သတင်း

အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲ NNER ကို တက်ခွင့်မပြုတော့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်တွင် မတ်လ ၅ ရက် နှင့် ၆ ရက်တို့တွင် ကျင်းပမည့် အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲသို့ “ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်” (NNER) ကို တက်ရောက်ရန် ပညာရေးဝန်ကြီးဌာနက တရားဝင် ဖိတ်ကြားပြီးမှ ပြန်လည် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ယနေ့ နေ့လည် ၂ နာရီခွဲခန့်က ရန်ကုန်မြို့၊ သမိုင်းမြို့မကျောင်းတိုက်၊ အသောက ဖောင်ဒေးရှင်း ခန်းမအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NNER မှ တာဝန်ရှိသူတဦးဖြစ်သူ ဒေါက်တာ သိန်းလွင်က “ပွဲကို တက်ဖို့အတွက် သူတို့ဌာနဘက်က ကမ်းလှမ်းခဲ့တာ၊ နေထိုင်ရေးကအစ အားလုံးစီစဉ်ပေးမယ်လို့ ညွှန်ချုပ်အဆင့်ရှိတဲ့သူက ကျနော့်ကို ဖုန်းဆက်ခဲ့တယ်။ ၃ ရက်နေ့ ညကျတော့မှ ခင်ဗျားတို့ကို ဖိတ်ဖို့ ကျနော့်မှာ ဖိတ်ခွင့်မရှိဘူးဆိုပြီး အကြောင်းပြန်တော့ ဒီဘက်ကလူတွေအားလုံး အဆင်မပြေ ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနက NNER ကွန်ရက်အဖွဲ့ဝင်များအား နေပြည်တော်တွင် ကျင်းပမည့် အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် အီးမေးလ်ဖြင့်လည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း ဆက်သွယ် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ NNER ဘက်မှ တက်ရောက်မည့် ကိုယ်စားလှယ် ၁၅၀ ဦးအတွက်လည်း စီစဉ်ပေးမည်ဟု ကတိပြုခဲ့ပြီးမှ ပြန်လည် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့တွေ ပြန်ဆက်သွယ်တဲ့အချိန်မှာ ကိုယ်စားလှယ်အများစုက ခရီးစဉ်စနေကြပြီ၊ တချို့လည်း လေယာဉ်၊ ကားလက်မှတ်တွေ ဝယ်ပြီးနေကြပြီ၊ နေပြည်တော်ရောက်သွားတဲ့ ကိုယ်စားလှယ်တချို့ဆို ကတိုက်ကရိုက်တွေ ဖြစ်ကုန်တယ်” ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။

ကွန်ရက်အနေဖြင့် အစိုးရမှ ဖွဲ့စည်းထားသည့် “လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ရေး အဖွဲ့” နှင့်
ပူးပေါင်းဆောင်ရွက်လိုသော်လည်း လက်ရှိအခြေအနေအရ ပညာရေးဝန်ကြီးဌာန၏ လုပ်ရပ်များကြောင့် ဆက်လက် လက်တွဲမည့် ယုံကြည်မှုကို ပျက်ပြားစေသည်ဟု NNER ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဗဟိုချုပ်ကိုင်မှုဖြင့်သာ ကျင့်သားရနေပြီး ပြည်သူလူထု၏ ဆန္ဒကို မျက်ကွယ်ပြုသော အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုကိုလည်း ယုံကြည်မှုမဲ့စေကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြောင်းလဲရန်အတွက် အစိုးရနှင့် NNER ပူးပေါင်းလုပ်ဆောင်မည်ဟု အစိုးရဘက်က ကတိပေးခဲ့သော်လည်း လက်ရှိ အခြေအနေသည် အစိုးရ ဦးဆောင်မှုတခုတည်းသာ ဖြစ်နေကြောင်း NNER ကွန်ရက် အဖဲွဲ့ဝင်များက ပြောဆိုသည်။

NNER ဆိုသည်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ကွန်ရက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်း၊ ကျောင်းသား သမဂ္ဂများ၊ တိုင်းရင်းသား ပညာရေး စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များဖြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရကို အကြံဉာဏ်ပေးရန် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တခုအဖြစ် ၂၀၁၂
ခုနှစ်၊ အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့သည်။

“လူထုဆီကို သွားပါလို့ပြောချင်တယ်၊ ဒေသအလိုက် ပညာရေး လွတ်လပ်ခွင့်ရှိတဲ့စနစ် ဖြစ်စေချင်တယ်။ အခုတော့ အစိုးရဘက်က ပညာရေးစနစ်မှာ အရင်တုန်းကတည်းကရှိနေတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ဆီကို ပြန်သွားနေတယ်” ဟု တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာ အာကာမိုးသူက ဧရာဝတီသို့ပြောသည်။

ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံး တာဝန်ရှိသူများက ဆန္ဒရှိသော်လည်း ပညာရေး ဝန်ကြီးဌာနနှင့်
ပညာရေးအရာရှိများက ဆက်လက်ထိန်းချုပ်ရန် ကြိုးစားနေကြောင်း ဒေါက်တာအာကာမိုးသူက သုံးသပ်သည်။

မတ်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် နေပြည်တော်၌ အမျိုးသားအဆင့် လက်တွေ့ကျသောပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲတရပ် ကျင်းပရန်ရှိသည်။ အဆိုပါဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍလေ့လာသုံးသပ်မှုလုပ်ငန်းကို အချိန်တိုအတွင်း အကဲဖြတ်ဆွေးနွေးခြင်း၊ ကဏ္ဍအလိုက် တင်ပြချက် မူဝါဒ(မူကြမ်း)များကို ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ကြမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading