ရခိုင်ပြည်နယ် အတွင်း ရပ်ဆိုင်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းများ ပြန်လည် စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း၌ လုပ်ဆောင်နေသည့် ကုလသမဂ္ဂ (UN) လက်အောက်ခံ အဖွဲ့များ အပါအဝင် INGOs, NGO စသည့် အဖွဲ့ စုစု ပေါင်း ၂၃ ဖွဲ့ အနက် ၁၀ ဖွဲ့ကျော်မှ ဝန်ထမ်းများသည် စစ်တွေမြို့နှင့်မောင်တောမြို့သို့ ဧပြီလ ၂၂ ရက်နေ့မှ စတင် ရောက်ရှိနေကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
စစ်တွေမြို့၌ မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ နိုင်ငံတကာအဖွဲ့များ၏ လုပ်ငန်းများ ရပ် ဆိုင်းထားခြင်း ဖြစ်သည်။
ထိုအဖွဲ့များ မှ ၁၀ ဖွဲ့သည် စစ်တွေမြို့သို့ လည်းကောင်း၊ ၄ ဖွဲ့ သည် မောင်တော သို့လည်းကောင်း ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းစာ၌ ဖော်ပြထားသည်။
စစ်တွေရောက် ဝန်ထမ်းများသည် စစ်တွေဟိုတယ်နှင့်အနီး တဝိုက်တွင် လည်းကောင်း၊ မောင်တောရောက် ဝန်ထမ်းများသည် မောင်တောမြို့ပေါ်ရှိ သက်ဆိုင်ရာရုံး အသီးသီး၌ အခြေစိုက်၍ လည်းကောင်း လုပ်ဆောင်သွားမည်ဟု သိရသည်။
ရခိုင်ဒေသရှိ အဖွဲ့များ အနက် အဖွဲ့ တချို့နှင့် လက်မှတ် ရေးထိုးထားသော နားလည်မှု စာချွန်လွှာ သက်တမ်း ကျန်ရှိသေးကြောင်း၊ ထိုအဖွဲ့များ၏ လုပ်ငန်းများကို ယခင်အတိုင်း ပုံမှန်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“တချို့အဖွဲ့ဆို သင်္ကြန်တွင်း ကတည်းက လုပ်နေပါပြီ၊ အခု စတင်မယ့် အဖွဲ့တွေကိုလည်း ကိုယ်လုပ်မယ့် တလစာ အစီအစဉ်တွေကို ပြည်နယ် အစိုးရ အဖွဲ့ကို တင်ပြပြီးမှ လုပ်ဖို့ ပြောထားပါတယ်၊ ဒေသခံတွေကလည်း လက်ခံတယ်၊ အဖွဲ့တွေကလည်းပဲ ဒေသခံ ပြည်သူတွေရဲ့ လက်ခံတာကိုပဲ လိုချင်တယ်လို့ ပြောကြတယ်”ဟု ၎င်းက ဆိုသည်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) နှင့် မာတေဇာ (NGO) အဖွဲ့မှအပ ကျန်သည့် အဖွဲ့များကို ဒေသခံပြည်သူများက လက်ခံကြောင်း၊ ထိုအဖွဲ့များ၏ လုပ်ရပ်တချို့ကို ဒေသခံများက လုံး၀ လက်မခံကြောင်းလည်း ဦးဝင်းမြိုင် က ပြောသည်။
၎င်းက “ဒီအဖွဲ့တွေက ပြောတာတမျိုး၊ လုပ်တာ တမျိုးဆိုတော့ လက်ခံနိုင်စရာ မရှိဘူးပေါ့၊ ဥပမာ- ငါးဖမ်းဖို့ လာတာ ငါးပဲ ဖမ်းပေါ့၊ သစ်ပင်ပါ စိုက်ချင်လို့တော့ မရဘူးလေ”ဟု ဆိုသည်။
ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ရုံး၏ ပြန်ကြားရေး အရာရှိ ဦးအေးဝင်း က လုပ်ငန်းများ ပြန်စနိုင်မည် ဖြစ်သော်လည်း ပျက်စီးသွားသည့် ရုံး အဆောက်အအုံများ ပုံမှန်အတိုင်း ဖြစ်ရန် အချိန်ကြာဦးမည် ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
“အဓိက အခက်အခဲရှိတာကတော့ အဆောက်အအုံတွေ ပုံမှန်အတိုင်း ဖြစ်ဖို့ အချိန်ယူရဦးမယ်၊ နောက် တခုက ဝန်ထမ်း တွေရဲ့ လုံခြုံရေး ဟာလည်း အရေးကြီးပါတယ်”ဟု ၎င်း က ပြောဆိုသည်။
ပြည်နယ် အစိုးရ ပြောခွင့်ရသူ က အဖွဲ့အစည်းများအနေဖြင့် ဒေသခံများ ယုံကြည် လက်ခံနိုင်ရန် ပွင့်လင်း မြင်သာ စွာ ဆောင်ရွက်ပါက ၎င်းတို့ လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များ မလိုကြောင်း၊ ဒေသခံများ ကိုယ်တိုင် ၎င်းတို့၏ လုံခြုံရေးကို တာဝန် ယူပေးကြမည်သာ ဖြစ်ကြောင်း ပြောဆိုသည်။
ရခိုင်ပြည်တွင်း၌ တာဝန်ထမ်းဆောင်ကြမည့် UN လက်အောက်ခံ အဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ လုံခြုံရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အနီးကပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန် ထားကြောင်း သိရသည်။
ထိုအဖွဲ့အစည်းများသည် ရခိုင်ဒေသ၌ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လူမှုရေး၊ ဒေသ ဖွံ့ဖြိုးရေး စသည့် လုပ် ငန်း များကို ဆောင်ရွက်သွားမည်ဟု အစိုးရ အာဏာပိုင်များ က ဆိုသည်။
ရခိုင်ဒေသ အခြေစိုက် NGO အဖွဲ့များသည် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီများ အနက် ဘင်္ဂါလီများကိုသာ ဘက်လိုက် ၍ ကူညီထောက်ပံ့ပေးခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ လူသားချင်း စာနာမှုများကို အကြောင်းပြပြီး နောက်ကွယ်၌ နိုင်ငံရေးနှင့် ဆက်နွယ်သည့် အကြောင်းအရာတချို့ကို လုပ်ဆောင်နေသည်ဟု ဆိုကာ ရခိုင် ဒေသခံများ က ဆန့်ကျင် ကန့်ကွက်မှုများ ရှိခဲ့ သည်။
နိုင်ငံတကာအဖွဲ့များသည် ယခု စတင်လုပ်ဆောင်ရာတွင် ၎င်းတို့၏ လုပ်ဆောင်မည့် အကြောင်းအရာများကို ပြည်နယ် အစိုး ရ၊ ဒေသခံ ရပ်မိရပ်ဘများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သွားမည်ဟု သဘောတူညီမှု ရထားကြောင်း သိရ သည်။
မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် လူအုပ်စုဖွဲ့၍ စစ်တွေမြို့၌ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်နှင့် NGO ရုံး တချို့ ဖျက်ဆီး ခံခဲ့ရသည်။ လူ အုပ်စုအား ရဲတပ်ဖွဲ့က လူစုခွဲ ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မိန်းကလေး တဦးလည်း သေဆုံးခဲ့သည်။