ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်နဲ့ ထိုင်း ဘုရင့်တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ထနာဆက် (Genaral Thanasak Patimaprakorn) တို့တွေ့ဆုံပြီး မြန်မာ အလုပ်သမားတွေကို မဖမ်းဆီးဖို့နဲ့ တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီး ထနာဆက် အပါအဝင် အလုပ်သမားတွေကို တရားဝင် စနစ်တကျ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် စစ်တပ်က ဦး ဆောင် ဖွဲ့စည်းထားတဲ့ အဖွဲ့မှ တာဝန်ရှိသူတွေလည်း ပါဝင်ပြီး ဘန်ကောက်မြို့မှာ ဇွန်လ ၆ ရက်နေ့က တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင် က ဧရာဝတီကို ပြောပါတယ်။
“မြန်မာ အလုပ်သမားတွေ ဗီဇာကျော်တာတို့၊ သက်တမ်းကျော်တာတို့ကို မဖမ်းဖို့ လုပ်နေပါတယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးခဲ့ ပါတယ်။ သူတို့ကလည်း လောလောဆယ် ဗီဇာသက်တမ်းတိုးပေးပြီးတော့ မဖမ်းပါဘူး။ စာရွက်စာတမ်း အစုံရှိအောင်ပဲ ကြိုးစား ပေး ပါလို့ အဲဒီလိုပဲပြောပါတယ်”လို့ သံအမတ်ကြီး ဦးဝင်းမောင် က ပြောဆိုပါတယ်။
ဒါ့အပြင် ထိုင်းစစ်အစိုးရအနေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ ပညာရေး အပါအဝင် ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ ရအောင် လုပ်ဆောင်နေကြောင်းလည်း နှစ်ဘက်တွေ့ဆုံချိန်မှာ ထိုင်းတာဝန်ရှိသူတွေက ပြောဆိုကြောင်း သံအမတ်ကြီးကပြော ပါတယ်။
ထိုင်းအစိုးရက တရားမဝင် အလုပ်သမားတွေ ဖမ်းဆီးမှုပြုလုပ်ရာမှာ အထောက်အထား အပြည့်အစုံရှိတဲ့ မြန်မာ အလုပ်သမား
တချို့ပါဖမ်းဆီးခံရတာ ရှိနေတယ်ဆိုပြီး မြန်မာ အလုပ်သမားတွေကြားမှာ ပြောဆိုနေကြပါတယ်။
ဒီဖမ်းဆီးမှုတွေမှာ မြန်မာ သံရုံးနဲ့ မြန်မာအစိုးရတို့က နှုတ်ဆိတ်နေတယ် ဆိုပြီးတော့လည်း အလုပ်သမားတွေက လူမှု ကွန်ရက် Facebook စာမျက်နှာတွေပေါ်ကတဆင့် ဝေဖန်ပြစ်တင် နေကြတာကိုလည်း တွေ့ရပါတယ်။
မြန်မာသံရုံးကတော့ တရားဝင် အထောက်အထား အပြည့်အစုံ ရှိရဲ့နဲ့ ဖမ်းဆီးမှုတွေရှိနေရင် သံရုံးကို အကြောင်းကြား ဆက်သွယ် ဖို့ ဖုန်းနံပါတ်တွေနဲ့ အတူ ထုတ်ပြန်ထားသလို ဆက်သွယ်လာရင်လည်း ဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။
“လောလောဆယ် ဘန်ကောက်မှာတော့ (အဖမ်းအဆီး) မရှိပါဘူး။ အဲဒိ ချင်းမိုင်မှာလည်း ဟိုတလောက ဖမ်းတဲ့ဥစ္စာကို ပြော လိုက် တဲ့အခါမှာ သူတို့ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောပါတယ်”လို့ သံအမတ်ကြီး ဦးဝင်းမောင် က ပြောပြပါတယ်။
ဇွန်လ ၁၁ ရက်နေ့လောက်ကစပြီး ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ တရားဝင် အထောက်အထားမရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် ကမ္ဘောဒီးယား နိုင်ငံသား ၁ သိန်း ၂ သောင်းကျော် နေရပ်ပြန်ကုန်ပြီဖြစ်ပြီး မြန်မာ အလုပ်သမား တွေကလည်း ဖမ်းဆီးမှုတွေအပေါ် စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံခြားသား အလုပ်သမားတွေ အစုလိုက် အပြုံလိုက် နေရပ်ရင်းပြန်နေတဲ့ အတွက် ထိုင်းစီးပွားရေးကို ထိ ခိုက်မှာ စိုးရိမ်ကြောင်း၊ အလုပ်သမားတွေကို လုပ်ခလစာမပေးလိုသူတွေက ကောလာဟလ သတင်းတွေထုတ်ပြန်ပြီး အလုပ် သမား တွေ နေရပ်ရင်းပြန်အောင် လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေရှိကြောင်း အာဏာသိမ်း စစ်အစိုးရက အမိန့်ထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် အဖွဲ့အစည်းတချို့ အကျိုးအမြတ်ရရှိဖို့ရာ အတွက် အလုပ်သမားတွေ နေရပ်ရင်းပြန်ရေး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြ သူတွေလည်းရှိပြီး အဲဒီလိုလုပ်ရပ်တွေနဲ့ တွေ့ကြုံရရင် စစ်တပ်ကို အမြန်ဆုံးအကြောင်းကြားဖို့လည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိထိုင်း အစိုးရအနေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် လုံခြုံရေး၊ မူးယစ်ဆေးဝါး မပြန့်ပွားရေးနဲ့ မှုခင်းပြဿနာ မပေါ်ပေါက်ရေး၊ အလုပ်သမားတွေအပေါ် အနိုင်ကျင့်မခံရဖို့နဲ့ လုပ်အားခ အပြည့်အဝရရှိရေး၊ လူသားချင်းစာနာမှု အခွင့်အရေးများရရှိရေးတွေအတွက် စနစ်နကျ ရှိအောင်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ထိုင်းမှာရှိတဲ့ မြန်မာ အလုပ်သမားတွေ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင် ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်တွေကိုလည်း ဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။