သတင်း

ပျောက်ဆုံး မလေးရှား လေယာဉ် ရှာဖွေ ကုန်ကျစရိတ် စံချိန်တင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းမှ MH 370 လေယာဉ်ရှာဖွေရေးလုပ်ငန်းသည် အမေရိကန် ဒေါ်လာ သန်း ရာနှင့် ချီ၍ ကုန်ကျရန် ရှိနေသည့်အတွက် လေကြောင်းသမိုင်းတွင် ကုန်ကျစရိတ် အကြီးဆုံး ရှာဖွေမှုဖြစ်လာရန် ရှိနေသည်။

ရှာဖွေရေးကာလ ၁လ ပြည့်မြောက်သည့် အချိန်တွင် ရှာဖွေရေးလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၄၄ သန်းခန့် သုံးစွဲပြီးဖြစ် သည်ဟု Reuters သတင်းဌာနက ခန့်မှန်းလိုက်သည်။

ရနိုင်သမျှ နာရီအလိုက် ကုန်ကျစရိတ်များ၊ ကာကွယ်ရေး ကျွမ်းကျင်သူတို့၏ တွက်ချက်မှုများနှင့် အမေရိကန်စစ်ဌာနချုပ်မှ ကုန်ကျစရိတ် အစီရင်ခံစာများကို အခြေခံ၍ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

မလေးရှားလေယာဉ် ရှာဖွေရေးအတွက် ပထမ လအတွင်း သုံးစွဲရသည့် စရိတ်သည် ၂၀၀၉ ခုနှစ်က အတ္တလန္တိတ် သမုဒ္ဒရာတွင်းသို့ ပျက်ကျသွားသည့် ပြင်သစ်လေကြောင်းမှ AF447 လေယာဉ်ကို ၂ နှစ်ကြာမျှ ရှာဖွေခဲ့သည့် စရိတ်ဖြစ်သော ယူရို ၃၂ သန်း (ဒေါ်လာ ၄၄ သန်း နီးပါး) နှင့် တူညီနေသည်။

ပြင်သစ် လေယာဉ် ရှာဖွေရေး ကုန်ကျစရိတ်သည် တရားဝင် ထုတ်ပြန်ခဲ့သည့် ပမာဏထက် ၃ဆ မှ ၄ဆ အထိ ပိုများနိုင်သည်ဟု ပြန်လည်ဆယ်ယူရေး ကျွမ်းကျင်သူများက ပြောခဲ့ကြသည့်အတွက် လက်ရှိပြုလုပ်နေသည့် ရှာဖွေရေးသည် ဒေါ်လာ သန်း ရာနှင့်ချီ ကုန်ကျမည်ဟု မျှော်လင့်ရကြောင်းလည်း သတင်းက ဆိုသည်။

မလေးရှား အစိုးရမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက MH370 ရှာဖွေရေးတခုလုံးသည် AF447 လေယာဉ်၏ Black Box ကို ရှာဖွေဆယ်ယူစဉ်ကထက် အနည်းဆုံး ၂ဆမျှ ပိုမို ကုန်ကျနိုင်သည်ဟု Reuters သတင်းဌာန သို့ပြောသည်။

ယခုအချိန်အထိ ကုန်ကျစရိတ်၏ တဝက်ခန့်ကို သြစတြေးလျ နိုင်ငံက ထည့်ဝင်ပေးထားသည်။ သြစတြေးလျ ရေ တပ်မှ HMAS Success သင်္ဘော တစီးထဲအတွက်ပင် တနေ့တာကုန်ကျမှုက သြစတြေးလျဒေါ်လာ ၅၅၀၀၀၀ (အမေရိကန် ဒေါ်လာ ၅၁၀၀၀၀ ခန့်) ရှိနေသည်ဟု သြစတြေးလျ ကာကွယ်ရေးဌာန၏ စာရင်းဇယားများအရသိရသည်။

“MH370 ကိုရှာဖွေရေးအတွက် သြစတြေးလျ ကာကွယ်ရေးဌာနက တနေ့ကို အနည်းဆုံး သြစတြေးလျ ဒေါ်လာ ၈ သိန်း (အမေရိကန် ဒေါ်လာ ၇၅၀၀၀၀ ခန့်)လောက် ကုန်ကျနေပါတယ်၊ အဲဒီထက်လည်း များနိုင်ပါတယ်”ဟု သြစတြေးလျ အစိုးရ၏ ကာကွယ်ရေး အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသော Kym Bergmann က ပြောသည်။

