ဧရာဝတီတိုင်း ဒေသကြီး အတွင်း ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသရှိ နေအိမ်များ ပြန်လည် ပြုပြင်ရေး အတွက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
“မနှစ်ကလည်း အိမ် မမိုးနိုင်လို့ မိုးရေထဲမှာပဲ ဖြစ်သလို နေခဲ့ရတယ်၊ မိုးရွာရင် တအိမ်လုံး မိုးယိုနေလို့ မအိပ်ဘဲ ငုတ်တုတ် မိုးလင်း ခဲ့ရတဲ့ အချိန်တွေ ရှိတယ်၊ တနေ့လုပ်မှ တနေ့စား ဆိုတော့ အိမ်မိုးဖို့ကို ကျမတို့မှာ ဘယ်လိုမှ မတတ်နိုင်ဘူး ဖြစ်နေတယ်”ဟု လပွတ္တာ မြို့နယ် ပိန္နဲတောင် ကျေးရွာတွင် နေထိုင်သည့် နာဂစ် ဒေသခံ မကြူကြူက ပြောသည်။
နာဂစ် မုန်တိုင်းဒဏ် ခံရသည့် လပွတ္တာမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာတွင် ဒေသခံ ဒုက္ခသည်များ၏ နေအိမ်များ အနက် နေအိမ် ၃၀၇ လုံးမှာ အမိုးအကာများ ပျက်စီး ယိုယွင်းလာပြီး ပြန်လည် ပြုပြင်ရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
“အိမ်တွေက အမိုးတွေလည်း ပေါက်ပြဲပြီး အကာအရံတွေလည်း ပျက်ကုန်ပြီ၊ ဒီနှစ် မိုးတွင်းဒဏ်ကို လုံး၀ ခံနိုင်ရည် မရှိဘူး၊ မိုးရွာရင်တော့ အကုန်လုံး မိုးရေတောထဲ ထိုင်နေရမှာ၊ အလုပ်အကိုင်ကလည်း ရှားတော့ စားလောက်ရုံ မနည်း ရှာနေရတယ်။ အိမ်မိုးဖို့ကို ဘယ်လိုမှ မတတ်နိုင်ကြဘူး၊ အိမ်ပြင်ဖို့ အကူအညီတွေ လိုအပ်နေတယ်”ဟု နာဂစ်ဒုက္ခသည် မိသားစုများ၏ လူမှုဘဝဖူလုံရေး ကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်ခင်ဌေးက ဧရာဝတီကို ပြောသည်။
အလားတူ နာဂစ်မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံခဲ့ရသည့် ဒေသ ၄၅ ခုတွင် ဆိုင်ကလုန်း ရှယ်လ်တာများ(Cyclone shelter) တည်ဆောက် ပေးနိုင်ခြင်း မရှိသေးကြောင်း ဧရာဝတီတိုင်း ဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောသည်။
“ကျနော်တို့ ဆိုင်ကလုန်း ရှယ်လ်တာ ထပ်မံတည်ဆောက်ပေးဖို့ လျာထားတာ ၄၅ နေရာ ရှိပါတယ်။ လက်ရှိ အထိတော့ အလှူရှင် မရှိသေးတဲ့ အတွက် တည်ဆောက် ပေးနိုင်ခြင်း မရှိသေးပါဘူး။ ကျနော်တို့ ဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ က အလှူရှင် ဖိတ်ခေါ်ပြီး ဆိုင်ကလုန်း ရှယ်လ်တာတွေ တည်ဆောက်နိုင်ဖို့ ကြိုးပမ်း နေပါတယ်”ဟု ပြောသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခိုက်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူ ၈၅၀၀၀ ခန့်၊ ပျောက်ဆုံးသူ ၅၄၀၀၀ ခန့်၊ ဒဏ်ရာရသူ ၂၀၀၀၀ ခန့်နှင့် နေအိမ် ၇ သိန်းခွဲကျော် ပျက်စီးခဲ့ပြီး ကျွဲနွား၊ လယ်မြေများ ပျက်စီးမှုကိုပါ ထည့်တွက်လျှင် စုစုပေါင်း ကျပ်ငွေ ၁၁. ၇ ထရီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မုန်တိုင်းသင့် ဒေသခံများအတွက် အစိုးရက ဆိုင်ကလုန်း ရှယ်လ်တာ၂၆ လုံး၊ ပြည်တွင်းပြည်ပ အန်ဂျီအို အဖွဲ့များနှင့် အလှူရှင်များက ၂၈ လုံး၊ စုစုပေါင်း မုန်တိုင်းခို အဆောက်အအုံ ၅၄ လုံး တည်ဆောက် ပေးထားကြောင်း သိရသည်။
လူမူ ဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန စာရင်းများ အရ မုန်တိုင်းခို အဆောက်အအုံများကို ငပုတော မြို့နယ်တွင် ၁၇ လုံး၊ လပွတ္တာမြို့နယ်တွင် ၁၅ လုံး၊ ဖျာပုံ မြို့နယ်တွင် ၉ လုံး၊ ဘိုကလေး မြို့နယ်တွင် ၆ လုံး၊ ဒေးဒရဲ မြို့နယ်တွင် ၅ လုံးနှင့် မော်လမြိုင်ကျွန်း မြို့နယ်တွင် ၂ လုံး တည်ဆောက် ထားသည်။
ထပ်မံ တည်ဆောက်ရန် လျာထားသည့် ဒေသများမှာ လပွတ္တာမြို့နယ်၊ ပြင်စလူ မြို့နယ်ခွဲတွင် ၁၉ လုံး၊ ငပုတော မြို့နယ် ဟိုင်းကြီး ကျွန်း မြို့နယ်ခွဲတွင် ၆ လုံး၊ ဘိုကလေး မြို့နယ်တွင် ၁၀ လုံး၊ ဒေးဒရဲ မြို့နယ်တွင် ၃ လုံး၊ ငပုတော မြို့နယ်တွင် ၃ လုံး၊ လပွတ္တာ မြို့နယ်တွင် ၂ လုံး၊ ဖျာပုံ မြို့နယ်တွင် ၁ လုံးနှင့် မော်လမြိုင်ကျွန်း မြို့နယ်တွင် ၁ လုံး တို့ဖြစ်ကြောင်း သိရသည်။