၈၈ အရေးအခင်း ကာလအတွင်း မြန်မာနိုင်ငံ၏ သတင်းများကို British Broadcasting Corporation (BBC) သတင်းဌာနသို့ ပေး ပို့ ခဲ့သူ ဦးနေမင်းကို နိုင်ငံတကာ သတင်းစာဆရာများက ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ကြောင်း သိရသည်။
ဂုဏ်ပြုလွှာတွင် မြန်မာနိုင်ငံ သတင်းစာ လွတ်လပ်ခွင့် အတွက် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ခဲ့သော ရဲစွမ်း သတ္တိအား ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်ဟု ဖော်ပြ ထားသည်။
ဦးနေမင်းအား ပေးအပ်သည့် သတင်းစာ လွတ်လပ်ခွင့်ဆုကို ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လင့်တ်နာ၊ ပြည်ပ အခြေစိုက် မြန်မာ သတင်း သမဂ္ဂမှ ဦးဇင်လင်းနှင့် VOA မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှူး ဦးသန်းလွင်ထွန်း တို့က ဂုဏ်ပြုလွှာ၌ လက်မှတ် ရေးထိုးပြီး မတ်လ ၁၀ ရက် က ရန်ကုန်မြို့တွင် ကျင်းပသော East West Center ၏ မီဒီယာ ကွန့်ဖရင့်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော် ဒီဆုရမယ်လို့ ကြိုမသိခဲ့ဘူး၊ ကျနော့် မိတ်ဆွေ ဘာတေးလ်(Bertil Lintner)က ဒီပွဲလေး လာတက်ပေးပါ ဆိုလို့ သွားတက်တာ၊ ဟိုရောက်မှ ကျနော့် အကြောင်း ပြောတယ်၊ ပြီးတော့ ကျနော့်ကို စင်ပေါ်ခေါ်ပြီး ဒီ လက်မှတ်လေး ပေးလိုက်တာပါပဲ”ဟု ဦးနေမင်းက ဧရာဝတီသို့ ပြောသည်။
ဦးနေမင်းသည် ၈၈ အရေးတော်ပုံ ကာလတွင် BBC သတင်းထောက် ခရစ္စတိုဖာ ဂါးနက်နှင့် ဆက်သွယ်၍ ရန်ကုန်မြို့ ဆန္ဒပြပွဲများ အကြောင်းနှင့် မြန်မာပြည်ဆိုင်ရာ သတင်းများကို ပေးပို့ခဲ့သောကြောင့် အစိုးရက ၎င်းကို ထောင်ဒဏ် ၈ နှစ်စီ နှစ်ကြိမ် ပြစ်ဒဏ် ချခဲ့သည်။
BBC သတင်းဌာနသို့ သတင်းများ ပေးပို့ခဲ့မှုဖြင့် အဖမ်းခံခဲ့ရသော်လည်း BBC သတင်းဌာန၏ တရားဝင် သတင်းထောက် ဖြစ်ခွင့် မရခဲ့ကြောင်း၊ သတင်းထောက် ဖြစ်ကြောင်း ခန့်အပ်လွှာကို BBC သတင်းဋ္ဌာနက မြန်မာနိုင်ငံ ဗြိတိသျှ သံရုံးသို့ ပေးပို့ခဲ့သော်လည်း ယင်းခန့်အပ်လွှာ မထုတ်ယူနိုင်မီ ထောင်ချ ခံခဲ့ရသည်ဟု ဦးနေမင်းက ပြောသည်။
လက်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ဦးနေမင်းက“အခု အစိုးရ ပေးတဲ့ လမ်းကြောင်း အပေါ်မှာပဲ သတင်းသမား တွေ လှုပ်ရှား နေရတာ၊ အဲဒါကို အဟုတ်မှတ်ပြီး လုပ်နေရင် ခလုတ်တိုက် လဲလိမ့်မယ်၊ ဖြစ်နိုင်ရင် ကိုယ့်လမ်းကို ရအောင် ဖောက်၊ လမ်းမရှိရင်လည်း ဖောက်တတ်ရမယ်၊ ရှိတဲ့လမ်းက ကျဉ်းရင်လည်း ချဲ့တတ်ရမယ်၊ တို့ခေတ်တုန်းက အော်တို တယ်လီဖုန်းလေး ကို ထောက်လှမ်းရေး အော်ပရေတာ ခံနေတဲ့ ကြားကနေ လုပ်ခဲ့ရတာ၊ အခုလို ဆက်သွယ်ရေးစက်တွေ အရမ်း ခေတ်မီနေတဲ့ ခေတ်ကြီးမှာ မင်းတို့ မဖော်ပြ နိုင်ရင်တော့ မင်းတို့ ညံ့လို့ပဲလို့ ပြောချင်တယ်”ဟု ပြောဆိုသည်။
ထောင်မှ လွတ်မြောက်လာပြီးနောက် ဦးနေမင်းသည် သမ္မတ ဦးသိန်းစိန်ထံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံး၀ မထောက်ခံ ကြောင်း၊ ဆန့်ကျင်စာ ပေးပို့ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ မပြင်နိုင်လျှင် ရှေ့နေလိုင်စင် ပြန်မလျှောက်ဟု ဆုံးဖြတ်ချက် ချထားကြောင်း ဦးနေမင်းက ပြောသည်။
ယနေ့ အချိန်အထိ ရှေ့နေလိုင်စင် သိမ်းဆည်း ခံထားရသူ ဦးနေမင်းကို ၁၉၄၇ ခုနှစ်က မကွေးတိုင်း သရက်မြို့တွင် မွေးဖွားခဲ့ပြီး ရန်ကုန် တက္ကသိုလ်တွင် ပထဝီဘာသာ အဓိကဖြင့် ၁၉၇၁ ခုနှစ်တွင် ဘွဲ့ ရရှိခဲ့သည်။
၁၉၇၅ ခုနှစ်တွင် ကွန်မြူနစ်ဟု စွပ်စွဲခံရပြီး ခေတ္တ ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
BBC သတင်းဌာနသို့ သတင်းများ ပေးပို့လှုံ့ဆော်ပြီး တိုင်းပြည် ဆူပူစေရန်ပြုလုပ်မှု ပုဒ်မ ၅(ည)ဖြင့် ၁၉၈၈ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိ တကြိမ် ၊ ပုဒ်မ ၅(ည)၊ ၁၇/၁ တို့ဖြင့် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ တကြိမ် ထောင်ဒဏ် ၈ နှစ်စီဖြင့် စုစုပေါင်း ထောင် ဒဏ် ၁၆ နှစ် ချခံခဲ့ရသည်ဟု ဦးနေမင်းက ပြောဆိုသည်။