နောက်ထပ် ငွေကြေး အများဆုံး သုံးစွဲသူများမှာ တရုတ်နိုင်ငံနှင့် အမေရိကန် ဖြစ်သည်။

လေယာဉ်နှင့် အတူလိုက်ပါသွားသည့် ခရီးသည် ၂၂ရ ဦးထဲတွင် မိမိ၏ နိုင်ငံသား အများဆုံးပါဝင်နေသည့် တရုတ်နိုင်ငံက ရှာဖွေရေးအတွက် စုစုပေါင်း သင်္ဘော ၁၈ စီး၊ ရဟတ်ယာဉ် ၈ စီး နှင့် လေယာဉ် ၃ စီး စေလွှတ်ပေးခဲ့သည်။ ရှာဖွေရေး အတွက် မည်မျှသုံးစွဲနေကြောင်းကို ပြောပြရန် တရုတ်အစိုးရက ငြင်းပယ်ခဲ့ပြီး မျှော်လင့်ချက်အနည်းငယ်မျှ ရှိနေသရွေ့ ဆက်လက်ရှာဖွေမည် ဟုသာ ပြောခဲ့သည်။

တရုတ်နိုင်ငံက Ilyushin Il-76 အမျိုးအစား ဘက်စုံသုံး လေယာဉ် ၂စီးကို လွန်ခဲ့သည့် ၃ ပတ်မှ စတင် စေလွှတ် ထားခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ၏ တရားဝင်သတင်းစာ People’s Daily မှ ထုတ်ဝေနေသည့် The Global Times သတင်းစာတွင် Ilyushin Il-76 လေယာဉ်တစီး ပျံသန်းရန်အတွက် ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ဝန်ထမ်းများအတွက် မပါဝင်သေးဘဲ ဆီဖိုးသက်သက်ပင် ၁ နာရီလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့် ကုန်ကျသည်ဟု ဖော်ပြထားသည်။

တရုတ် စစ်သင်္ဘောများအတွက် တနေ့လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သိန်းခန့် ကုန်ကျနိုင်ပြီး ထို့ထက်လည်း ပိုနိုင်ကြောင်း The Global Times ကဆိုသည်။

အမေရိကန်နိုင်ငံကလည်း ဒေါ်လာ ၃.၃ သန်းကျော် သုံးစွဲခဲ့ပြီးဖြစ်သည်ဟု အမေရိကန် စစ်ဌာနချုပ်က ဆိုသည်။ မူလ သတ်မှတ် ထားသည့် ဒေါ်လာ ၄ သန်းထက် ၂ဆ နီးပါးတိုးမြှင့် သုံးစွဲရန် ရှိသည်ဟုလည်း သိရသည်။

အမေရိကန်က ထောက်လှမ်းရေး လေယာဉ်များ စေလွှတ်ပေးသကဲ့သို့ Black Box ရှာဖွေရေးအတွက်လည်း အမေရိကန် ရေတပ် က နည်းပညာမြင့် ရေအောက် ရှာဖွေရေး ကိရိယာများ အဓိက ကူညီပေးနေသည်။

အင်္ဂလန်နိုင်ငံကလည်း ရေအောက် ရှာဖွေရေးအတွက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတစီး စေလွှတ်ပေး ထားသည်။

ဗီယက်နမ် နိုင်ငံအနီး တောင်တရုတ် ပင်လယ်ပြင်တွင် ပြုလုပ်ခဲ့သည့် အစောပိုင်းရှာဖွေမှုများအတွက် အမေရိကန် ဒေါ်လာ ၈ သန်း ကုန်ကျခဲ့သည်ဟု ဒေသတွင်း သတင်းဌာနများက ခန့်မှန်း ဖော်ပြခဲ့ကြသော်လည်း တာဝန်ရှိသူများဘက်မှ တရားဝင် အတည်ပြုခြင်း မရှိသေးပေ။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး David Johnston က အိန္ဒိယ သမုဒ္ဒရာ အတွင်း၌ ရာသီဥတု ကောင်းမွန်နေသည့် အတွက် ရေပြင်နှင့် ဝေဟင် ရှာဖွေရေးအဖွဲ့များ အနေဖြင့် နောက်ထပ် ရက်အနည်းငယ် အထိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင် မည် ဖြစ်ကြောင်း ဧပြီလ ၈ ရက်နေ့က ပြောခဲ့သည်။

