ရန်ကုန် သီလဝါ အထူး စီပွားရေးဇုန် ဒုတိယ စီမံကိန်း အတွက် ဟက်တာ ၂ ထောင် ဧရိယာ အတွင်းရှိ ရွှေပြည်သာယာ ကျေးရွာ အတွင်းမှ တဲအိမ် ၅ လုံးကို ကျူးကျော်တဲအိမ်များဟုဆိုကာ လာရောက် ဖျက်ဆီးသည့် အတွက် ဒေသခံများနှင့် အာဏာပိုင်များ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အုပ်ချုပ်ရေး အဖွဲ့တွေ၊ မီးသတ်တွေနဲ့ ရဲတွေက အကျိုးအကြောင်း ဘာမှ ကြိုတင် အကြောင်းမကြားဘဲ ဝင်ဖျက်တာ။ လုပ်ချင် တယ်ဆိုရင်လည်း အကြောင်းကြား အသိပေးစာတို့ပို့ပေါ့။ ဒီတဲတွေက ဒီမိုးတွင်းမှာ လယ်သမားတွေ လယ်လုပ်ဖို့ ဆောက်ထား တာ။ လယ်ထဲမှာ လယ်စောင့်တဲ ဆိုတာကတော့ ရှိမှာပေါ့ဗျာ” ဟု ရွှေပြည်သာယာရွာ ဒေသခံ ကိုစိုးသိမ်းက ဧရာဝတီကို ပြော သည်။
ဇွန်လ ၃ ရက် အရုဏ်တက်ချိန် နံနက် ၄ နာရီဝန်းကျင်တွင် လူအင်အား ၁၅၀ နီးပါးဖြင့် တဲအိမ်များကို လာဖျက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရွာသားများသိရှိ၍ ဖျက်ဆီးရာ နေရာသို့ ရောက်ရှိချိန်တွင် ပဋိပက္ခဖြစ်ပွားပြီး ၎င်းတို့က ပြန်ထွက်သွားကြောင်း ဒေသခံများက ပြော ဆို သည်။
သီလဝါစီမံကိန်း အတွက် စစ်တမ်းများ ကောက်ယူခဲ့ပြီးနောက် မေ ၂၉ ရက် နေ့လယ်ပိုင်းတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူ အင်အား တချို့ရောက်လာပြီး လယ်တော အတွင်းရှိ လယ်စောင့်တဲများကို လာရောက် ဖျက်ကြသည့် ဖြစ်ရပ်လည်း ရှိခဲ့ကြောင်း ကိုစိုးသိမ်းက ဆက်ပြောသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ရွှေပြည်သာယာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအေးလွင်က “ကျနော်တို့လည်း ကိုယ့်လူတွေ ထိခိုက်မှာမျိုး တော့ ဘယ်လုပ်ချင်ပါ့မလဲ။ ကိုယ့်လူတွေ ကိုယ်တိုင်က ကျူးကျော်တာတွေ ထပ်လုပ်ထားတာ။ ဖျက်ဖို့လည်း အကြိမ်ကြိမ် ပြော ထားပြီးပြီ။ ဒါပေမယ့် ဆက်လုပ် နေတုန်းဆိုတော့ အထက်ကလည်း ဒီကိစ္စကို ညွှန်ကြားတာပေါ့။ ကျနော်တို့ အုပ်ချုပ်ရေး ပိုင်းက အထက်ညွှန်ကြားတာကို မလုပ်လို့မှ မရတာ။ အခုစီမံကိန်းရဲ့ ဒုတိယ အဆင့် ဟက်တာ ၂ ထောင်ထဲက ကျေးရွာ၊ ရပ်ကွက် တချို့မှာ ကျူးကျော်တဲတွေ ရှိနေတယ်”ဟု ပြောဆိုသည်။
စီမံကိန်း စာရင်းကောက်ယူပြီး နောက်ပိုင်းတွင် ထပ်မံကျူးကျော် ဆောက်လုပ်သည့် နေအိမ်၊ တဲများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ အလုပ်သမားရေးရာ ဝန်ကြီး ဦးစိုးမင်းက မိမိတို့ အနေဖြင့် မူလ ကောက်ယူထားသော စာရင်းများကိုသာ အတည်ပြုထားသည်ဟု ပြောသည်။
“အဲဒီ ဒေသက မိဘပြည်သူတွေနဲ့ တွေ့တိုင်း ပြောပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အိမ်တွေ ထပ်ဆောက်တာ တွေ့ရင် ကျနော်တို့ကို အကြောင်းကြားပါ။ အဲဒီလို ဆောက်တာကိုလည်း ကိုယ်တိုင်လည်း မလုပ်ဖို့၊ တခြားလူတွေ လာလုပ်ရင်လည်း လက်မခံဖို့ ပြော ထားပြီးသား။ တကယ် နစ်နာစရာ ဖြစ်လာရင် မူလလူတွေပဲ နစ်နာမှာ။ ဒီအချိန်မှာ အခွင့်အရေးသမားတွေက အမြဲချောင်းနေကြ တယ်”ဟုလည်း ၎င်းက ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာသည် ဟက်တာ ၂၄၀၀ ရှိပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း အရ ပထမဆုံး လျော်ကြေးပေး ရှင်းလင်းရမည့် ဧရိယာ ဟက်တာ ၄၀၀ ထဲတွင် ဘုရားကုန်း၊ အလွမ်းဆွတ်၊ ဖလန်း (အေးမြသီတာ)၊ ရွှေပြည်သာယာရွာ (သီလဝါ)၊ တရာကုန်း၊ ကယက်သီတာမြိုင် စသည့် ကျေးရွာတို့ ပါဝင်ကြောင်း သိရသည်။