သတင်း

မလေးလေယာဉ် MH 196 ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မလေးရှားလေကြောင်းလိုင်းပိုင် MH 196 ဘိုးအင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ပျံသန်းစဉ် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တဦး ၏ အရေးပေါ် အခြေအနေကြောင့် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၃၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မစ္စတာ မိုဟာမက် (Muhammad) သည် မြန်မာ့လေပိုင်နက်အရောက်တွင် သတိလစ်နေသည်ကို လေယာဉ်ဝန်ထမ်းများက တွေ့ရှိခဲ့သဖြင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ခြင်း ဖြစ်သည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“သတိမေ့နေတဲ့လူနာကို လေဆိပ်မှာရှိတဲ့ ဆရာဝန်အဖွဲ့နဲ့ သတိရအောင် အရင် ပြုစုခဲ့တယ်၊ ပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပြီး သံရုံးတာဝန်ရှိသူတွေနဲ့ တခါတည်း လွှဲပေးခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်လေဆိပ်ရှိ ဆရာဝန်အဖွဲ့က သတိပြန်လည်အောင် ပြုစုခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ည ၁၂ နာရီ ၃၀ မိနစ်တွင် ပို့ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် သံရုံးသို့ တဆင့် လွှဲပြောင်းပေးခဲ့သည်။

MH 196 ဘိုးအင်း ၇၇၇ လေယာဉ်သည် လူနာကို လေဆိပ်တွင် ချထားပေးခဲ့ပြီး ည ၁၀ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ခရီးသည် ၁၀၆ ဦး တင်ဆောင်လာသော အဆိုပါ လေယာဉ်သည် ကွာလာလမ်ပူမြို့မှ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ရောက်ရှိမည်ဖြစ်သည်။

မတ်လ ၈ ရက်နေ့က ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသည့် ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံးသွားသော မလေးရှားလေကြောင်းပိုင် MH 370 လေယာဉ်မှာလည်း ပျောက်ဆုံးချိန် ၁၀ ရက်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ရှာမတွေ့သေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading