ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီ မြို့နယ် အတွင်း လူဦးရေ ၂၀၀ ကျော် ပါဝင်သော ငါးဖမ်း လုပ်သားများ အဖွဲ့က ကမ်းနီး ငါးဖမ်းဧရိယာ အတွင်းသို့ ကမ်းဝေး ငါးဖမ်းလှေများ ဝင်ရောက်ဖမ်းဆီးမှုကို တားဆီးပေးရန် ယနေ့ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ် ကြောင်း သိရသည်။
ကမ်းဝေးငါးဖမ်း လှေများက ကမ်းနီးငါးဖမ်း လုပ်ကွက်ထဲသို့ အတင်းဝင်ရောက် ဖမ်းဆီးခဲ့မှုကြောင့် ငါး အရ နည်းသည့် အပြင်၊ ကမ်းဝေး ငါးဖမ်းလှေများက ကမ်းနီး ငါးဖမ်းလှေများ၏ ငါးပိုက်များကို မကြာခဏ ဖျက်ဆီးမှုများ ပြုလုပ် နေသောကြောင့် ယခုကဲ့သို့ ပြည်ထောင်စု အစိုးရ အဖွဲထံ တောင်းဆို ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ကျိန္တလီမြို့ရှိ ကမ်းနီး ငါးဖမ်း လုပ်ငန်း ပိုင်ရှင် ဦးကျော်စိုးလင်းက ပြောသည်။
ကမ်းနီး ငါးဖမ်းလှေများအား ကမ်းခြေမှ ရေမိုင် ၁၀ မိုင်အတွင်း ငါးဖမ်းယူရန်သတ်မှတ်ထားပြီး ကမ်းဝေး ငါးဖမ်းလုပ်ကွက်များသည် အဆိုပါ ရေမိုင် ၁၀ မိုင် အပြင်ဘက်၌ ဖမ်းယူရန် သတ်မှတ်ထားသော်လည်း ကုမ္ပဏီကြီးများ ပိုင်ဆိုင်သော ကမ်းဝေး ငါးဖမ်းလှေများသည် သတ်မှတ်ချက်ကို ချိုးဖောက် နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သည်ဟု ကမ်းနီး ငါးဖမ်း လုပ် ငန်း ပိုင်ရှင် ဦးတင်ထွန်းကလည်း ပြောပြသည်။
“ပိုက်ချထားတဲ့ နေရာတွေကို သူတို့ အတင်း ဝင်ရောက် ဖြတ်သန်း သွားတဲ့အခါ ကျနော်တို့ ချထားတဲ့ ပိုက်တွေကိုပါ ဖျက် ဆီး သွားတာ၊ သက်ဆိုင်ရာကို တင်ပြမယ်ဆိုရင်လည်း ညဘက် ဖြစ်ပျက်ခဲ့တာ အပြင်၊ ကမ်းဝေး ငါးဖမ်းလှေတွေက သူတို့ရဲ့ လှေတံဆိပ်၊ နံပါတ်တွေကို အုပ်ထားကြတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ကျနော်တို့ တိုင်ကြားရာမှာလည်း ထိရောက်မှု မရှိတော့ဘူးပေါ့၊ တခါတခါ သူတို့ဝင်လာရင် ငါးဖမ်းလှေ အုပ်စုက အစီး ၂၀ ကနေ ၃၀ ဝန်းကျင်အထိ ဝင်ကြတာ”ဟု ကျိန္တလီ မြို့နယ် သဲကုန်း ကျေးရွာ အုပ်စု ဒေသခံ ဦးဇော်မျိုးထွဋ်က ပြောသည်။
ကမ်းဝေး ငါးဖမ်းလှေများ ဝင်ရောက်လာမှုကြောင့် ကမ်းနီး ငါးဖမ်းလှေများ၏ ပိုက်တန်းများ ဖျက်ဆီးခံရမှုသည် နှစ်စဉ် တကြိမ် ထက်မက ကြုံတွေ့ ကြရကြောင်း၊ တခါတရံတွင် ကမ်းနီး ငါးဖမ်းလှေများကို ဝင်ရောက် တိုက်ချမည့် သဘောများ ရှိနေ သည့် အတွက် အသက်အန္တရယ် မဖြစ်စေရန် ကြိုးစား ရှောင်တိမ်းရကြောင်း သိရသည်။
ကမ်းဝေး ငါးဖမ်းလှေများသည် ကျိန္တလီ မြို့နယ်ခွဲ အပိုင် ဖြစ်သော မောင်းထောက်စွန်း အငူမှ ထီးထူးစွန်း အငူ အထိ ကြမ်းပြင် အထိ ရောက်သော ခေတ်မီ ပိုက်များဖြင့် ငါးသေး၊ ငါးကြီးများသာမက ရေအောက်က ငါးများ နေထိုင် ကျက်စားသည့် အရာများပါ ဖျက်ဆီးသောကြောင့် ယခုနှစ် ဆိုလျှင် ငါးရမှုနှုန်း ထက်ဝက် နီးပါးအထိ လျော့ကျ ခဲ့ကြောင်း ပုန်းညှက် ကျေးရွာအုပ်စုမှ ဦးအောင်ကျော်စိုးက ဆိုသည်။
“သူတို့ ပိုက်တွေက ကြမ်းပြင်က ကျောက်တန်းတွေကို ဖျက်ဆီး လိုက်တာ ဆိုတော့ ငါးတွေ ရှင်သန် နေထိုင်ရေး ထိခိုက် တယ်၊ ကျနော်တို့ တရားဝင် လိုင်စင်နဲ့ လုပ်နေပေမယ့် ဘာအကာအကွယ်မှ မရဘူး၊ ဒါကို ပြည်ထောင်စု အစိုးရ အနေနဲ့ ထိထိရောက်ရောက် ကြပ်မတ် ပေးစေချင်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ကျိန္တလီ မြို့နယ်ခွဲတွင် ကြွေးကျိုင်၊ ပုန်းညှက်၊ သဲကုန်း၊ ကျင်းကြီး၊ လက်ပံကုန်း၊ ရှောက်ကုန်းနှင့် ကျိန္တလီ မြို့ပေါ်ရပ်ကွက်များမှ ငါးလုပ်ငန်း လုပ်ကိုင်သူ ၃ ထောင်ခန့် ရှိပြီး ငါးများ အခြောက်လှမ်းသော လုပ်သား အင်အားနှင့် ဆိုလျှင် လူဦးရေ သောင်း ဂဏန်း ရှိကြောင်း သိရသည်။
ကမ်းနီး ငါးဖမ်းလှေ တစုတွင် ဦးဆောင်လှေ အပါအဝင် လှေ ၃ စီး ရှိပြီး တစုလျှင် လူ ၃၀ နီးပါး လုပ်ကိုင်ကြကြောင်း၊ ကမ်းနီး ငါးဖမ်းလှေ တစု တည ငါးရှာ ထွက်လျှင် ကျပ် ၁ သိန်းကျော် ကုန်ကျစရိတ် ရှိကြောင်း၊ ကမ်းနီး ငါးဖမ်းလုပ်ကွက်ကို နှစ်စဉ် နိုဝင်ဘာလဆန်းပိုင်းမှ ဧပြီလကုန် အထိ ဖမ်းဆီးလေ့ ရှိပြီး ငါးဖမ်းလှေ တစုလျှင် ကျပ်သိန်း ၃၀၀ နီးပါးမျှ ရင်းနှီး မြှုပ်နှံရကြောင်း လုပ်ငန်းရှင်များက ပြောသည်။