ဦးသိန်းစိန် အစိုးရသစ် လက်ထက် ၃နှစ်တာ ကာလအတွင်း ဘဏ္ဍာနှစ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်းများတွင် နှစ်စဉ်လိုငွေပြမှု စုစုပေါင်း ပမာဏမှာ ကျပ် ဘီလီယံ ၇၂၀၀ ကျော်ရှိကြောင်း သိရသည်။
နိုင်ငံတော်မှ နှစ်စဉ် ဘဏ္ဍာနှစ်ကုန်ခါနီးတွင် ထုတ်ပြန်လေ့ရှိသည့် အရအသုံး ဆိုင်ရာ ဘတ်ဂျက် ငွေစာရင်းတို့အပေါ် မူတည်၍ လို ငွေပြမှု စုပေါင်းထားသည့်ပမာဏ ဖြစ်ကြောင်း စီးပွားရေးပညာရှင် တဦးဖြစ်သည့် ဦးဇော်ဖေဝင်းက ပြောကြားသည်။
“ဒီငွေဟာ တော်တော်များပါတယ်၊ အဲဒီငွေတွေဟာ လူတွေရဲ့လက်ထဲကို လည်ပတ်သုံးစွဲသွားမယ်ဆိုရင် ကုန်ဈေးနှုန်း တော်တော် ကို တက်နိုင်တဲ့ သဘောရှိပါတယ်၊ ဒါကို ထည့်စဉ်းစားဖို့လိုပါတယ်၊ အစိုးရရဲ့ ရည်မှန်းချက်တွေထဲမှာ ကုန်ဈေးနှုန်း ကျဆင်းရေး ဆို တာ ပါခဲ့ရင် ဒီအချက်က ထည့်စဉ်းစားသင့်တဲ့ အချက်ပါ”ဟု ပန်းတိုင်ပညာရေး ဖောင်ဒေးရှင်း ဥက္ကဌ လည်း ဖြစ်သည့် ဦးဇော်ဖေဝင်း က ပြောသည်။
တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုပမာဏ တန်ဖိုးထက် ဝယ်လိုအားလည်ပတ်ငွေ ပမာဏက ပိုမိုများပြားလာလျှင် ကုန်ဈေးနှုန်းမြင့် တက် ပြီး ငွေကြေးဖောင်းပွမှု ဖြစ်လေ့ရှိကြောင်းလည်း စီးပွားရေး ပညာရှင်များက ပြောဆိုသည်။
နိုင်ငံတိုင်း၌ ဘတ်ဂျက်များ ရေးဆွဲရာတွင် သုံးမျိုးသုံးစားရှိပြီး ဘက်ညီဘတ်ဂျက်၊ ပိုငွေဘတ်ဂျက်နှင့် လိုငွေဘတ်ဂျက် တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လိုငွေဘတ်ဂျက်ကို ရေးဆွဲသည့် စနစ် ကျင့်သုံးရသည့် အခြေအနေလည်း ဖြစ်သည်ဟု ဆို သည်။
ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရသုံး မှန်းခြေငွေစာရင်း လျာထားချက်တွင်လည်း ရငွေကို ကျပ် ဘီလီယံပေါင်း ၁၉၁၆၇ ခန့်မှန်းပြီး သုံးငွေကို ကျပ် ဘီလီယံ ပေါင်း ၂၁၉၁၈ ခန့်မှန်းထားရာ လိုငွေပမာဏ ၂၇၅၁ ဘီလီယံ ကျပ် ဖြစ်ကြောင်း ဦးဇော်ဖေဝင်း က ပြောသည်။
ယင်းပမာဏမှာ အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းကျော် ရှိနေပြီး ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု ပမာဏ (GDP) ၏ ၄.၁၆ ရာခိုင်နှုန်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများက တင်ရှိနေသော ချေးငွေများလျှော့ချရေးနှင့် ပတ်သက်၍ ညှိနှိုင်းထားမှုအရ ဘတ်ဂျက် ရေးဆွဲရာတွင် လိုငွေပမာဏကို GDP ၏ ၅ ရာခိုင်နှုန်းထက် မကျော်ရန်လည်း သဘောတူထားကြောင်း သိရသည်။
ယခင် စစ်အစိုးရ လက်ထက်၌ ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ အပေါ်တွင် ချေးငွေ ကြွေးမြီများစွာ တင်ရှိခဲ့ပြီး အစိုးရ သစ် တာဝန်ယူသည့် အချိန်တွင် ထိုချေးငွေများကို လျှော်ပေးရန် သွားရောက် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရသည်။
ထိုနိုင်ငံများမှ မြန်မာနိုင်ငံ၏ ကြွေးမြီများကို လုံးဝလျှော်ပစ်ပေးလိုက်သည့် နိုင်ငံများရှိသကဲ့သို့ လက်ရှိအချိန်အထိ ကြွေးမြီကျန်ရှိနေ သော နိုင်ငံများလည်း ရှိနေသေးသည်။
“ဘတ်ဂျက် လိုငွေနဲ့ GDP အချိုးက ကျမတို့ ၅ ရာခိုင်နှုန်း မကျော်ရပါဘူး၊ ဒါကလည်း ကျမတို့ ပါရီကလပ် ကြွေးရှင်တွေနဲ့ အကြွေးလျှော်ဖို့ ညှိနှိုင်းခဲ့ရာမှာ IMF(နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့)ကနေ သတ်မှတ်ခဲ့တာပါ၊ ဒါကြောင့် ၅ ရာခိုင်နှုန်းထက် ကျော်လို့မရပါဘူး”ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝင်း က ပြောသည်။
မြန်မာနိုင်ငံ၏ ဘတ်ဂျက် ခွဲဝေမှု အသုံးစရိတ်တွင် ယခင်က ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီးဌာန အသုံးစရိတ်များ နည်းပါးနေခဲ့ခြင်းကြောင့် တိုးမြှင့် တောင်းဆိုမှုများရှိခဲ့ပြီး ယခု အစိုးရသစ် လက်ထက်တွင် တိုးမြှင့်မှုများ ရှိလာခဲ့သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်မှာ စုစုပေါင်း အသုံးစရိတ်၏ ၅.၄၃ ရာခိုင်နှုန်း သုံးစွဲခဲ့ရာမှ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက်ကို ၅.၉၂ ရာခိုင်နှုန်း လျာထားကြောင်း၊ ကျန်းမာရေး အသုံးစရိတ်ကိုလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၃.၁၅ ရာခိုင်နှုန်းမှ ၃.၃၈ ရာခိုင်နှုန်း လျာထားကြောင်း သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် ဇန်နဝါရီလ က ကျင်းပသော ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောဆိုထားသည်။
နိုင်ငံတော် ဘတ်ဂျက် အရအသုံး ငွေစာရင်းတွင် ရငွေအပိုင်း၌ အခွန်ကဏ္ဍမှ ရရှိသည့်ငွေပမာဏ နည်းပါးသည်။ ယခုအခြေ အနေ တွင် ဝင်ငွေခွန် ကုန်သွယ် လုပ်ငန်းခွန်များကို လွှတ်တော်တွင်း အတည်ပြုထားပြီး အခွန် ပိုမိုရရှိရန်အတွက် သေချာစွာ စီးကြပ် ကောက်ခံမှုများ လုပ်ဆောင်ရန်လိုကြောင်း စီးပွားရေး ပညာရှင်များနှင့် အခွန်ပညာရှင်များ က ပြောဆိုသည်။