MH370 ၏ Black Box မှ ထုတ်လွှင့်မှုဟု ယူဆရသည့် အသံလှိုင်းများကို သြစတြေးလျ ရေတပ်၏ Ocean Shield က ဧပြီ ၇ နေ့က ၂ ကြိမ်ဖမ်းယူရရှိခဲ့သည်။ ပထမတကြိမ်သည် ၂ နာရီနှင့် ၂၀ မိနစ် ကြာမြင့်ပြီး ဒုတိယအကြိမ်တွင် ၁၃ မိနစ်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန် ရက်များအတွင်း တရုတ်ကင်းလှည့် သင်္ဘောတစီးက Black Box မှဟု ယူဆရသည့် အသံ ထုတ်လွှင့်မှုကို ဖမ်းယူရရှိခဲ့ကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ကြေညာခဲ့သည်။ အဆိုပါနေရာသည် သြစတြေးလျ ရေတပ်မှ Ocean Shield သင်္ဘောရှိနေသည့် နေရာနှင့် ရေမိုင် ၃၀၀ ခန့် ကွာဝေးသည်။

ယနေ့တွင်လည်း ပျောက်ဆုံး မလေးရှားလေယာဉ်၏ Black Box မှဟု ယူဆရသည့် အချက်ပြထုတ်လွှင့်မှုများ ထပ်မံ ဖမ်းယူရရှိခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန် ပြောဆိုလိုက်သည်။

သြစတြေးလျ နိုင်ငံ Perth မြို့ရှိ ရှာဖွေရေး အခြေစိုက်စခန်းကို ဦးဆောင်နေသော သြစတြေးလျ အငြိမ်းစားလေတပ် ဗိုလ်ချုပ်ကြီး Angus Houston က Ocean Shield သင်္ဘော၏ အသံဖမ်းယူရရှိမှုသည့် လေယာဉ်ရှာဖွေရေးအတွက် အားတက်ဖွယ်ရာ သတင်းဖြစ်သည်ဟု ဆိုသည်။

ပထမ အချက်ပြသံကို ဧပြီလ ၈ ရက် မွန်းလွဲပိုင်းတွင် ဖမ်းမိခဲ့ပြီး ဒုတိယတကြိမ်မှာ ညပိုင်းတွင်ဖြစ်သည်။ ပထမအကြိမ်ဖမ်းယူနိုင်မှုသည် ၅မိနစ် နှင့် ၃၂ စက္ကန့်ကြာမြင့်ပြီး ဒုတိယ အကြိမ်က ၇ မိနစ် နီးပါးကြာမြင့်သည်ဟု ဗိုလ်ချုပ်ကြီး Angus Houston ကပြော သည်။

ယခုအခါ MH 370 လေယာဉ်၏ Black Box မှဟု ယူဆရသည့် သင်္ကေတများ ၂ ကြိမ်ဖမ်းယူရရှိခဲ့သဖြင့် စုစုပေါင်း ၄ ကြိမ်ရှိပြီဖြစ် သည်။ ယမန်နေ့က သင်္ကေတများ ထပ်မံဖမ်းယူနိုင်ခဲ့သဖြင့် သမုဒ္ဒရာအတွင်း ရှာဖွေရေး ဧရိယာကို လျှော့ချနိုင်လိမ့်မည်ဟုလည်း သူက ဆိုသည်။

“ကျနော်တို့ နေရာမှန်မှာ ရှာဖွေနေတာလို့ ကျနော် ယုံပါတယ်၊ ဒါပေမယ့် ဒီနေရာဟာ MH 370 နောက်ဆုံးရှိခဲ့တဲ့ နေရာပါလို့ အတည်မပြုခင် လေယာဉ် အပျက်အစီးတွေကို မျက်မြင် တွေ့ရှိဖို့ လိုအပ်ပါတယ်”ဟု Angus Houston က ဆိုသည်။

ပုံမှန်အတိုင်းဆိုလျှင် Black Box မှ အချက်ပြ သင်္ကေတ ထုတ်လွှင့်ပေးသည့် ကိရိယာ၏ ဘက်ထရီ သက်တမ်းသည် ၁ လသာဖြစ် ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading