အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ အစိုးရ စစ်တပ်မှ ၁၂၀ မမ လက်နက်ကြီးများ ဖြင့် ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံ ပစ်ခတ်နေကြောင်း သိရသည်။
တိုက်ပွဲများသည် ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ရာ တပ်မဟာ ၃ နယ်မြေ၊ တပ်ရင်း ၂၇ မှ စတင်ခဲ့ကြောင်း၊ မိုးမောက်မြို့ နယ်ရှိ တပ်ရင်း (၁) ဒေသ တဝိုက်ကို ယနေ့ နံနက်ပိုင်းတွင် ၁၂၀ မမ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ကြောင်း၊ သို့သော် ထိုနယ်မြေ၌ ကျေးရွာများ မရှိ၍ ထိခိုက်မှု မရှိကြောင်း KIA ပြောခွင့်ရသူ ဦးလာနန် က ဧရာဝတီ ကို ပြောသည်။
၎င်းက “ဒီမနက် ၈ နာရီခွဲ ဝန်းကျင်မှာ အစိုးရ တပ်မ ၉၉ ရုံးထိုင်ရာကနေပြီးတော့ ၁၂၀ မမ တွေနဲ့ ပစ်ခတ်နေပါတယ်၊ ဧပြီလ ၁၄ ရက်နေ့ ကတည်းက ထိုးစစ် ဆင်နေတာပါ၊ ၁၄ ရက်နေ့ တိုက်ပွဲမှာ ကျနော်တို့ ဘက်က ၂ ယောက် ထိခိုက် ဒဏ်ရာရ တယ်၊ တယောက်ကတော့ ပျောက်နေလို့ ရှာဖွယ်နေဆဲပါ၊ အစိုးရဘက်က ထိခိုက်တာတော့ အတိအကျ မသိရသေးပါဘူး” ဟု ဆိုသည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် နယ်စပ် ရှိ KIA ထိန်းချုပ်ရာ ဒေသများ၌ ဧပြီလ ၁၀ ရက် နေ့မှ တိုက်ပွဲများ စတင်ခဲ့ပြီး ၁၃၊ ၁၄ ရက်တို့တွင် ပြင်းထန်ခဲ့ကြောင်း၊ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် KIA ၏ နယ်မြေ တချို့ကို စွန့်ခွာ ပေးလိုက်ရကြောင်း၊ ယနေ့တွင်လည်း အစိုးရ ဘက်က ပစ်ခတ်နေကြောင်း၊ သိရသည်။
လက်ရှိ ထိုးစစ်များ ဆင်နေခြင်းသည် စစ်တပ်၏ စီမံချက်အရ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း၊ ယခု တိုက်ပွဲများအား အရှေ့မြောက်တိုင်း တပ်ရင်းများမှ ဦးဆောင်တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ တပ်မ ၉၉ ၊ ၈၈ နှင့် တစက ၁၆ တို့ က ဦးဆောင် ထိုးစစ် ဆင်နေခြင်း ဖြစ်၍ နေပြည်တော်မှ တိုက်ရိုက် ညွှန်ကြား ခြင်းဖြစ်သည် ဟု KIA က သည်။
“တပ်မ ၉၉၊ ၈၈ တို့က ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးတွေ သုံးပြီး ထိုးစစ် ဆင်တာဆိုတော့ အရှေ့မြောက်တိုင်းက ညွှန် ကြားတာမဟုတ်ဘူး၊ ဗဟိုက အမိန့်နဲ့လုပ်တာပါ၊ အခု ထိုးစစ် ဆင်တာဟာ အရင် ကတည်းကရှိတဲ့ စီမံချက်အရ လုပ်တာဖြစ် ပါတယ်၊ အဲဒါကတော့ တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ် မထိုးခင် KIA နယ်မြေတွေကို ကျဉ်းနိုင်သမျှ ကျဉ်းသွားအောင် လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်” ဟု ဦးလာနန် က ဆိုသည်။
ရှမ်းပြည်နယ်အတွင်းရှိ KIA ထိန်းချုပ်ရာ တပ်မဟာ ၄ နယ်မြေတွင်လည်း KIA တပ်များ အတည်တကျ စခန်းထိုင်၍ မရစေ ရန် အစိုးရ စစ်တပ် က မကြာခဏ စစ်ဆင်ရေး လုပ်နေကြောင်း သိရသည်။
အစိုးရကမူ ကချင်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ တရားဝင် ပြောဆိုမှု မရှိသေးပေ။ သို့သော် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာ တချို့တွင် သန်းခေါင်စာရင်း ကောက်ယူမှုအား KIA မှ တားဆီးမှု ရှိ၍ တပ် မတော် ၏ အကူအညီဖြင့် ကောက်ခံနေရကြောင်း အစိုးရ သတင်းစာများ၌ ရေးသား ဖော်ပြမှုများ ရှိခဲ့သည်။
KIA က ပြောဆိုရာတွင် လက်ရှိ တိုက်ပွဲများသည် သန်းခေါင် စာရင်း ကောက်ယူသည့် ကိစ္စနှင့် မည်သို့မျှ ပတ်သက်မှု မရှိဟု ဆိုသည်။
အစိုးရ စစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိ တပ်ရင်းမှူး တဦးနှင့် တပ်သား တဦးတို့သည် KIA ၏ တိုက်ခိုက်မှု ကြောင့် ပြီးခဲ့သည့် သီ တင်းပတ် အနည်းငယ် က သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ KIA အား လက်ရှိ ထိုးစစ်ဆင်မှုသည်လည်း သေဆုံး သွားသည့် တပ်မတော်သားများ အတွက် တန်ပြန် တိုက်ခိုက်ခြင်း ဟု ဝေဖန်မှုများ ရှိနေသည်။
အစိုးရ စစ်တပ် အရာရှိနှင့်တပ်သား တဦး သေဆုံးခြင်းသည် KIA က ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခြင်း မ ဟုတ်ကြောင်း၊ သစ်ခိုးထုတ်မှုများနှင့်ပတ်သက်ပြီး နယ်မြေကျူးကျော် လာစဉ် ပစ်ခတ်မှုများ ဖြစ်ပွားကာ ထိခိုက် သေဆုံးခြင်း ဟု ဦးလာနန် က ဆိုသည်။
လက်ရှိ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းမှ ထောင်ချီသော စစ်ပြေး ဒုက္ခသည်များသည် တရုတ်- မြန်မာ နယ်စပ်ဒေသ များသို့ ထွက်ပြေး တိန်းရှောင်နေရကြောင်း၊ တချို့သော ဒုက္ခသည်များသည် နေထိုင် စားသောက်မှု အ ခက်အခဲများနှင့်ကြုံတွေ့ နေရကြောင်း ကချင် ဒုက္ခသည်များ ကူညီစောင့် ရှောက်ရေး အဖွဲ့မှ ကိုလာရစ် က ဧရာဝတီ ကို ပြောသည်။
ကချင်နှင့်ရှမ်းပြည်နယ် အတွင်း လက်ရှိ တိုက်ပွဲများနှင့်ပတ်သက်၍ သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ်နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ ( MPC ) တို့ အား ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။