Ethnic Issues

ထပ်မံဖြစ်ပွားသည့် ရခိုင်ပြည်နယ် ပဋိပက္ခသည် ပြည်နယ် အစိုးရ၏ ညံဖျင်းမှုကြောင့်ဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့တွင် မတ်လ ၂၆ နှင့် ၂၇ ရက်က ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပိုင်ဆိုင်သည့် အဆောက်အဦးများအား ဖျက်ဆီးခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားလာရခြင်းသည် အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသား ဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် “ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပဲ။ INGO တွေနဲ့ ပြည်ထောင်စု အစိုးရနဲ့ လက်မှတ်ထိုးကြ မယ်ဆိုရင် ဘာတွေ မလုပ်ရဘူး၊ ဒါတွေလုပ်ရမယ်၊ ကူညီမှုက ၁၀၀ ပါတယ်ဆိုရင် ရခိုင်ဘက်ကို ၅၀၊ ဟိုဘက်ကို ၅၀ ဆိုပြီး မျှမျှတတလုပ်မှ ဒေသခံတွေမှာ ကျေနပ်မှုတွေဖြစ်မှာ၊ ဒါတွေကို ထိန်းချုပ်မှုတွေ လုပ်ရမယ်။ နောက် ပြည်နယ်အစိုးရကလည်း ဒါမျိုးတွေကို ထိန်းချုပ်ရမယ်” ဟု ဆိုသည်။

ပြည်ထောင်စု အစိုးရသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အကူအညီပေးရေး သဘောတူညီမှု ပြုရာတွင် တိုင်းရင်းသားဘက်နှင့် တခြားဘက် တို့ကို တူညီ မျှတစွာ အကူအညီပေးရန် ထိန်းချုပ်သင့်သည့် အပြင် ပြည်နယ် အစိုးရအနေဖြင့် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများသည် ရခိုင်ပြည်နယ် အစိုးရ၏ အားနည်းချက်များ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“ပြည်နယ်အစိုးရ အဖွဲ့တွေ အနေနဲ့ဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင် မှန်းဆပြီး ပြင်ဆင် ထားရမယ်။ ဖြစ်လာလို့ ရှိရင်လည်း လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ရမယ်။ ၂၆၊ ၂၇ ရက်က ဖြစ်ခဲ့တဲ့ ကိစ္စမှာ ၂၆ ရက်နေ့ ဖြစ်ပြီး ၂၇ ရက်နေ့မှာ ဒါမျိုးတွေ ထပ်မဖြစ်အောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရာမှာ အားနည်းချက်တွေ ရှိတယ်လို့ ကျနော်တို့ ပြည်ထောင်စု အစိုးရက မြင်တယ်” ဟု ယနေ့တွင် ကျင်းပသည့် သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ ဆွေးနွေးပွဲ၌ မီဒီယာများသို့ ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

စစ်တွေမြို့တွင် ရဲအင်အား တထောင်ကျော်ရှိကြောင်း၊ ကားများကို ပြည်ထောင်စု အစိုးရက ပေးပို့ထားသော်လည်း ကားများကို တပ်ဖြန့်သည့် နေရာသို့ အချိန်မီ မပို့ဆောင်နိုင်သည်မှာ ပြည်နယ် အစိုးရ ဖြေကြားချက်အရ စက်သုံးဆီ မလုံလောက်ခြင်းကြောင့်ဟု သိရကြောင်း ၎င်းက  ဆိုသည်။

“စစ်တွေမြို့မှာ ရဲအင်အား တထောင်ကျော်လောက် ရှိတယ်။ ကားတွေ ကျနော်တို့ ပို့ထားတယ်၊ ဒါပေမယ့် ကားတွေနဲ့ တပ်ဖြန့်တဲ့ နေရာမှာ အချိန်မီ မပို့ဆောင်နိုင်ဘူး။ ဘာဖြစ်လို့လဲလို့ ကျနော်တို့ မေးတဲ့အခါမှာ မနေ့ကအထိ သူတို့ ဖြေကြားချက်အရ စက်သုံးဆီ မလုံလောက်လို့လို့ ပြောတယ်။ ဒါပေမယ့် တဘက်က စွမ်းအင် ဝန်ကြီးဌာနရုံးမှာ ဂါလံ သိန်းနဲ့ ချီပြီး ပုံထားတယ်။ အဲဒါတွေက အချင်းချင်းကြားမှာ ပေါင်းစပ် ညှိနှိုင်းမှု မရှိဘူး။ ဒါမျိုးတွေက ပြည်နယ် အစိုးရမှာ တာဝန် ရှိတာပေါ့” ဟု ဦးရဲထွဋ်က ပြောသည်။

ရခိုင်ပြည်နယ်၌ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီပေးမှုနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားနှင့် ဘင်္ဂါလီတို့အကြား မျှတစွာ အကူညီပေးမှု မရရှိသည့်အတွက် ကျေနပ်မှု မရှိရာမှ ပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။

ယင်းအပြင် ဦးဇော်အေးမောင်က ရခိုင် တိုင်းရင်းသားများ အနေဖြင့် ဥပဒေမဲ့ လုပ်ရပ်များကို မလုပ်ကြရန် မေတ္တာရပ်ခံ လိုက်သည်။ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာ၏ အကူအညီများ မရရှိဘဲနှင့် ဖွံဖြိုးမှု မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ရခိုင်လူမျိုး တမျိုးတည်းနဲ့ ရပ်တည်လို့ မရဘူး၊ အားလုံးသော အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီဖို့ လိုတယ်။ ဒီဟာလေး တခုဖြစ်တာနဲ့ အကုန်လုံးကို မောင်းထုတ် ပစ်ရမယ်လို့ စိတ်ထဲမှာ အစွဲမထားရဘူး။ NGO တွေ၊ INGO တွေ၊ UN အဖွဲ့တွေနဲ့ သဟဇာတ ဖြစ်အောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ကြရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၆ ရက်တွင် စစ်တွေမြို့၌ မာတေဇာ အင်တာနေရှင်နယ် (Malteser International) NGO အဖွဲ့မှ နိုင်ငံခြားသူ တဦးသည် ၎င်းတို့ ရုံးနေရာ အတွက် ငှားရမ်း ဖွင့်လှစ်ထားသည့် နေအိမ်တွင် လွှင့်ထူထားသော ဗုဒ္ဓဘာသာ သာသနာ့ အလံကို ဖြုတ်ချသည်ဟု ဆိုကာ ဒေသခံ လူထုမှ ယင်းနေအိမ် အပါအဝင် အခြား နေရာရှိ ရုံးများကိုပါ ခဲများနှင့် ပစ်ပေါက်ခဲ့ပြီး၊ ရုံးများနှင့် ရုံးဝန်ထမ်းများကိုပါ ထိုဒေသမှ ထွက်ခွာသွားဖို့ တောင်းဆို ဆန္ဒပြရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

ယင်းသို့ ဆန္ဒပြတောင်းဆိုမှုများ အပြင် မတ် ၂၇ ရက်က NGO များ တည်ရှိရာ ရုံးနေရာများကို ဖြိုချ ဖျက်ဆီးမှုများကို ဆက်လက် လုပ်ဆောင်သည့် အတွက် ရဲတပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖောက် တားမြစ်မှုကြောင့် အသက် ၁၃ နှစ် အရွယ် မိန်းကလေးတဦး သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်တွင် အခြေစိုက် လုပ်ဆောင်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဝန်ထမ်းများကို လက်ရှိ အချိန်တွင် စစ်တွေဟိုတယ်နှင့် ရဲဝန်ထမ်း ရိပ်သာများတွင်သာ နေထိုင်ခွင့် ပြုထားပြီး ယင်းတို့အထဲမှ နိုင်ငံခြားသား ဝန်ထမ်း ၆၁ ဦးနှင့် နိုင်ငံသား ဝန်ထမ်း ၈၆ ဦး တို့သည် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ယင်းပဋိပက္ခ ဖြစ်ပွားမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်တွေ ဟိုတယ်၊ UNICEF ရုံး၊ WFP ရုံး၊ AZG ရုံး၊ ICRC ရုံး စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ ငှားရမ်းထားသည့် ရုံး၊ ဂိုထောင် အဆောက်အအုံ နေရာများကို လုံခြုံရေး ယူထားကြောင်း ပြည်နယ်အစိုးရအဖွဲ့က သတင်း ထုတ်ပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading