မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က စပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တံခါးဖွင့်လာခဲ့ပြီးနောက်ပိုင်း ကုလ သမဂ္ဂ အပါ အဝင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (INGOs) တွေ၊ ကုမ္ပဏီတွေလည်း ဝင်ရောက် ရုံးစိုက် လာနေကြ သလို ရန်ကုန်မြို့နဲ့ မြို့ကြီးတချို့က အိမ်၊ ခြံမြေ ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်သွားပါတယ်။
ရန်ကုန်မြို့က အိမ်၊ ခြံမြေတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရုံးခန်း ငှားရမ်းစရိတ်ဟာလည်း အလွန်အမင်း မြင့်တက်နေ တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ရုံးခန်း၊ အိမ်၊ ခြံမြေငှားရမ်းခ ဈေးနှုန်းတွေဟာ ဒေသတွင်း နိုင်ငံတွေထဲ က အမြင့်ဆုံးဖြစ်ပြီး အချမ်းသာဆုံး စင်ကာပူနိုင်ငံထက် မြင့်မားသလို ထိုင်းနိုင်ငံ ဘန်ကောက် နဲ့ ဟောင်ကောင်တို့ထက် အဆမတန် ပိုမြင့်မားကြောင်းလည်း မကြာသေးခင်က ဘန်ကောက်ပို့စ် သတင်းတခု မှာ ဖော်ပြခဲ့ပါသေးတယ်။
မြန်မာနိုင်ငံက ရုံးခန်းငှားရမ်းခ ဈေးနှုန်းက ပထမတန်းစား နေရာနဲ့ ကွန်ဒို အိမ်ရာတွေမှာဆို ၁ စတုရန်း မီတာကို ၇၈ ဒေါ်လာ နှုန်း ရှိတယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကလည်း ဗြိတိန်ပါလီမန်ရဲ့ မြန်မာ့အရေး ကြားနာမှုတခုမှာ အမတ်တချို့က ဗြိတိန် အစိုးရကို မြန်မာနိုင်ငံက ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) ရုံးခန်းငှားခ ဘယ်လောက်ပေးရသလဲ ဆိုတာ မေးခွန်း ထုတ်ခဲ့သလို ရုံးခန်း ငှားရမ်းထားတဲ့ နေအိမ်ဟာ အရင် စစ်ဗိုလ်ချုပ် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ညွှန့်တင်ရဲ့ အိမ်ဖြစ်တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်း ထုတ်သွားခဲ့ပါတယ်။
အခုလို မေးခွန်းထုတ်တယ် ဆိုတာကလည်း UNICEF ရဲ့ အလှူရှင်နိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံက ပါဝင်ပြီး အထူးသဖြင့် ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီပေးရေး ဋ္ဌာန ဖြစ်တဲ့ DFID က ငွေကြေး ထည့်ဝင်ရတာ
ဖြစ်လို့ပါပဲ။
UNICEF ရုံးခန်း ငှားရမ်းမှုကိစ္စနဲ့ ပတ်သက်ပြီး ဘယ်နေရာကို ရွေးချယ်တယ်ဆိုတာနဲ့ ဘယ်လောက်ကုန်ကျတယ် ဆိုတဲ့ ကိစ္စ
မှာ DFID အနေနဲ့ တာဝန်မရှိကြောင်းနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့လည်း UNICEF နဲ့ ဘယ်လို ဆွေးနွေးမှုမျိုးကိုမှ မလုပ်ဆောင် ခဲ့ကြောင်း လစ်ဘရယ် ဒီမိုကရက် ပါတီ အထက်လွှတ်တော်အမတ် DFID ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Mrs Baroness Northover က ဖြေကြား သွားခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ UNICEF ရုံးခန်းတည်ရှိရာ နေအိမ်နဲ့ပတ်သက်ပြီး ရုံးခန်းငှားခဟာ တလကို အမေရိကန် ဒေါ်လာ ၁ သောင်းနဲ့ ၂ သောင်းဝန်းကျင် (မြန်မာ ကျပ်ငွေ ၉၈ သိန်းကနေ ကျပ်သိန်း ပေါင်း ၂၀၀ ဝန်းကျင်) ပေးပြီး ငှားရမ်းထား တယ် လို့ ဧရာဝတီက စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့ သူတို့နဲ့ပတ်သက်တဲ့ ခရိုနီစီးပွားရေး သမားတွေဟာ တန်ဖိုး အလွန်ဈေးကြီးတဲ့ မြေနေရာတွေမှာ အဆင့်မြင့် အိမ်ကြီးတွေ ပိုင်ဆိုင်ကြပြီး အဲဒီလို အိမ်ကြီးတွေကို နိုင်ငံခြားကလာတဲ့ ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက ရုံးခန်းအဖြစ် ငှားရမ်းခ အဆမတန်ဈေးပေးပြီး ငှားရမ်းသုံးစွဲကြတယ်လို့ ရန်ကုန် အခြေစိုက် အိမ်ခြံမြေလောကသား တချို့က ဧရာဝတီကို ပြောပြပါတယ်။
“တချို့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အိမ်တွေ၊ ခြံတွေကို ငှားမယ်ဆိုရင် တလကို အမေရိကန်ဒေါ်လာ ၂ သောင်း၊ ၃ သောင်း ပေး ရပါတယ်”လို့ အိမ်ခြံမြေအကျိုးဆောင် တဦးက ပြောပါတယ်။
UNICEF ရုံးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အင်းလျားမြိုင်လမ်း ခြံအမှတ် ၂၃/အေ မှာ ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။ အဲဒီအိမ်ဟာ ဗိုလ်ချုပ်ညွှန့်တင်ရဲ့ အိမ်လို့ ပြောဆိုနေကြပြီး အိမ်ကြီးဟာ နန်းတော်တမျှ ကြီးမား ခမ်းနားတယ်လို့ ရန်ကုန် အခြေစိုက်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတချို့ကလည်း ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ အနီးကပ် ထောက်လှမ်းရေး အရာရှိ (IO) ဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ် ညွှန့်တင်ဟာ အရင် စစ် အစိုးရတွေ လက်ထက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရင်း ၂၀၀၄ ခုနှစ်လောက်မှာ တာဝန်က ရပ်စဲပြီး အငြိမ်းစားပေး ခံခဲ့ရသူ ဖြစ်ပါတယ်။