ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် သမ္မတဦးသိန်းစိန်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေသစ်တရပ်ကို မတ်လ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သော်လည်း ယင်းဥပဒေသည် စစ်အစိုးရခေတ် ဘိန်း၊ မူးယစ်ဆေးဝါးနှင့် လက်နက် ရောင်းဝယ်ရေး အပါအဝင် တရားမဝင် နည်းလမ်းများဖြင့် ရရှိထားသော ငွေမည်းများဖြင့် တည်ထောင်ခဲ့သည့် ကုမ္ပဏီ များနှင့် အဖွဲ့အစည်း များကို အရေးယူခွင့်မရှိဆိုသော ပြဋ္ဌာန်းချက် ပါဝင်ကြောင်း သိရှိရသည်။
အသစ်ပြဋ္ဌာန်းလိုက်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၇ (ခ) တွင် ဥပဒေ အာဏာမတည်မီ ကျူးလွန်သော ငွေကြေးခဝါချမှုဆိုင်ရာ ပြစ်မှုများကို ယခင်စစ်အစိုးရ ပြဋ္ဌာန်းခဲ့သော တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေဖြင့် အရေးယူရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။
စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာက အလိုရှိနေသော ဘိန်းဘုရင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ စီးပွားရေး ကုမ္ပဏီများ တည်ထောင်ခွင့်ပြုခြင်း၊ မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်သည်ဟု ကျော်ကြားသော တိုင်းရင်းသား အဖွဲ့အစည်းတချို့ကို အထူးအခွင့်အရေးပေးကာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်းဖြင့် တရားမဝင်ငွေမည်းများကို ငွေဖြူပြောင်းလဲ ပြောင်းလဲခွင့်ပြုခဲ့ကြောင်း၊ ယခု အသွင်ကူးပြောင်းကာလတွင်လည်း ငွေမည်းများဖြင့် တည်ထောင် ထားသော စီးပွားရေးလုပ်ငန်းများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခွင့်မပေးဘဲ ခြွင်းချက် ထားခြင်းက မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု လွှတ်တော်ကိုယ်စားလှယ်တချို့ထံမှ သိရှိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအဝင် ဥပဒေများသည် နောက်ကြောင်းပြန်သက်ရောက်ခြင်း မရှိစေရဆိုသော ပြဋ္ဌာန်းချက်များဖြင့် ယခင် စစ်အစိုးရ ခေတ် ခေါင်းဆောင်များနှင့် ယန္တရားများ၊ စီးပွားရေးလုပ်ငန်းများကို အကာအကွယ် ပေးထားကြောင်း၊ စစ်အစိုးရ လက်ထက်တွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေမည်းများကို အဆိုပါခေတ်က ပြဋ္ဌာန်း လိုက်သည့် ဥပဒေများဖြင့် သတ်မှတ် အခွန်များ ကောက်ခံပြီး ငွေဖြူဖြစ်အောင် ပြုလုပ်ခွင့်ပေးခဲ့ကြောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေသည် နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရေးတွင် အရေးကြီးသော ဥပဒေ ဖြစ်သည့်အတွက်ကြောင့် သမ္မတ ဦးသိန်းစိန်၏ မြန်မြန် ပြဋ္ဌာန်းလိုသော ဆန္ဒကို ပြည်ထောင်စုလွှတ်တော်က အမြန်အတည်ပြုပေးလိုက်ရသည့် ဥပ ဒေတရပ် ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် ကျကျနန လေ့လာမှုမပြုနိုင်ခဲ့ကြောင်းပြည်သူ့လွှတ် တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီအဖွဲ့ဝင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တရားလွှတ် တော်ရှေ့နေဦးသိန်းညွန့်က ဆိုသည်။
“ဥပဒေကို အသက်ဝင်ဖို့ လုပ်လိုက်တာဖြစ်ပေမယ့် လက်တွေ့ကျင့်သုံးတဲ့အပိုင်းမှာ ဘာတွေလိုအပ်ချက်ရှိမလဲကို အချိန် ယူပြီး စောင့်ကြည့်ရတော့မှာပဲ။ လိုအပ်တဲ့အခါမှာ လိုအပ်သလို ပြန်ပြင်ရမှာပေါ့။ အချိန်ယူရဦးမှာပါ။ ဒီဥပဒေ အတည်မပြုမီ အချိန်က ဖြစ်ခဲ့တာတွေကို အဲဒီအချိန်က တည်ခဲ့တဲ့ ဥပဒေနဲ့ပဲ အရေးယူလို့ရမယ်။ အခု အသစ် ပြဋ္ဌာန်း လိုက်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးပြန်ယူလို့မရဘူး” ဟု ဦးသိန်းညွှန့်က ပြော သည်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဘိန်း၊ လက်နက်၊ လောင်းကစားတို့မှ ရရှိသော ငွေမည်းများကို ငွေဖြူ ဖြစ်အောင် မည်သို့ပင် ပြုလုပ်စေကာမူ ငွေကြေးခဝါချမှု ကျူးလွန်ခဲ့သည်ဆိုပါက ပြည်သူပိုင်အဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ယခုပြဋ္ဌာန်းလိုက်သော ဥပဒေသစ်ကြောင့် ဝိဝါဒ ကွဲပြားစရာများ ရှိကြောင်း ပြောသည်။
“များသောအားဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ နောက်ကြောင်းပြန်ဖို့ ခွင့်မပြုဘူး။ ရှေးက ကျူးလွန်ခဲ့တာတွေကို လက်ရှိ ဥပ ဒေနဲ့ ပြန်အသုံးချလို့ရလေ့ မရှိဘူူး။ လောလောဆယ် စီးဆင်းပြီးသားငွေတွေက ငွေကြေးခဝါချခဲ့တာ ဟုတ်၊ မဟုတ်ကို စစ် လို့ရနိုင်တာက အခွန်ရုံးတွေက စိစစ်လို့ရတဲ့ ဝင်ငွေခွန် ဥပဒေအရပဲ။ ဝိဝါဒ ကွဲပြားစရာတွေ အများကြီးရှိတယ်။ တခုနဲ့ တခု ကြားမှာ ပါးပါး လှပ်လှပ်လေးတွေဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
မတ်လ ၁၄ ရက်နေ့ ပြဋ္ဌာန်းလိုက်သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေသစ်၏ ပုဒ်မ ၄၃ တွင် မည်သူမဆို ငွေကြေး ခဝါချမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲကအစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းငါးရာ ထိ ငွေဒဏ်ချရမည်ဖြစ်ကြောင်း၊ အကျိုးခံစားရှိသူ ပိုင်ရှင်ကိုလည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။