Human Rights

ဒု သမ္မတ ဦးဉာဏ်ထွန်းရဲ့ တရက် ဝင်ငွေ ၂၀၀၀ ကျပ် လက်တွေ့မကျဟု ဝေဖန်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒု သမ္မတကြီး ဦးဉာဏ်ထွန်း ပြောတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ မြေယာတွေ သိမ်းဆည်းတာဖြစ်သလို ပြည်သူ တယောက် အနေနဲ့ တရက် ဝင်ငွေ ကျပ် ၂၀၀၀ ရှိရင် ရပ်တည်ဖို့ လုံလောက်ကြောင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အခု လတ် တလော သတင်း မီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာ အများအပြားမှာ လက်တွေ့ မကျကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

အရင်တုန်းကတော့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့ကသာ ကိုယ့်ရဲ့ အဆင့်၊ တာဝန်နဲ့ မညီညွှတ် တဲ့ အဆင်အခြင်မဲ့ စကားတွေကို သုံးနှုန်းခဲ့တာမျိုးပဲ ရှိခဲ့ပါတယ်။ အခု နိုင်ငံ့ထိပ်ပိုင်း ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံး ပြော ဆို လိုက်တာပါ။ မေ ၁၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း မိုးလုံလေလုံ ခန်းမမှာကျင်းပတဲ့ ကျေးလက်ဒေသ မြှင့်တင်ရေး နဲ့ လူမှုစီးပွား အခမ်းအနားမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာသလို ကျောတခင်းစာ နေရာရဖို့၊ ထမင်း နပ်မှန်ဖို့၊ လူမှုရေးကိစ္စတွေ မလစ်ဟင်းဖို့ စတဲ့ ကိစ္စအဝဝမှာ ဝင်ငွေနဲ့ ထွက်ငွေ မညီမမျှဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တရက်ကို ဝင်ငွေ ကျပ် ၂၀၀၀ ရှိရုံနဲ့ ရပ်တည်ဖို့ လုံလောက်ပြီး ၂၀၀၀ ကျပ်ထက် ပိုရသူဆိုရင်တော့ အဆင်ပြေပြီလို့ ဆိုလာတဲ့ ဒု သမ္မတကြီးရဲ့ စကားအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ အကျိုး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူပြည်သားအများစု ဟာ ရုတ်တရက် ဘယ်လို ပြန်ပြောရမှန်း မသိအောင်ကို အံသြ ကုန်ကြတယ်လို့ သိရပါတယ်။

“ပြည်သူတွေရဲ့ တကယ့်ဘဝနဲ့ ဝေးကွာလွန်းနေတယ်လို့ မြင်တယ်၊ ပြည်သူတွေ ဘယ်လိုနေထိုင် စားသောက်နေရသလဲ ဆိုတာ အားလုံးတွက်ချက်ပြီးမှ ထုတ်ဖော်ပြောသင့်တာပေါ့၊ အခုလိုမျိုးတော့ မပြောသင့်ဘူး၊ လက်ရှိမှာ သမ္မတကြီးက အစ ပြည်သူတွေရဲ့ ဘဝကို တိုးတက်ကောင်းမွန်အောင် မလုပ်ပေးနိုင်ဘူး”လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောဆိုပါတယ်။

သူ့ အနေနဲ့ ဒု သမ္မတကြီးရဲ့ ပြောကြားချက်ကို စတင်ကြားလိုက်ရချိန်တုန်းက ပြောစရာစကား မရှိအောင်ကို အံ့သြသလို စဉ်းစား မတတ်အောင် ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေထက်မှာတော့ ဒု သမ္မတ ဦးဉာဏ်ထွန်း ရဲ့ တရက် ၂၀၀၀ ကျပ် လုံလောက်မှု ရှိမရှိ ဆိုတာ ကို စာရင်းဇယားတွေနဲ့ တွက်ချက်ပြထားကြပါတယ်၊ နေ့စဉ် ရုံးတက်ရုံးဆင်း လိုင်းကားစရိတ်၊ ထမင်းစရိတ်၊ အိမ်စရိတ်၊ လူမှုရေး ကိစ္စ နဲ့ အခြားအထွေထွေ ကိစ္စအဝဝ အတွက် တရက်ကို ဝင်ငွေ ၅၀၀၀ ကျပ်လောက်တော့ ကုန်ကျမှာပါလို့ ပြည်သူတွေက
တုံ့ပြန် ပြောဆိုနေကြပါတယ်။

“အစိုးရအဆက်ဆက် မြေတွေကို အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့တယ်၊ နိုင်ငံတော်ကို ကာကွယ်ဖို့၊ ပြည်သူလူထု အသက် အိုးအိမ်ကို ကာကွယ်ဖို့ စတဲ့ အခြေခံကျတဲ့ လိုအပ်ချက်တွေအရ မြေတွေကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့”လည်း ဒု သမ္မတ ဦးဉာဏ်ထွန်းက မေ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေ ပြန်လည်ပေးအပ်ပွဲမှာ
ပြောကြားခဲ့ပါသေးတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ် ကာကွယ်ဖို့၊ နိုင်ငံတော် ကာကွယ်ဖို့၊ တပ်တွေ တိုးချဲ့ဖို့၊ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အကြောင်းပြချက်တွေနဲ့ တပ်မတော်က လယ်ယာမြေတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပေမယ့် အသိမ်းခံ လယ်သမား အများစုကတော့ သူတို့ရဲ့ လယ်မြေတွေမှာ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေရဲ့ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ထားတာ၊ စစ်အစိုးရလက်ထက်က
အာဏာရှင်ကြီးတွေရဲ့ သားသမီး ဆွေမျိုးပိုင် စက်ရုံကြီးတွေဖြစ်နေတာကြောင့် မကျေမနပ်ဖြစ်နေကြဆဲပါ။

“ပြည်သူတွေကို ကာကွယ်နိုင်ဖို့ လယ်ယာမြေတွေကို သိမ်းတယ်လို့ ကြားရတော့ တကယ်အံ့သြတယ်၊ ကျနော်တို့လယ်တွေကို သိမ်းလို့ စီးပွားရေးတွေ ပျက်တယ်၊ ကလေးတွေကို ကျောင်းဆက်မထားနိုင်တော့လို့ ကျောင်းထုတ်ပစ်ရတယ်၊ အိုးအိမ်တွေ
ရောင်း ပစ်ပြီး တခြားသူဆီ လယ်ငှားလုပ်ရတဲ့ ဘဝတွေ ဖြစ်ကုန်တာပါ။ ကျနော်တို့ဘဝ ဘာဖြစ်သွားသလဲဆိုတော့ ပိုဆင်းရဲသွားတယ်”လို့ ပြင်ဦးလွင်မြို့နယ်တွင်းမှာ နေထိုင်တဲ့ လယ်သိမ်းခံပြည်သူ တဦးက ပြောပါတယ်။

သမ္မတရုံး ဝန်ကြီးဌာနရဲ့ ဒု ဝန်ကြီး၊ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကတော့ ဒု သမ္မတကြီးက နိုင်ငံတကာက သတ် မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်း(Poverty line) သတ်မှတ်ချက်ကို အခြေခံပြောတာ ဖြစ်နိုင်ပါတယ် လို့ ဧရာဝတီရဲ့ မေးမြန်းချက်ကို ဖြေပါတယ်။

“အရင်က တနေ့ တဒေါ်လာ အောက် ဝင်ငွေရှိရင် ဆင်းရဲနွမ်းပါးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထား ပါတယ်။ ၂၀၀၈ မှာတော့ ကမ္ဘာ့ဘဏ်က တနေ့ ၁ ဒသမ၂၅ ဒေါ်လာအောက် ဝင်ငွေ ရှိသူကို ဆင်းရဲနွမ်းပါး ဆိုပြီး ပြင်ဆင်သတ်မှတ် ခဲ့ပါတယ်။ ဒု သမ္မတက အဲဒီ ကိန်းဂဏန်းကို အခြေခံပြီး ပြောဆိုတာ ဖြစ်နိုင်ပါတယ်”လို့လည်း သူက ဆိုပါတယ်။

စစ်တပ်ကနေ ပြောင်းလာသူတွေဖြစ်တဲ့ ဒု သမ္မတ ဦးဉာဏ်ထွန်း အပါအဝင် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးကိုကိုလှိုင်၊ ဦးဇော်မင်း စတဲ့ ပုဂ္ဂိုလ်တချို့က ဆွေးနွေးပွဲ၊ ဟောပြောပွဲနဲ့ လူထုတွေ့ဆုံပွဲတွေပြီးတာနဲ့ သူတို့ရဲ့ ပြောစကားတွေအပေါ် ဝေဖန်သံတွေဟာ သတင်း မီဒီယာ တွေမှာ မကြာခဏဆိုသလို ကြားနေမြင်နေ ရပါတယ်။

လူထုနဲ့ မကြာခဏတွေ့ဆုံလေ့ရှိတဲ့ အရပ်ဘက်ကနေ ဒု သမ္မတဖြစ်လာတဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ကတော့ အခုအချိန်ထိ အပြောအဆိုမှားတာမျိုး မကြားရသေးသလို  ဝေဖန်သုံးသပ်ခံရတာလည်း မကြားရသေးပါဘူး။

၂၀၁၂-၁၃ ခုနှစ် လောက်က စပြီး ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို လူအများက အာရုံထားနေကြတဲ့ အချိန်တွေမှာ ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ပွဲဆူစေတဲ့ စကားတွေဟာ ဖွဲ့စည်းပုံအရေး၊ ငြိမ်းချမ်းရေးထက် လူတွေရဲ့ အာရုံကို ဖမ်းစားခဲ့တာ တွေ့ရပါတယ်။

“တာဝန်ယူမှုနည်းတဲ့  ပြောဆိုမှုလို့ ယူဆတယ်၊ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသင့်တာပေါ့၊ သူကတော့ စီးပွားရေးအရ တွက်ချက်မှုနဲ့ နီးစပ်ရာ သတင်းအချက်အလက်ကို အခြေခံ ပြောလိုက်ပုံရတယ်၊ ပြည်သူတွေရဲ့ ဘဝအမှန်ကို သိချင်ရင် ပြည်သူတွေထဲကို ထဲထဲ ဝင်ဝင်သွားကြည့်သင့်တယ်”လို့ အလုပ်သမားရေးရာ ကိုယ်စားလှယ် အမျိုးသားအဆင့် ကောင်စီဝင် ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ပြောပါတယ်။

ဒု သမ္မတ အနေနဲ့ ဝင်ငွေကိစ္စအပေါ် ပြောကြားချက်ဟာ လက်ရှိမှာ အလုပ်ရှင်နဲ့ အလုပ်သမားများအကြား အခြေအတင် ဆွေးနွေးနေရဆဲ ဖြစ်တဲ့ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် သုတေသန လုပ်ငန်းတွေ မပြီးခင် ဖြစ်နေတာကြောင့် အလုပ်ရှင်နဲ့ အလုပ် သမား တွေကြားမှာ ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်လို့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ရှင်းပြပါတယ်။

မြန်မာနိုင်ငံက စက်မှုဇုန်အလုပ်သမား တယောက်ရဲ့ တနေ့ အခြေခံ လစာဟာ ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ကြားမှာရှိပြီး ပုဂ္ဂိလက အလုပ်သမားတွေရဲ့ အခြေခံ လစာကတော့ တရက်ကို ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ကြား ဖြစ်ပါတယ်။

“တနေ့ ၇၀၀ ကျပ် ကျောတခင်းစာ အိပ်ဖို့ ပေးရတယ်၊ ထမင်းစားစရိတ်က ဘဲဥနဲ့ စားရင်တောင် တနေ့ ၅၀၀ ကျပ် ကုန်တယ်၊ ဒါ အဝစား မဟုတ်ဘူး၊ အလုပ် အသွားအပြန်ကားခ ၆၀၀ နဲ့ ၈၀၀ ကျပ်ကြား အနည်းဆုံးကုန်တယ်၊ နေမကောင်းလို့ ဆေးခန်းပြရတာ၊
မင်္ဂလာဆောင်၊ နာရေးကူငွေ ထည့်ရတာ၊ ရပ်ကွက်က လိုက်ကောက်တဲ့ ကြေးတွေပေးရတာ မပါသေးဘူး”လို့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ကျေးရွာနေ စက်ရုံ အလုပ်သမား တဦးဖြစ်တဲ့ မသက်သက်မွန် က ပြောပြပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတဦးရဲ့ အခြေခံလစာဟာ မှီခိုသူ ၂ ယောက်အပါအဝင် စားလောက်ရုံဖြစ်ဖို့ တရက်ဝင်ငွေ ၇၀၀၀ ကျပ် ရှိဖို့ လိုအပ်တယ်လို့ အလုပ်သမား အဖွဲ့အစည်းတချို့ရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက အလုပ်သမားတွေရဲ့ ဘဝနဲ့ ဝင် ငွေအပေါ် စာရင်းကောက်ခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက်မှာ “နယ်လှည့်ပါးရိုက်ရဲတယ်”လို့ ဆိုတဲ့ ဝန်ကြီးဦးအုန်းမြင့်၊ “အကြွေးဆပ်ဖို့ ပြည်သူတွေ ထမင်းတနပ် လျှော့စားပါ” ဆိုတဲ့ ဝန်ကြီး ဦးမြင့်လှိုင်၊ “ဆန္ဒပြမယ့် ဖယောင်းတိုင်တွေကို ကိုယ့်အိမ်ကိုယ် ထွန်းတာမီးလင်းတယ်”ဆိုတဲ့ သမ္မတ အကြံပေး ဦးကိုကိုလှိုင်၊“ရွှေလက်နဲ့ တွဲခေါ်တုန်းလာပါ၊ Bullet မလွှတ်ရပါစေနဲ့”လို့ KIA ကိုပြောဆိုခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၊ “တိုက်လေယာဉ်တွေ ဝယ်ထားတာ စစ်တိုက်ဖို့ဖြစ်တယ်၊ အလှပြ ငှားစားဖို့ မဟုတ်ဘူး” ဆိုတဲ့ ကြံ့ခိုင်ရေး ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း စတဲ့ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ကြပါတယ်။

သမ္မတ အပါအဝင် ဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိအချိန်မှာ စစ်တပ်တာဝန် ထမ်းဆောင်နေတာ မဟုတ်ဘဲ ပြည် သူ့ ကိုယ်စားလှယ်တွေ ဖြစ်တာမို့ ပြည်သူတွေအပေါ် လေးစားမှုဟာ အရေးကြီးတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading