ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၇ ဦး ထိခိုက် စေခဲ့သော ကျောင်းဝရန်တာပြိုကျမှုတရပ် ဇွန်လ ၂ ရက်နေ့ကဖြစ်ပွားခဲ့ပြီး ယင်းပြိုကျကျောင်း ပြင်ဆင်ရေး အစိုးရက ဘတ်ဂျက်ချ မပေးသဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။
ပုတီးကုန်း အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၅၂ နှစ်ကတည်းက စတင်သော အသုံးပြုခဲ့သော သက်တမ်း ရင့် အဆောက်အအုံ ဖြစ်ပြီး အစိုးရထံမှ ကျောင်းပြုပြင်ရန် ကျောင်းဘတ်ဂျက် အလုံအလောက် မရရှိခဲ့ကြောင်း၊ ဘတ်ဂျက် လိုအပ်မှု အခြေအနေကြောင့် ကျောင်းဆောင် စစ်ဆေး ပြုပြင် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိခဲ့၍ ပြိုကျမှုဖြစ် ပွားခဲ့ခြင်း ဖြစ်ကြောင်း ပုတီးကုန်းအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအကျိူးတော်ဆောင်တဦးက ပြော သည်။
ပြိုကျကျောင်းဝရန်တာ ပြုပြင်ရန် အစိုးရ ထောက်ပံသည့် ကျောင်းပညာရေး ဘတ်ဂျက် မရှိသဖြင့် ကျောင်း အကျိူးတော် ဆောင်များ၊ အလှုရှင်များ ကူညီငွေဖြင့် အမြန်ဆုံး ပြန်လည် ပြုပြင်နိုင်ရေး ကြိုးပမ်းနေရကြောင်း၊ လတ်တလော ဝရန်တာ ပြိုကျသော ကျောင်းခန်းတချို့ကို ပိတ်ထားလိုက်ပြီး ကျောင်းသားကျောင်းသူများကို ကျောင်းခန်းမကြီးထဲသို့ ပြောင်းရွှေ့ ပညာသင်ကြားနေရကြောင်း သိရှိရသည်။
“၈ တန်း နဲ့ ၉ တန်း ၂ ခန်းက ကျောင်းသား ၂၅၀ ကျော်ကို ကျောင်းခန်းမထဲ ပြောင်းထားတယ်။ ဝရန်တာပြိုကျတဲ့ အခန်းတွေကို အကုန်သော့ခတ် ထားလိုက်ပြီ။ အရေးပေါ် ပြင်ဆင်ဖို့ လိုအပ် နေတယ်။ အမြန်ဆုံး ပြင်ဆင်နိုင်အောင် ကျောင်းအကျိုးတော်ဆောင် အဖွဲ့နဲ့ တိုင်ပင်ထားတယ်” ဟု သဲကုန်းမြို့နယ် လက်ထောက် ပညာရေးမှူး ဦးအေးလွင် က ဧရာဝတီက ပြောသည်။
ပုတီးကုန်း အထက်တန်းကျောင်း ပြိုကျသည့် အပေါ်ထပ် ကျောင်းဆောင် ဝရန်တာ ပြင်ဆင်ရန် အင်ဂျင်နီယာများ၏ တွက်ချက်မှုအရ ငွေကျပ် ငါးသိန်းခန့် ကုန်ကျမည် ဖြစ်ပြီး၊ ပုတီးကုန်းမြို့ ရတနာရုံ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးဆန္ဒာဝရမှ အလှုငွေ ကျပ် တသိန်းကို ထည့်ဝင် ထားကြောင်းနှင့် လိုအပ် နေသည့် အလှူငွေများကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ရန်ပုံငွေ ရှာဖွေပြီး ပြုပြင် ဆောက်လုပ်သွားမည်ဟု ပုတီးကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ဧရာဝတီကို ပြောသည်။
ပြိုကျခဲ့သော ကျောင်းဝရန်တာကို လာရောက်စစ်ဆေးခဲ့သည့် တပ်မ ၆၆ လက်အောက်ခံ အင်ဂျင်နီယာတပ်မှ အင်ဂျင်နီယာ အရာခံ ဗိုလ်တဦးကမူ ကျောင်းဆောင်သည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ပြီဖြစ်၍ ဆက်လက် အသုံး မပြုသင့်တော့ ဟု ပြောဆိုသည်။
“အုတ်ညှပ်တိုက်တွေရဲ့ သက်တမ်းက နှစ် ၃၀ ၊ RC တိုက်တွေရဲ့ သက်တမ်းက နှစ် ၅၀ အခု ကျောင်းဆောင်ကြီးက အသုံးပြုဖို့ မသင့်တော်ဘူး။ နှစ် ၆၀ ကျော်နေပြီ၊ ကလေးတွေ အတွက် စိုးရိမ်ရတယ်” ဟု အဆိုပါ အရာခံဗိုလ်က ပြောသည်။
ကျောင်းဝရန်တာပြိုကျမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ၉ ဦးမှာ အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း၊ ကျန် ၈ ဦးမှာ စိုးရိမ်ရသည့် အခြေအနေ မရှိသည့် အတွက် ဆေးရုံဆင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“အကုန်လုံး နီးပါး ဓါတ်မှန် ရိုက်ပေးထားတယ်။ သဲပုံချစ် ဆိုတဲ့ ကလေးကတော့ ခါးအောက်ပိုင်း ထိသွားလို့ ရန်ကုန်ဆေးရုံကို ပို့လိုက်ရတယ်။ မိဘတွေရဲ့ ဆန္ဒအရ ပို့လိုက်တာပါ၊ ကျန်ခဲ့တဲ့ ကလေးတွေထဲမှာ ၈ ယောက် ကတော့ ဆေးရုံ ဆင်းခွင့် မပေးသေးဘူး၊၂၄ နာရီ စောင့်ကြည့် ရအုံးမယ်၊ ကျန်တဲ့ ကလေးတွေက အပေါ်ယံလောက် ဖြစ်တာ ဆိုတော့ ဆင်းခိုင်း လိုက်တယ် ” ဟု ပုတီးကုန်းမြို့နယ် ပြည်သူ ဆေးရုံကြီးမှ ဒေါက်တာသန့်ဇော်မောင်က ဧရာဝတီကို ပြောသည်။
ကျောင်းဆောင်ပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ကျောင်းသူတဦးက “ သမီးတို့က ကျောင်းစဖွင့်တဲ့နေ့ ဆိုတော့ ခုံနေရာ လုဖို့ အခန်းဝမှာ စောင့်နေတုန်း ဝုန်း ဆိုပြီး ပြိုကျတာ အောက်ထပ်ကို ကျပြီးတော့ လက်အရမ်း နာတယ်။ လမ်းတောင် မလျှောက်နိုင်ဘူး။ ဖေဖေက ချီပြီး ဆေးရုံကို လိုက်ပို့ပေးတာ ” ဟု ပြောသည်။
ကျောင်းဝရန်တာကို ပြုပြင်နိုင်ရေး မသေချာသေးသည့်အတွက် ကျောင်းသားမိဘများမှာ မိမိတို့၏ သားသမီးများ ကျောင်းထားနိုင်ရေး စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။
“အခုလို အန္တရာယ် ရှိတဲ့ အခြေအနေမျိုးမှာ ကျောင်းဆက်ထားဖို့ တော်တော် စိုးရိမ်မိတယ်။ ဒီကျောင်းက ပြင်သင့် နေပါပြီ။ အန်တီတို့ ငယ်ငယ်ကတည်းက တက်ခဲ့တဲ့ကျောင်း မပြင်ဘဲ သင်နေတော့ စိုးရိမ်ရတာပေါ့။ ကလေးတွေ အားလုံး အတွက် ကျောင်းကြီး ပြန်ပြင်သင့် နေပါပြီ” ဟု ကျောင်းသား တဦး၏ မိခင် ဒေါ်စန်းစန်းဌေးက ပြောသည်။