သတင်း

ဖမ်းဝရမ်း ထုတ်ထားတဲ့ ပဲခူးက တရားသူကြီးဇနီး ၂ နှစ်ကျော်အထိ ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပဲခူးမြို့နယ် တရားသူကြီးဇနီးတဦးကို အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးအား ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ တရား ရုံးက ဖမ်းဝရမ်း ထုတ်ထားပေမယ့် ၂ နှစ်ကျော် ကြာတဲ့အထိ မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။

တရားသူကြီး ဦးအောင်ဖုန်းဝင်းရဲ့ ဇနီး ဒေါ်ဖြူဝင်းသက်က အိမ်အကူ မအေးယုအောင်ကို မီးပူ၊ ဒေါက်ဖိနပ်၊ ဓား၊ ပုလင်း များဖြင့် ၂၀၁၂ ခုနှစ်အတွင်းက လက်ရောက် ကျူးလွန်ခဲ့တာကြောင့် ကာယကံရှင် မိသားစုတွေက ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှာ အမှုဖွင့်ပြီး မြို့နယ် တရားရုံးမှာ ထိခိုက် နာကျင်စေမှု ပုဒ်မ ၃၂၄ နဲ့ တရားစွဲဆိုခဲ့ကြပါတယ်။

တရားရုံးက တရားလိုတွေရဲ့ ထွက်ဆိုချက်တွေကို ရယူပြီးနောက် ဆင့်ခေါ်မှုကို တိမ်းရှောင်နေတဲ့ ဒေါ်ဖြူဝင်းသက်ကို ပုဒ်မ ၅၁၂ နဲ့ ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ကြောင်း မြို့နယ် တရားရုံးနဲ့ ရဲတပ်ဖွဲ့က ပြောဆို ထားပါတယ်။

ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှူး ဇော်လင်းက“ဒီအမှုက ကျနော် ဒီစခန်းကိုမရောက်ခင်က ဖြစ်ခဲ့တဲ့အမှုလည်း ဖြစ်နေတော့ အများကြီး မသိဘူးဗျ။ ကျနော် ရောက်တော့ တောင်တွင်းကြီးမှာ သူ့အမျိုးသားနဲ့ အတူရှိနေတယ် ကြားလို့ ဒီက ကျော်စွာလင်း ဆိုတဲ့ ဒုရဲအုပ် တယောက်လွှတ်ပြီးတော့ တခါသွားရှာတယ်၊ မတွေ့ခဲ့ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

မအေးယုအောင် အမှုဖြစ်စဉ်တုန်းက ဒဏ်ရာတွေ အကင်းသေအောင် ထိန်းသိမ်းထားတဲ့ အတွက် တရားသူကြီး ဦးအောင်ဖုန်းဝင်း ကိုလည်း တရားစွဲဖို့ ပြင်ဆင်ခဲ့ကြသလို သက်ဆိုင်ရာ အမှတ် (၃) ရဲစခန်းမှူး သိန်းဦး ကိုလည်း အမှုထိန်ချန်မှုနဲ့ တရားစွဲဖို့ တရားလို တွေဘက်က ပြင်ဆင်ခဲ့ကြပြီးနောက် စခန်းမှူးလည်း နေရာပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင် ခဲ့ရပါတယ်။

တရားလိုဘက်က ကူညီဆောင်ရွက်ပေးသူ ရှေ့နေ ဦးအေးမြင့်က“ရဲကလည်းသွားရှာတယ် မတွေ့ခဲ့ဘူး ပြောတယ်။ အပြင်မှာ တွေ့နေရတာက ဒီတရားသူကြီးနဲ့ သူ့မိန်းမက အမြဲတမ်း အဝင်အထွက် ရှိတယ်။ သွားနေ၊ လာနေတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

မအေးယုအောင် နှိပ်စက်ခံရမှု သတင်းတွေ ပျံ့နှံ့လာပြီးနောက် ဦးအောင်ဖုန်းဝင်း ပဲခူးကနေ မကွေးတိုင်း တောင်တွင်းကြီးမြို့တရား ရုံး ကို ရွှေ့ပြောင်း သွားခဲ့ရသလို တချိန်တည်းမှာပဲ ဇနီးသည် ဒေါ်ဖြူဝင်းသက်ကို ရဲတွေက ရှာမတွေ့ဘူးလို့ ဆိုပါတယ်။

ဦးအောင်ဖုန်းဝင်းက အမှု ဖြစ်ပွားပြီးကတည်းက ဇနီးသည် ဒေါ်ဖြူဝင်းသက်နဲ့ တရားဝင် ကွာရှင်းပြတ်စဲထားကြောင်း သူနဲ့ အတူ ရှိမနေကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ပြောဆို ထားပါတယ်။

“ကျနော်နဲ့ Divorce (တရားဝင် ကွာရှင်းပြတ်စဲထားခြင်း) လုပ်ထားတယ်ဗျ၊ Divorce လုပ်ထားတာ တော်တော် ကြာပြီဗျ၊ ၂၀၁၂ ခုနှစ် ၈ လပိုင်း ကတည်းက ကျနော်နဲ့ မတွေ့ဘူး”လို့ ဦးအောင်ဖုန်းဝင်းက ပြောပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်က မီးပူတိုက်ရင်း အိပ်ငိုက်နေတယ်ဆိုပြီး မအေးယုအောင်ရဲ့ လည်ပင်းနဲ့ ရင်ဘတ်တွေကို ဒေါ်ဖြူဝင်း သက်က အရေပြားလွှာများ ပျက်စီးတဲ့အထိ မီးပူနဲ့ကပ်ခဲ့တယ်လို့ အခင်းဖြစ်ပြီးနောက် မအေးယုအောင်က ဧရာဝတီကို ပြောဆိုခဲ့ပါ တယ်။

အဲဒီမတိုင်ခင်က ဒေါ်ဖြူဝင်းသက်က မအေးယုအောင်ရဲ့ ဦးခေါင်းကို ဒေါက်ဖိနပ်၊ ပုလင်းတို့နဲ့ ရိုက်နှက်ထားလို့ ပေါက်ပြဲ ဒဏ်ရာ တွေ နဲ့ ရင်ဘတ်မှာလည်း ကြက်သွန်လှီးဓားနဲ့ ခုတ်ထားတဲ့ ဒဏ်ရာတွေရှိကြောင်း ဆေးစာနဲ့အတူ ပဲခူးတရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ မအေးယုအောင်ရဲ့ မိခင် ဒေါ်ကြူကြူက ပြောဆိုခဲ့ပါတယ်။

ရုံးချိန်းရက်တွေမှာ တရားလို ဖြစ်တဲ့ မအေးယုအောင်နဲ့ မိခင်ဒေါ်ကြူကြူတို့ ပဲခူမြို့တရားရုံးကို လာခဲ့ကြပေမယ့် နောက်ပိုင်းမှာ လမ်းစရိတ် မတတ်နိုင်တာကြောင့် မလာရောက်နိုင်တော့ကြောင်း တရားလိုဘက်ကို ကူညီပေးနေတဲ့ ပဲခူးမြို့ခံ ကိုကြည်လင်းက ဧရာဝတီကို ပြောပါတယ်။

“ဖြစ်စေချင်တာကဗျာ၊ တရားသူကြီး အမျိုးသမီးတယောက် အနေနဲ့ တရားခွင်မှာ လေးလေးစားစားနဲ့ လာပြီးရင်ဆိုင်၊ လာရင်ဆိုင် လို့ တရားလိုဘက်က ကျေအေးသွားတယ် ဆိုတာမျိုးပေါ့။ အခုဥစ္စာက တရားသူကြီး တယောက်က ဥပဒေကို လက်တလုံးကြား လုပ်ပြီး ရင်မဆိုင်ဘဲ တိမ်းရှောင် နေတယ် ဆိုတော့ တရားရေးမှာရော ပုဂ္ဂိုလ်ရေးမှာရော ရုပ်ဆိုး လွန်းတာပေါ့ဗျာ”လို့ ကိုကြည် လင်း က ဧရာဝတီကို ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading