နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေ မူကြမ်းကို သဘောတူ ထောက်ခံခြင်း မရှိကြောင်း ကန့်ကွက်ခဲ့သူ တချို့ကို ၎င်း တို့၏ ဖေ့စ်ဘုတ် စာမျက်နှာများ၊ ဖုန်း၊ မက်ဆေ့ချ်များမှ တဆင့် ခြိမ်းခြောက်စာများ၊ သရော်စာများဖြင့် နှောင့်ယှက် ခြိမ်းခြောက် ခံနေရကြောင်း သိရသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ မခွန်ဂျာက “မန္တလေးကို လာရဲရင် လာကြည့်လို့ ဖုန်းဆက်တယ်၊ အစကတော့ ဘာများပြော တာ မှားသွားသလဲလို့ ထင်တာ၊ နောက်တော့ ဖုန်းပိတ်လိုက်တယ်။ အမျိုးစောင့် ဥပဒေကြမ်းကို ကန့်ကွက်ပြီး ၂ ပတ် လောက် အကြာမှာ စပြီးတော့ အဲဒီလို စာတွေ၊ ဖုန်းတွေ ရောက်လာတာပဲ”ဟု ပြောသည်။
Equality Myanmar အဖွဲ့မှ ဦးအောင်မျိုးမင်း၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဒေါ်ရွှေရွှေစိန်လတ်၊ ကျား၊ မ တန်း တူ ညီမျှရေး ကွန်ရက်မှ မမေစံပယ်ဖြူနှင့် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း၏ CEC မဇင်မာအောင် တို့ကို ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာများ၊ ဖုန်းနှင့် Viber မက်ဆေ့ချ်များမှတဆင့် ခြိမ်းခြောက်ခြင်း၊ သရော်ခြင်းများ ပြုလုပ်နေသည်ဟု ကာယကံရှင်များက ပြောဆိုသည်။
မခွန်ဂျာအား ဆက်သွယ်ခဲ့သည့် ဖုန်းနံပါတ်များတွင် ထိုင်း၊ မလေးရှားနှင့် မြန်မာနိုင်ငံတွင်းမှ ဖုန်းနံပါတ်များ ဖြစ်ပြီး ည သန်း ခေါင် အချိန်တွင် မက်ဆေ့ချ်များ ပို့ခြင်း၊ ဖုန်းဆက်ခြင်းများ ပြုလုပ်၍ နှောင့်ယှက် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အလားတူ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း၏ CEC မဇင်မာအောင်ကို မေလ ၂၀ ရက် ကျော်ကတည်းက ဖုန်း၊ မက်ဆေ့ချ်များဖြင့် လည်းကောင်း၊ Viber မှ လည်းကောင်း “အမျိုးသားရေးလောက် သစ္စာဖောက်”၊ “ဗုဒ္ဓဘာသာ အရေခြုံပြီး နောက်ကွယ်မှာ ကုလားနဲ့ မီးလင်းနေတာ မဟုတ်လား” စသည့် မက်ဆေ့ချ် များကို ဆက်တိုက် ပေးပို့ခံနေရသည်မှာ ယနေ့အထိ ဖြစ်သည်ဟု ပြောသည်။
“စိတ်ဓာတ်ရေးရာကို တိုက်ခိုက်ချင်တာ၊ တခါ ဖုန်းဆက်လို့ ကိုင်မိတော့ ဘယ်က ဆက်သလဲ မေးတော့ မန္တလေးကလို့ ပြော တယ်၊ နာမည်မေးရင် မပြောဘူး၊ ခပ်ရိုင်းရိုင်းတွေ ပြောတာ ပါတယ်၊ အမျိုးဖျက်သူကို သတ်မယ် ဆိုတဲ့ Viber အကောင့်နဲ့လည်း ပို့တာတွေ ရှိတယ်၊ ကျမကတော့ တခြားသူတွေနဲ့ တိုင်ပင်ပြီး ဥပဒေအရ လုပ်သွားဖို့ ရှိတယ်၊ ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ သဘောမျိုး ဖြစ်မယ်လို့ ယူဆတယ်”ဟု မဇင်မာအောင်က ဆိုသည်။
Equality Myanmar မှ ဦးအောင်မျိုးမင်း ကလည်း“အကောင့်ကို Hacking လုပ်ခံထိတာ သေချာသွားပါပြီ။ အခုတော့ ပြန်ပြင် လိုက်ပါပြီ။ Security ကို မြှင့်လိုက်ပါပြီ။ အခုတလော ဖုန်းတွေ၊ SMS တွေကနေ ခြိမ်းခြောက်စာတွေ လာနေတယ်။ ထူးထူးခြားခြား FB ကို Hack လုပ်ခံ ထိတယ်။ လူမမြင်ရဘဲ အောက်လမ်းနည်းနဲ့သုံး တိုက်ခိုက်တာ လက်မခံပါဘူး”ဟု ၎င်း၏ ဖေ့စ် ဘုတ် စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
နေပြည်တော်တွင် လွှတ်တော်ရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် မဇင်မာအောင်၊ ဦးအောင်မျိုးမင်း၊ မရွှေရွှေစိန်လတ်နှင့် မသင်းသင်းအောင် စသည့် လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့ဝင် ၁၁ ဦး ဇွန်လ ၁၁ ရက်တွင် တွေ့ဆုံကာ လွှတ်တော်အတွင်း၌ မကြာမီ ဆွေးနွေးတော့မည့် အမျိုးစောင့် ဥပဒေမူကြမ်း ကိစ္စအပါအဝင် ကိစ္စ တချို့ကို တာ ဝန် ရှိသူများနှင့် ဆွေးနွေးကြရန် ရှိသည်ဟု မဇင်မာအောင်က ဆိုသည်။
ယင်းအခြေအနေ အပေါ် အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ်လ်က “ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲခွင့်နှင့် ပြော ဆိုမှုများ အပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုတွေဟာ အခြေတည် ဖွံ့ဖြိုးစ ဒီမိုကရေစီ အားကောင်းမှုကို လွန်လွန်ကဲကဲ အန္တရာယ် ရှိစေပြီး လုံးဝ သည်းမခံသင့်ဘူး။ ပွင့်လင်းပြီး ဆွေးနွေး ညှိနှိုင်းမှုကို အားပေးတဲ့ လူမှုအခြေပြု အဖွဲ့အစည်းသစ်ကို လို လားသူတိုင်း ဒီ (ခြိမ်းခြောက်ခံ) အမျိုးသမီးတွေဘက်က ရပ်တည် သင့်ပါတယ်၊ ဒီလို ခြိမ်းခြောက်မှုတွေကို ရှုတ်လည်းရှုတ်ချ သင့်ပါတယ်၊ အတွေးအမြင်နဲ့ သဘောထားတွေကို ကြောက်ရွံ့မှု မရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ် ပေးရုံတင် မကဘဲ အားပေးသင့်ပါတယ်”ဟု ပြောဆိုသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက်မြန်မာပြည်)က ဖန်တီးအိမ်လူမှု့ အဖွဲ့အစည်း ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်နှင့် ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အပါအဝင် လူမှု အဖွဲ့အစည်း ၉၇ ဖွဲ့ကျော်အား အမျိုးသားရေး သစ္စာဖောက်များ အဖြစ် သတ်မှတ်သည်ဟု မေလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိတွင် အမျိုးစောင့် ဥပဒေမူကြမ်းကို ကန့်ကွက်နေသည့် အဖွဲ့ ၁၁၀ ကျော် ရှိနေပြီး ၎င်းတို့က (စီဒေါ) သဘောတူညီချက်ပါ အခြေခံမူများနှင့် အညီ ကျားမတန်းတူ ညီမျှမှုကို ဖော်ဆောင်သော၊ ဒီမိုကရေစီ အခြေခံ သဘောတရားများ ပြည့်ဝသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ်ကို ရေးဆွဲ ပြဌာန်းနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ တည်ဆဲ ဥပဒေများအား လေ့ လာ ဆန်းစစ်ပြီး အမျိုးသမီးများအား ခွဲခြားထားသော ဥပဒေများအား ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေအသစ် ရေးဆွဲခြင်း တို့ကို လုပ်ဆောင် သွားမည်ဟု ကြေညာထားသည်။