟိုကော်မတီ အားလုံးကလည်း ဥက္ကဋ္ဌဟောင်းကိုပဲ ပြန်လည် ရွေးချယ်ကြပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ဗိုလ်ချုပ် စိုင်းယီနှင့် ဗိုလ်မှူးချုပ် ခေးငင်း တို့က ကျန်းမာရေး အကြောင်းပြချက်ပေးခဲ့ပြီး ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီး သီရီ၊ ဗိုလ်မှူးကြီး ဂွဏ်းဇင့် တို့ကတော့ လုပ်သက်နုနေသေးသည်ဟု အကြောင်းပြချက်ပေးခဲ့ကြကြောင်း ညီလာခံ တက်ရောက်သူ တချို့ကလည်း ပြောသည်။

RCSS ထိပ်ပိုင်း ခေါင်းဆောင်များ အကြားတွင်လည်း ရာထူး အပြောင်းအလဲများ ရှိကြောင်း သိရသည်။

ညီလာခံ တက်ရောက်သူ ဗဟိုကော်မတီဝင်တဦးက “RCSS/SSA အပေါ်မှာ သူ (ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်) က သြဇာသက်ရောက် မှု ရှိတယ်၊ အစိုးရနဲ့ ငြိမ်းချမ်ရေးကိစ္စတွေမှာလည်း သူက ဦးဆောင်ဦးရွက် လုပ်ထားတာရှိတယ်၊ ကျနော်တို့ အဓိက ယှဉ်တွဲနေရတဲ့ ထိုင်းနိုင်ငံဘက်နဲ့လည်း သူနဲ့ဆက်ဆံရေးက ကောင်းနေတော့ လတ်တလော အနေအထားမှာ သူ့ပဲသင့်တော်တယ်လို့ ယူဆပြီး တာဝန်ပြန်ပေးကြတယ်”ဟု ပြောဆိုသည်။

ယခုနှစ် ဇန်နဝါရီလထဲက ပြုလုပ်သော ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က နောက်လူတွေ လုပ်ကိုင်ခွင့်ရရှိရန် လာမည့် ၄ နှစ် သက်တမ်းအတွက် ရွေးချယ်ခံမည် မဟုတ်ကြောင်း တရားဝင်ပြောဆိုခဲ့သည်။

သို့သော် ဥက္ကဋ္ဌ ရာထူးကို ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြန်လည်ရရှိမည်ဟု ညီလာခံမတိုင်မီကပင် ခေါင်းဆောင်များ အကြားတွင် သိရှိနေကြပြီးဖြစ်သည်။

ညီလာခံ ကျင်းပမည်ရက်မတိုင်မီ လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်တွင် ကျင်းပသော ၆၇ နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့၌ ဧရာဝတီက တွေ့ဆုံမေးမြန်းရာတွင် ရှောင်လွှဲ၍ မရသော အခြေအနေနှင့်ကြုံလျှင် RCSS ဥက္ကဋ္ဌ ရာထူးအား ပြန်လည် လက်ခံပေး သွားမည်ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုထားသည်။

“ဒီအဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လမ်းစဉ်အတိုင်းပဲ ကျင့်သုံးပါတယ်၊ လေးနှစ် တကြိမ် ရွေးကောက်ရမယ့် ထုံးတမ်းတွေ ရှိခဲ့တယ်၊ ဒီနှစ်တော့ လူသစ်တွေ ပါဝင်လာနိုင်အောင် အရာရှိတွေ အချင်းချင်းကြားထဲကနေ ရွေးချယ်ကြဖို့ လမ်းဖွင့်ပေး ထားတယ်၊ တကယ် လို့ ရွေးလို့မရဘူး၊ ရှိကိုမရှိဘူးဆိုပြီး တာဝန်ကို ပြန်အပ်လာတယ်ဆိုရင်တော့ မတတ်နိုင်ဘူး လက်ခံရမှာဘဲ”ဟုလည်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်တွင် ပြုလုပ်သော ညီလာခံသို့ RCSS တာဝန်ရှိသူများ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA) ၏ စစ်တပ်ပိုင်း ဆိုင်ရာ အကြီးအကဲများနှင့် ပြည်တွင်း၊ ပြည်ပ အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၉၉ ဦးတက်ရောက်ခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဥက္ကဋ္ဌ ရာထူးပြန်လည် ခန့်အပ်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ မဲ ၁၄၇ မဲ ရရှိခဲ့ပြီး ပယ်မဲ ၅၁ မဲနှင့် ကန့်ကွက်မဲ ၁ မဲ ရှိကြောင်း သိရသည်။

“သူ့(ဒုဗိုလ်ချုပ်ကြီး ယွက်စစ်) ကို ဝိုင်းပြီး တောင်းဆိုကြတဲ့အခါကြတော့လည်း သူက ဥက္ကဋ္ဌ ရာထူးကို ပြန်ပြီးလက်ခံပါတယ်၊ ဒီ ၄ နှစ် သက်တမ်းကုန်လို့ နောက်ထပ် လာမယ့် သက်တမ်းအတွက်ကိုတော့ သူက လုပ်ဆောင်တော့မှာ မဟုတ်ဘူး၊ ခေါင်းဆောင် တယောက် ရှာထားကြဖို့ ပြောပါတယ်”ဟု ဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။

ထို့အပြင် လက်ရှိလုပ်ဆောင်နေသည့် အစိုးရနှင့်ငြိမ်းချမ်းရေး ကိစ္စ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စများအပါအဝင် RCSS က ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုကြောင်း သူက ဆက်ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် သည် SSA တွင် ဒု ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ယူထားပြီး SSA ၏ နိုင်ငံရေး အဖွဲ့ဖြစ်သော RCSS တွင် လည်း ဥက္ကအဖြစ် တာဝန်ယူထားခြင်း ဖြစ်သည်။

RCSS ကို ၂၀၀၀ ပြည့်နှစ်က စတင် တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌ ရာထူး ရွေးကောက်ပွဲကို ၄ နှစ် တကြိမ် ကျင်းပခဲ့သည်။ စတင် တည် ထောင်စဉ်မှ ယခုအချိန်အထိ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဥက္ကဋ္ဌ အဖြစ် ရွေးကောက် ခံခဲ့ရကြောင်း သိရသည်။

SSA ကို ၁၉၉၆ ခုနှစ်တွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဦးဆောင်ပြီး ယခင် မိုးဟိန်း ဦးဆောင်သည့် ရှမ်းပြည် ညီညွှတ်ရေးနှင့် တော်လှန်ရေးတပ်(SURA) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် မော်ထိုင်း တပ်မတော်(MTA)အဖွဲ့ဝင်ဟောင်း တချို့နှင့် ပြန်လည်ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

ဦးခွန်ဆာ ခေါင်းဆောင်သည့် MTA တပ်ဖွဲ့သည် ၁၉၉၅ ခုနှစ် အစိုးရထံ လက်နက်မချမီက ထိုင်း-မြန်မာ နယ်စပ်တလျှောက် အင်အားကြီး လက်နက် ကိုင် အဖွဲ့များအနက် ထင်ရှားသည့် အဖွဲ့တဖွဲ့ ဖြစ်ခဲ့သည်။ ဦးခွန်ဆာ၏ လက်ကျန် တပ်ဖွဲ့ဝင် တချို့ကတော့ ရှမ်းပြည်နယ်အတွင်း၌ မိုင်းပန် ပြည်သူ့စစ် တပ်ဖွဲ့ အဖြစ်နှင့် အစိုးရ စစ်တပ်အောက်တွင် တာဝန် ထမ်းဆောင်နေကြ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading