သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကြားမှာ အာဏာ ပြိုင်ဆိုင်မှု တွေ၊ အကွဲအပြဲတွေ တောက်လျှောက် ရှိနေတာမို့ အစိုးရဘက်က လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း ပေးဖို့ အတင်းအကျပ် ဖိအားပေးနေတာက အစိုးရ မကြိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကို ဖြုတ်ချဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ အထူးသဖြင့် လွှတ်တော်နာယက သူရ ဦးရွှေမန်းကို အမတ်အဖြစ်က ပြန်လည် ရုပ်သိမ်းဖို့ ရည်ရွယ်ချက် ရှိလေမလား ဆိုပြီး လွှတ်တော် ကိုယ်စားလှယ် တချို့က သုံးသပ်မေးခွန်းထုတ်လာပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်သူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး တခုဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို လွှတ်တော်က အမြန်ဆုံး ပြဋ္ဌာန်း ပေးဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေပြည်တော်၊ လွှတ်တော်အဆောက်အအုံ အိုင်ဆောင် အမှတ် ၂ မှာ ကျင်းပ တဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ညှိနှိုင်းဆွေးနွေးပွဲမှာ တောင်းဆို လိုက်ပါတယ်။
ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တာက တကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်စေဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၇ ဖြစ်တဲ့ “ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများ၊ တာဝန်မှ ပြန်လည် ရုပ်သိမ်း ခြင်း ဆိုင်ရာ ကိစ္စများနဲ့ ပတ်သက်၍ လိုအပ်သော ဥပဒေများ ပြဋ္ဌာန်းရမည်´´ ဆိုတဲ့ ဥပဒေရှိနေတာကြောင့် တကြောင်း အဲဒီဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ် လို့ ဦးတင်အေးက လွှတ်တော် ကိုယ်စားလှယ် တွေကို ပြောဆို ပါတယ်။
လတ်တလော အနေအထားမှာ သမ္မတ၊ ဒုသမ္မတနဲ့ အစိုးရဝန်ကြီးတွေ အပါအဝင် အုပ်ချုပ်ရေး ယန္တရားက ထိပ်တန်း ခေါင်းဆောင်တွေကို လွှတ်တော်က စွပ်စွဲ ပြစ်တင် ဖြုတ်ချနိုင်တဲ့ အခွင့်အရေးရှိပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြုတ်ချနိုင်တဲ့ ဥပဒေ မရှိသေးတာမို့ ဒီဥပဒေပြဋ္ဌာန်းပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့အစိုးရဘက်က အတင်း အကျပ် လုပ်ဆောင်လာတာက ဘာရည်ရွယ်ချက်ရှိသလဲဆိုတာ စဉ်းစားစရာဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က သုံးသပ် ပါတယ်။
ဒီမိုကရေစီ နည်းလမ်း အရ အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန် ထိန်းကျောင်းရမှာဖြစ်ပေမယ့် မြန်မာ့နိုင်ငံရဲ့ မပီပြင်တဲ့ ဒီမိုကရေစီ စနစ်မှာတော့ အာဏာပြိုင်ဆိုင်မှုတွေနဲ့ ပုဂ္ဂိုလ်ရေး အာဃာတတွေကြောင့် ဥပဒေတွေက တဖက်နဲ့ တဖက် တိုက်ခိုက်တဲ့ လက်နက်တွေ၊ အပြန်အလှန် ကာကွယ်ကြတဲ့ ဒိုင်းတွေ ဖြစ်လာပါတယ်။
ဦးရွေမန်း ဦးဆောင်တဲ့ လွှတ်တော်က လုပ်ဆောင်ချက်တွေက အခြေခံဥပဒေနဲ့ မညီဘူးလို့ သမ္မတဦးသိန်းစိန် အစိုးရက တောက်လျှောက် ပြောဆိုနေသလို ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ကလည်း အစိုးရရဲ့ ငြိမ်းချမ်းရေး၊ ပြုပြင် ပြောင်းလဲရေး တွေက ဥပဒေနဲ့အညီ လုပ်ဆောင်ရမယ်လို့ အမြဲတစေ ဝေဖန်ထောက်ပြ နေပါတယ်။
“လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း´´ ပြဋ္ဌာန်းဖို့ ဆွေးနွေးလာချိန်မှာတော့ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ကြားက နိုင်ငံရေး အကွဲ အပြဲနဲ့ အာဏာလွန်ဆွဲပွဲကို ပိုပြီး ထင်သာ မြင်သာ ရှိစေခဲ့ပါတယ်။
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ “လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း” ဆွေးနွေးစဉ် သမ္မတဦးသိန်းစိန် ဘက်တော်သား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ သူရဦးရွှေမန်း ဘက်တော်သား ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် တွေအကြား တဦးနဲ့ တဦး ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက် ဝေဖန်ခဲ့ကြပြီး အစိုးရရုပ်မြင်သံကြား၊ သတင်းစာတွေမှာ အဲဒီဖြစ်စဉ်အကြောင်း အသေးစိတ် ထုတ်ပြန်ခဲ့ပါတယ်။
အခြေခံဥပဒေမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက တိုင်ကြားလာရင် အဲဒီမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ကို ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးပြီး မဲဆန္ဒခံယူပွဲ ကျင်းပရမယ်၊ မဲဆန္ဒရှင် ထက်ဝက်ကျော်ရဲ့ ဆန္ဒမဲနဲ့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ တာဝန်ကနေ ပြန်ရုပ်သိမ်းနိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။
ဦးရွှေမန်း အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အမတ်တွေအားလုံးက လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ အမတ်တာဝန်က ရုပ်သိမ်းဖို့ တိုင်တန်းရမယ့် မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း ဆိုတာ အင်မတန် နည်းတဲ့ အရေအတွက်မို့ အဲဒီအတိုင်း ဥပဒေပြဋ္ဌာန်းလိုက်ရင် တိုင်တန်းမှု တွေ လုပ်လာရင် နိုင်ငံရေး မတည် ငြိမ်မှု တွေ ဖြစ်လာမယ်၊ လွှတ်တော်ကိုယ်စားလှယ် တွေ အလုပ်ပျက်မယ်ဆိုပြီး ဥပဒေကြမ်းကို မဆွေးနွေးဖို့၊ အခြေခံ ဥပဒေ ပြင်ဆင်ပြီးမှ ဆက်ဆွေးနွေးဖို့ တိုက်တွန်းခဲ့ကြပေမယ့် သူတို့တိုက်တွန်းချက်တွေက အရာမထင်ခဲ့ပါဘူး။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကြမ်း ပြဋ္ဌာန်းဖို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ လွှတ်တော်ဥပဒေကြမ်း ကော်မတီကြားမှာ ဆွေးနွေးမှုတွေရှိနေပေမယ့် ပြဋ္ဌာန်းဖို့တော့ မလွယ်ကူသေးပါဘူး။
ဒါပေမယ့် ဒီလွှတ်တော်သက်တမ်းမကုန်ခင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တော့ အဲဒီဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းရမှာဖြစ်ပြီး အဲဒီဥပဒေသာ အသက်ဝင် အတည်ဖြစ်လာရင် အစိုးရအနေနဲ့ သူတို့မကြိုက်တဲ့ အမတ်တွေကို ဖြုတ်ချဖို့ သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင် ပြည်သူ ၁ ရာခိုင်နှုန်းကို စည်းရုံးပြီး ဖြုတ်ချနိုင်တဲ့ အခွင့်အလမ်းတွေ ရလာပါ့မယ်။
သမ္မတဦးသိန်းစိန်နဲ့ ဦးရွှေမန်းကြားမှာ ထင်သာမြင်သာရှိတဲ့ မသင့်မြတ်မှုတွေရှိနေတာမို့ ဦးရွှေမန်းကိုတောင် အဲဒီဥပဒေနဲ့ လွှတ်တော်အမတ်အဖြစ်က ပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ဦးရွှေမန်းက နေပြည်တော် ဇေယျာသီရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဇေယျာသီရိမြို့နယ် ဆိုတာကလည်း အစိုးရဝန်ထမ်း တွေ တော်တော်များများရှိနေတဲ့ မြို့နယ်ပါ။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေ ပြဋ္ဌာန်းပြီးလို့ ဇေယျာသီရိမြို့နယ် က မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက ဦးရွှေမန်းကို မကြိုက်လို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားလာရင် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆန္ဒခံယူပွဲ ကျင်းပရမှာဖြစ်ပါတယ်။ ဆန္ဒခံယူပွဲ က ထွက်ပေါ်လာမယ့် ရလာဒ်က ဦးရွှေမန်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးပါ လိမ့်မယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းဦးက “ ဒါတွေကို စိန်ခေါ်မှုလို့ လက်ခံတယ်။ ကိုယ့်သိက္ခာ ကိုယ်ယုံတယ်။ ကျနော်တို့လုပ်နေတာ လွှတ်တော်ကြီးမှာ ဘာအခွင့်အရေး မှ မရှိပါဘူး။ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်ကြားမှာ ပဋိပက္ခ ရှိသည်ပဲ ထားဦးတော့ နိုင်ငံအတွက် လုပ်မှာလား၊ မကျေနပ်မှု ကို အခြေခံပြီး လုပ်မှာလား၊ ဘာကိုရည်စူးပြီး လုပ်ကြမှာလဲ။ လွှတ်တော်ဘက်ကတော့ ဒီဥပဒေ (လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ) မရှိခင်ကတည်း အစိုးရကို စွပ်စွဲပြစ် တင်လို့ရတဲ့ အခွင့်အရေး ရှိခဲ့တာပဲ။ မလုပ်ခဲ့ဘူး။ ဒီခေတ်ကြီးမှာ ခေတ်သစ်၊ စနစ်သစ် ဒီနိုင်ငံကို ပြောင်းလဲနေတဲ့ အချိန်မှာ ကိုယ့်ပါတီက တင်လိုက်တဲ့ လွှတ်တော်၊ ကိုယ့်လွှတ်တော်က တင်လိုက်တဲ့ အစိုးရ ဘယ်သူ့ကိုမှ ဖြုတ်မချင်ဘူး။ ရာဇဝင် ရိုင်းတယ်။ ဖြစ်လည်း မဖြစ်ချင်ဘူး။ ဒါကြောင့်မို့ ဒါတွေကို အားလုံး ရှောင်ရှားတယ်။ ဘယ်တော့မှ အယုံအကြည် မရှိ အဆို တင်သွင်းရမှာ မျိုးကို ရှောင်ရှားမယ်။ အဲဒါကို တဖက်က ဒီဥပဒေ (လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေ)နဲ့ လုပ်လာပြီဆိုရင်တော့ လုပ်ပေါ့။ တိုင်းပြည်က ဆုံးဖြတ်လိမ့်မယ်´´ လို့ သုံးသပ်ပြောဆိုပါတယ်။