မြောက်ကိုရီးယား နိုင်ငံမှထွက်ပြေးလာသူ ၁၃ ဦးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ ချင်းစန် ဒေသမှာ ထိုင်းလူဝင်မှု ကြီးကြပ် ရေး အာဏာပိုင်တွေက ဇွန် ၈ ရက်က ဖမ်းဆီးလိုက်တယ်လို့ Ching Mai today အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။
ယင်းမြောက်ကိုရီးယားတွေကို ထိုင်းနိုင်ငံပိုင်နက် မဲခေါင် မြစ်ကမ်း လာအိုလှေတစီးပေါ်က ဖမ်းဆီး ရမိတာဖြစ်ပြီး သူတို့ဟာ လူဝင် မှု ကြီးကြပ်ရေး အရာရှိတွေက လှေကို ချဉ်းကပ်လာချိန်မှာ အဖမ်းခံရခြင်း ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံ ဟမ်ယုန်ဘုခ်တောမြို့က ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ကို ဦးတည် ထွက်ပြေး လာခဲ့ကြတယ်လို့ အဆိုပါ သတင်းမှာ ပါရှိပါတယ်။
အဖမ်းခံရသူများဟာ အမျိုးသမီးတွေချည်း ဖြစ်ပြီး အများစုဟာ အသက် ၁၉ နှစ်မှ ၂၉ နှစ် အရွယ်တွေ ဖြစ်ကြပါတယ်။ ထိုင်း ဘာသာ နဲ့ ထုတ်ဝေတဲ့ Khaosod သတင်းဌာနရဲ့ သတင်း တရပ်မှာတော့ သူတို့ဟာ ခြေလျင် ခရီးကြမ်း ထွက်ပြေးလာရင်း ထိုင်း၊ လာအို နယ်စပ်တွေကို ဖြတ်သန်းဖို့ ကြိုးစားစဉ်မှာ အခုလို ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မြောက်ကိုရီးယားတွေကို ထိုင်းအာဏာပိုင်တွေက ဆက်လက် စုံစမ်း စစ်ဆေးသွားပြီး ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲဆို သွားမယ်လို့ သတင်းက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အနီးမှာလည်း မြောက်ကိုရီးယားက ထွက်ပြေးလာသူ တစုကို ဖမ်းဆီးရမိခဲ့ဖူးပါတယ်။
အဲဒီအချိန်က ဖမ်းဆီးရမိသူတွေဟာ တောင်ကိုရီးယားကို သွားဖို့ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေ ပေါ်ထွက်ခဲ့ပြီး တောင်ကိုရီးယား သံတမန် တချို့လည်း လာရောက် ခေါ်ယူသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ဖူးပါတယ်။
မြောက်ကိုရီးယား နိုင်ငံမှာ စိုက်ပျိုးရေး၊ စားဝတ်နေရေး အဆင်မပြေတာအပြင် ဆင်းရဲ နွမ်းပါးမှုတွေကြောင့် နှစ်စဉ် နိုင်ငံကနေ အသက်နဲ့ ရင်းပြီး ထွက်ပြေးသူတွေ ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယား အာဏာပိုင်များကတော့ ထွက်ပြေးသူတွေကို ဖမ်းမိရင် ချက်ချင်း သုတ်သင်ပစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။